Friday, February 14, 2014

ရယ်သံ

စကားလုံးလက်ဝါးနဲ့
မင်းဖြတ်ရိုက်ခဲ့တဲ့ ပါးတစ်စုံပေါ်မှာ
ထပ်စီးကျလာစရာ မျက်ရည်လဲမရှိတော့ …

လေဟုန်ပင်မစီးနိုင်ခဲ့သော
လျှိုမြှောင်ကျဉ်းလေးထဲ
ဖြတ်ပျံလာခဲ့တဲ့ မျှော်လင့်ခြင်းတောင်ပံတစ်စုံမှာ
ရည်ရွယ်ချက်ရှိရှိဖြိုချလိုက်တဲ့ကမ်းပါးစွန်းအောက်
အမွှေးအတောင်လေးများ တစစီလွင့်ကြဲ
အဆုံးမဲ့ချောက်ကမ်းပါးအောက်
ပဲ့တင်သံမဲ့ နာကျင်လှုပ်ခတ်သံများနဲ့
ဝေ့ဝဲစိုက်ဆင်း
အစက်အပြောက်မျှပင်
လှမ်းမမြင်နိုင်တော့သည်အထိပဲ …

ကြောပြင်ကို နူးညံ့စွာပွတ်သတ်ပြီးမှ
အဆုံးထိထိုးလိုက်တဲ့
မင်းဓါးသွားမှာ ကြင်နာခြင်းဘယ်နှစ်ချက်ပါခဲ့လဲ
လှည့်ကြည့်စရာမလိုတော့ …

စီးချင်းထိုးခဲ့တာမဟုတ်တော့
နောက်ဆုံးရလာဒ်က
အရှုံးအနိုင်သရေမဟုတ်ပဲ
လက်ခုပ်သံခြောက်ကပ်ကပ်နဲ့ပွဲသိမ်း
ငါတို့တွေ ကြောခိုင်းရင်းပြုံးပြခဲ့
ခြေတလှမ်းနီးဖို့လှမ်းလိုက်တိုင်း
ဦးတည်ရာလွဲသွားတာဘာကြောင့်လဲ
ဖြေရှင်းစရာမလိုတော့ ...

မင်းသုံးသမျှဗျူဟာနဲ့
အဝေးဆုံးကငါဖြစ်သွားလည်း
ငါတစ်ယောက်ထဲနာကျင်တာမဟုတ်ရင်ပဲ
ကျေနပ်တယ်…
ဒါပါပဲ
တချို့သော ကျိန်စာတွေက
ပြန်လည်ပေးဆပ်ရမှု သိပ်များတတ်တာ မေ့မသွားရင်ရပြီ …. ။

1 comment:

  1. ခက်တော့ခက်တယ်နော် ဒါပေမဲ့ ကိုကြီးရေ ဘ၀ ကကိုယ်ဖြစ်စေချင်သလို တစ်ရက်ပီး တစ်ရက် ကို တကွက်ချင်းစီ ပုံပေါ်လာတာမျိုးမှ မဟုတ်တာ အချိန်နဲ့အမျှပြောင်းလဲနေသလို လူ့စိတ် တွေကလဲ ပြောင်းလဲ သွားကျတာ ဘာပဲဖြစ်လာလာ စိတ်ရှင်းရှင်းနဲ့ ကျန်းကျန်းမာမာ နေပါနော် ....

    ReplyDelete