Sunday, January 18, 2015

မာရသွန်နာ စစ်စစ်ဖြစ်ခဲ့ခြင်း



ပြီးခဲ့တဲ့နှစ်တွေက ဘယ်လိုဖြတ်သန်းခဲ့သလဲဆိုတာလေး အရင်ဖတ်ကြည့်စေလိုပါတယ်။
http://frozendarkmatter.blogspot.com/2014/01/marathoner.html

ဆိုတော့ကာ .. 
ဆိုခဲ့သလိုပါပဲပေါ့နော် … ကျွန်တော့်ရဲ့ တနှစ်ပတ်လုံး စိတ်ကူးယဉ်ခဲ့တဲ့ full marathon ကတော့ ရောက်ရှိလာခဲ့ပါပြီ။ ယခင်နှစ်တွေကထက် ပိုပြီးတော့တက်ကြွစွာနဲ့ ၃ လ ကျော် ၄ လလောက်ကထဲက training ဆင်းဖြစ်ပါတယ်။ ကြောက်တာပေါ့ .. တကယ့်မာရသွန်အစစ်ကို ပြေးရမှာကိုးဗျ။

တဖြည်းဖြည်းချင်း training ကို တင်သွားလိုက်တာ မပြေးခင် ၃ ပတ်အလိုမှာ ပြည်သူ့ရင်ပြင်ကို သုံးပတ်တိတိ မနားတမ်းပြေးကြည့်လိုက်တာ အဆင်တော့ပြေသား .. အားတက်သွားတယ် .. ငါအခြေအနေကောင်းပြီပေါ့ .. အမောလဲလုံသွားပြီ  ခြေထောက်လဲမနာဘူး။ အိမ်ရောက်လို့လှေခါးထစ်လဲတက်ရော … ကလစ် .. ကလစ်နဲ့ အသံကြားတယ် .. ဘယ်ကလဲ .. ဖိနပ်အောက်မှာ ခဲညှပ်တာနဲ့တူတယ် .. ကလစ် .. ကျယ်တယ်ဟ မဟုတ်သေးဘူး .. ခေါင်းလေးငုံ့လို့ နောက်တလှမ်းတက်လိုက်တယ် .. ကလစ် .. အာယာ .. ဒူးခေါင်းထဲက မြည်ဟည်းသံပါကလား … ။ သွားချေပြီထင်ပါရဲ့ … ။ တရုတ်ဆေး မြန်မာဆေးတွေလဲ သိပ်မယုံကြည်တာကြောင့် ဘာဆေးခန်းမှမပြဖြစ်ပါဘူး .. မိတ်ဆွေ ဆရာဝန်တစ်ယောက် အွန်လိုင်းကနေ ပြောတဲ့ဆေးပဲ ၀ယ်သောက်ပြီး ဆက်ပြေးပါတယ်။ မာရသွန်အပြည့် ပြေးရမှာဆိုတော့ training ကို မလျှော့ချင်ဘူးလေ။

လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက ပြေးဖို့ကောင်းနိုးရာရာ adidas  ဖိနပ်ကို ၂၀၀၀၀၀ တိတိ ပေးဝယ်ထားခဲ့ပေမယ့် အဲသည်ဖိနပ်က ရေတိုပြေးရင် မြောက်ကြွကြွဖြစ်ပေမယ့် ကြာလာတာနဲ့ လေးသလိုခံစားရတာကြောင့် ပြေးခါနီး ၂ လလောက်မှာ minimal ဖြစ်တဲ့ ပေါ့ပေါ့ပါးပါး skechers နောက်တစ်ရံကို ထပ်ဝယ်ခဲ့ရပါတယ်။ ပြေးတာဟာ စျေးအပေါဆုံး အားကစားလို့ ဘယ်သူပြောလဲ .. ကျွန်တော်ကုန်တာ ၃ သိန်းဗျ။ ဆိုပါတော့ အဲသည်ဖိနပ်တွေကျေးဇူးနဲ့ သူများတွေဖြစ်တတ်ကြတဲ့  ခြေထောက်ပေါက်တာ ပွန်းတာတွေကို မဖြစ်သလောက် သက်သာခဲ့တယ်ပေါ့ဗျာ။

