Thursday, September 13, 2012

မဖတ်နဲ့တော့ ကောင်မလေး

ဒါ ပုံပြင်ပါပဲ မိန်းကလေးရယ်…
မျက်တောင်တဖျပ်အတွင်းမှာ နေဘယ်နှခါ၀င်ပေးရမှာတဲ့လဲ
ကိုယ့်ကိုကိုယ်ပြောပြရတဲ့ အကြောင်းတွေက ရင်းမြစ်ပျောက်ဝေးလံလွန်းလှတယ်၊

နောက်တဖန် မယုံချင်ပါနဲ့တော့လေ…
ဒီဘက်ကမ်းကဒါဏ်ရာနဲ့ ဒီဘက်ကမ်းမှာပဲ နာနေလိုက်တော့မယ်
ကပ်ဘေးတွေ ကင်းစေဝေးစေ၊

ဒီပုံပြင်က ခိုက်တယ်မိန်းကလေးရဲ့…
ဖတ်မိသူတိုင်း ဇာတ်သိမ်းမကောင်းကြဘူးတဲ့
ဘယ်လိုလုပ်မလဲ
အမှာစာကလွဲလို့ တစ်အုပ်လုံးကြေပါပေါ့လားကွယ်၊

ဒီလမ်းကလွဲလို့ ဘယ်ရောက်ရောက်သွားပါ
လမ်းခွဲရောက်တိုင်း တွေဝေမနေပဲ
တလမ်းလမ်းကိုရွေးလိုက်
ငါ့ဆီကစထွက်သွားတဲ့ မူလလမ်းထက်တော့ လမ်းတိုင်းဟာသာယာနေလိမ့်မှာ၊

တခါတရံ
မတိုက်မဆိုင်ပဲ
မထိုက်မတန်
လျှံလျှံထွက်သွားတဲ့
ကော်ဖီခွက်ထဲကလိုလို မျက်လုံးထဲကလိုလို
သတိရခြင်းအငွေ့အသက်တချို့နဲ့
ကိုယ့်နှတ်ခမ်းကိုယ်သပ်မိရင်း ပြုံးမိတယ်
ဒါ ပုံပြင်ပါပဲ မိန်းကလေးရယ် ……။


ဂယက်

1 comment: