ဗလာဖြစ်နေခြင်းကို သိရှိခံစားနိုင်ခြင်းက
ဗလာသေချာရဲ့လားမသိပေမယ့်
ခံစားချက်ဗလာ
နာကျင်ချက်ဗလာ
၀မ်းနည်းဝမ်းသာ …. အင်း .. ဗလာပဲထားလိုက်မယ် ဗလာဗလာ
ဘူတာနဲ့ ရထားမဟုတ်လေတော့
နုတ်ဆက်ခွဲခွာခြင်းဆိုတာ
ဗလာချင်မှဗလာမှာ ဆိုပေမယ့် … ဗလာလိုက်မယ်
ဗလာမဟုတ်တော့တဲ့ ဗလာစာအုပ်ထဲက
စကားလုံးတွေလဲ အဓိပ္ပါယ်မဲ့လို့ ဘာကိုမှကိုယ်စားမပြုနိုင်တော့ ဗလာ…..
အသည်းအသန် ဆေးလိပ်သောက်ချင်နေချိန်မှာ
အာရုံပြောင်းဖို့ ကော်ဖီတစ်ခွက်ဖျော်သောက်လိုက်ရသလို
မျိုချလိုက်ရတာတွေက မချင့်မရဲ အားမလိုအားမရ အရသာဗလာ…..
အနာဂါတ်ဗလာဖြစ်ဖန်များတဲ့လတွေမှာ
လကုန်ဖို့ နောက်ဆုံးအပတ်၊ သို့မဟုတ် ဒုတိယအပတ်
ပိုက်ဆံအိတ်ထဲ ခြင်္သေ့ဗလာ ဆင်ဗလာ
သင်္ချာလဲ တော်ခဲ့တယ်မဟုတ်တော့
ပေါင်းနုတ်မြှောက်စားလိုက်ရင် ရလာဒ်ကအဲဗား ဗလာ…..
နာမ်မရှိတဲ့ ၀ိဉာဉ်တွေ
၀ိဉာဉ်မရှိတဲ့ သွေးစုပ်ဖုတ်ကောင်တွေ
သွေးမရှိတဲ့ မကောင်းဆိုးဝါးတွေတောင်
စွဲလမ်းစိတ်တော့ ရှိကြတယ်ဆိုပဲ
အမှတ်မရှိတဲ့ လူသားမို့လို့
ဗလာပဲ ထားလိုက်တော့မယ် ဖြစ်လား
ဖြစ်လားလို့မေးနေတယ်
ဗလာလိုက်စမ်း ဗလာလိုက်စမ်းပါ။
ဘဝင်ကို ခုတ်ထစ်သတ်ဖြတ်ခဲ့သော
အမျိုးအမည်မသိ ဓါးသိုင်းဇာတ်လမ်းတွဲတွေ မေ့ပြီလို့ ထားလိုက်မယ်
အာရုံကို လုပ်ကြံနှစ်မြုပ်ခဲ့သော
လျို့ဝှက်သည်းဖို စုံထောက်ဇာတ်လမ်းတွဲတွေ မေ့ပြီလို့ ထားလိုက်မယ်
အမြန်ရိုက်ပတ်စပို့ပုံနဲ့
ရက်လများစွာဆွဲရတဲ့ ပုံတူကား မယှဉ်နဲ့ဆိုပေမယ့်
အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး
တန်ဖိုးဆိုတာ ကွာတယ်။
မရည်ရွယ်လိုတော့ပါဘူး
တရက်ပြီးတရက်
ဗလာပြီးရင်း ဗလာရင်း
နေရင်းထိုင်ရင်း သွားရင်းလာရင်း
ဗလာလိုက်တော့မယ်…. ဗလာလိုက်မယ်…. ဗလာကိုဗလာရလိမ့်မယ်လေ….။
(ဂယက်)
No comments:
Post a Comment