ဒူးခေါင်းက အသံမြည်နေတာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်ချက်နည်းနေရတဲ့အထဲမှာ ပြိုင်ပွဲစဖို့ ၃ ရက်အလိုမှာ ဗိုက်အောင့်လာတော့ ဒီတိုင်းကြိတ်နေနေသေးတယ်၊ နောက် ၁ ရက်မှတော့ အမေ့ကိုပြောပြတော့ ဆေးခန်းလဲမသွားချင်တာနဲ့ ရောဂါလက္ခဏာကိုပြောပြပြီး အမေ့ကို ဆေးယူခိုင်းလိုက်တယ်။ သောက်တယ် .. မသက်သာဘူး .. ရင်ခေါင်းထဲကအောင့်ပြီး အစာမဝင် .. ။ ဒီလိုနဲ့ နောက်နေ့တော့ ဆေးခန်းရောက် .. ။ ဆရာဝန်ပြော .. အစာအိမ်ယောင် .. မနက်ဖြန်ပြေးမယ်ပြော .. မပြေးရန်တား .. ။ ဘာဖြစ်နိုင်လဲမေး .. ဆိုးဆိုးဝါးဝါး မဖြစ်နိုင်ရင် ပြေးမယ်ဆိုပြီး ပြန်လာ။
အနာနဲ့ဆေးတည့်တော့လဲ တရက်ထဲနဲ့ပဲ အောင့်တာသက်သာပေမယ်လို့ ထမင်းတော့စားမရဘူးဗျ။ မနက်ဖြန်ဆို ပြေးပွဲ။ ကြိတ်မယ်ကွာ .. ခုချိန်မှ လက်လျှော့လိုက်ရင် တနှစ်လုံး ခဲထားသမျှ အလကားဖြစ်တော့မယ်။ ကျွန်တော်နဲ့အတူ ပြေးကြမယ့်သူတွေကို ဆေးထိုးလိုက် အဲလေ အားပေးလိုက် . .ကိုယ့်ကိုလဲ သူများက ပြန်အားပေးလိုက်နဲ့ .. လုံးလည်ချာလည်ပေါ့လေ။ နဂိုကတည်းကမှ မရွံ့မရဲဖြစ်နေရတဲ့အထဲ ပြေးခါနီးဆို တခုခုကို ဖြစ်ရမှ .. ။

မပြေးခင်တရက်အလိုမှာ ရုံးမှာ သူဌေးက energy gel နဲ့ အားဆေးတွေတိုက်ပါတယ်။ မနက်ဖြန် … မနက်ဖြန် .. ။ စဉ်းစားရင်းနဲ့ ညဖက် ဘယ်လိုမှ အိပ်မပျော်ဖြစ်နေတယ် ..။ စိတ်လှုပ်ရှားနေတာလဲ အိမ်ကိုသိပ်မပြောရဲ .. ကိုယ်ဖြစ်နေပုံကိုမြင်ရင် ချူနာပါနာနဲ့ဆိုပြီး ပြေးခိုင်းမှာတောင်မဟုတ်ဘူး။ 

http://yomayangonmarathon.com/index.php?page=categories

ဘာပဲပြောပြော .. ပြေးပွဲစတင်မယ့် သုဝဏ္ဏကွင်းကို ရောက်ခဲ့ပြီဗျာ ..။ အရင်နှစ်တွေကဆို .. သူများတွေ ၄၂ ကီလို တာလွှတ်တာကြည့်ပြီးမှ ကိုယ်တွေအလှည့် .. ။ ဒီနှစ်တော့ ကိုယ်တွေက ပထမဆုံး တာစလွှတ်တဲ့နေရာထဲ ၀င်ရတော့ .. ဘယ်လိုပြောရမလဲကိုမသိပါဘူး .. တမျိုးကြီး။ လက်ကဖုန်းကိုလဲ gps ဖွင့် .. အချိန်မှတ်ဖို့ပြင် .. ဘောင်းဘီအိတ်ထဲမှာ ပိုက်ဆံအချို့ energy gel, salt tablet .. မရှိမဖြစ် လိုအပ်မှာတွေ စစ်ဆေး။ အကြောက တင်းချင်းလာသလိုလို .. မပြေးခင်ပဲ ညောင်းလာသလိုလိုနဲ့ ။
ဟိုလိုလို ဒီလိုလို ယောင်စိန်ဖြစ်နေရင်း .. ကဲ … ပြေးပါပြီဗျာ .. တာစလွှတ်ပါပြီ .. ။ training ဆင်းထားတဲ့ အခံလေးရှိတာကြောင့် 16km လောက်ကိုတော့ သာသာယာယာ .. (မောတော့မောသော်ငြား) ပြေးနိုင်ပါသေးတယ်။ 20 km အကျော်မှာတော့ နာကျင်မှုက စပါပြီ။ salt tablet ကို water station လှမ်းတွေ့တာနဲ့ ပါးစပ်ထဲငုံထားပြီး ရေခွက်လှမ်းယူ မော့ချ .. ။ နဲနဲတော့ နေသာသွားသလိုလို။ … 

25km လောက်ရောက်တော့ အတော်ပြဲကားနာကျင် .. energy gel တစ်ထုပ်ဖေါက်စားတော့ တခါထဲနဲ့ မျိုမချနိုင်တာကြောင့် အထုပ်ကလေး ကိုင်ပြေးတော့ လမ်းဘေးကလူတွေ စပ်စုကြတယ် .. ဘာထုပ်တွေကိုင်ပြေးကြပါလိမ့်ဆိုပြီး။ အဲဒါလေးတွေကယ်နေလို့ လူက လုံးဝကြီး ဒေါင်းသွားမယ့်နေရာမှာ ယဲ့ယဲ့ ကျန်နေအောင် ကျားကန်ပေးထားလိုက်သလိုပဲဗျ။ ပြေးလာတာ ၂ နာရီခွဲကျော်လာပြီ .. ဗိုက်ကလဲဆာလာပြီ .. လှုပ်စိလှုပ်စိနဲ့ ကြိတ်ပြေးနေရတုန်း .. ။ ဒီလိုနဲ့ 31km မှာ ငှက်ပျောသီးကြွေးတော့ တစ်ကိုက်လောက်မျိုချလိုက်မှ နေသာထိုင်သာရှိပါတယ်။ 

လက်ကျန်အချိန် ၃ နာရီလောက်အလိုမှာ  30km ကျော်ပြီဆိုတော့ စိတ်တော့နဲနဲသက်သာပေမယ်လို့ တစ်လှမ်းလှမ်းလိုက်တိုင်း အီဆိမ့်နေတဲ့ ခံစားချက်က ဘယ်လိုမှမေ့မရဘူးဗျာ။ နဲနဲပြေးလိုက်ပြီး ရပ်လိုက်တာနဲ့ ကြွက်တက်ချင်သလိုလိုဖြစ်လို့ လမ်းပေါ်ထိုင်ထိုင်ချယူရတယ်။ ဒီလိုနဲ့ပါပဲ .. ကိုယ့်နာကျင်မှုကိုယ်အံကြိတ်ခံရင်း လျှောက်ပြေးလျှောက်ပြေးနဲ့ ပြေးချိန် ၆နာရီ ၁၁ မိနစ်မှာ ပန်းဝင်ခဲ့တယ်လို့ပဲ ဆိုကြပါစို့ရဲ့ … ။ ကျွန်တော်လုပ်နိုင်ခဲ့ပြီပေါ့ .. ။ ဒါဟာ စံချိန်ကောင်းတစ်ခုမဟုတ်ပေမယ့် .. အားကစားဆိုတာနဲ့ ငယ်ငယ်ကတည်းက ဟုတ်တိပတ်တိ မနီးစပ်ဖူးတဲ့ ကျွန်တော့်အတွက်တော့ အောင်မြင်မှုတစ်ခုဆိုတာထက် ပို အဓိပ္ပါယ်ရှိပါတယ်။

ဒါပေမယ့် ပေါ့ဗျာ ... ပြေးပြီးတဲ့ ၃ ရက်လောက်မှာပေါ့ .. အိမ်က ပေါင်ချိန်စက်ကို မရွံ့မရဲ ထုတ်။ ဖုန်သုတ်။ အသာလေး .... တက်တယ် .. လှုပ်နေတဲ့လက်တံတွေ ငြိမ်သွားတဲ့အခါ .. ဖြည်းဖြည်းချင်း ကြည့်လိုက်တော့ .. အာဟာ .. 120lb တဲ့ .. ။ တေလေ ..။ အဲဒါကြောင့် တချို့သယ်ရင်းတွေ အားပေးတာကိုး .. နင်ပြေးတာ အရိုးခြောက်လေလွင့်လာသလိုပဲတဲ့။ သားက training ပိနေလို့ပါဆို .. အရင် gym ဆော့တုန်းက 135lb ရှိပါတယ်လို့ ။ တော်ပြီဗျာ .. ပေါင်ချိန်ကျမယ့် အလုပ်တွေ လုပ်တော့ဘူး။

နောက်နှစ်တွေမှာတော့ ပြေးပြီးနောက်ပိုင်း နာကျင်ခံစားရမှုကို ကြောက်တာကြောင့် မပြေးတော့ပဲ တခြားသူတွေကို အားပေးရင်း ဓါတ်ပုံရိုက်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။ muscle pain ဆိုရင် ခံသာပေမယ့် ထင်ထားသလို ဒူးခေါင်းက ဒုက္ခမပေးပဲနဲ့ ခြေဆစ် joint တွေ ဒါဏ်ဖြစ်သွားတာကြောင့် ၁ ပတ်ကြာတဲ့အထိ လမ်းလျှောက် လှေခါးတက် ခံစားနေရတုန်း။  မည်သို့ပင်ဖြစ်စေ အနားယူဖို့ စဉ်းစားထားသော်လည်း .. နောက်နှစ် ပြိုင်ပွဲနား နီးကပ်လာလို့ သူသူငါငါ .. ပိုးထသလို ကိုယ်ပါ ရောယောင်ပိုးဝင်သွားရင်လဲ .. အလွန်ဆုံး ၂၁ သို့မဟုတ် ၁၀ ပဲ ပြေးတော့မယ်လို့ .. ။ အောင်မြင်သွားပြီမှတ်လား ဟဲဟဲ …:)

1 comment:

  1. မပြေးနဲ့တော့ ������

    ReplyDelete