Sunday, September 16, 2012

ရန်ကုန်ကို တစ်ခွက်လောက် မြည်းကြည့်ခြင်း

ကမ္ဘာမြေက ပုံမှန်ထက် တိမ်းစောင်းနေပြီလား
လမ်းလျှောက်ရတာ ပိုခက်လာတယ်
အင်္ကျီကြယ်သီး နဲနဲဖြုတ်ထားမှ လေထုဆိုတာရှိမှန်း သတိရတော့တယ်
ဟေ့ မြို့ကြီးပြကြီးက ကျီးကန်းတွေ ငါ့ကိုမိုက်ကြည့် မကြည့်နဲ့
ဘာ … ကျီးကန်းဆိုတာ မြို့ပြစွန်ရဲတဲ့လား .. သွားကြစမ်းကွာ ..
ဒီမြို့မှာ ငှက်ကအစ အကျင့်ပျက်နေပြီ။
စရိုက်ကျကျအထာနဲ့ ရပ်ကွက်ထဲ လမ်းတစ်ပတ် လျှောက်ကြည့်လိုက်တဲ့အခါ
လောကဟာ ထင်တာထက် ပိုကျဉ်းမှန်း သိလာတယ်
အင်တာနက်ဆိုင်တွေ ပိုများလာတယ်
ကျွန်တော့်အိတ်ကပ် ပိုပါးလာတယ်
မှိုတက်တတ်တဲ့ ပိုက်ဆံတွေကို ဘယ်အချိန်အထိ သုံးနေရဦးမှာလဲ
ဆိုက်ကားသမားက ပါးစပ်နဲ့ကိုက်တယ်
စပါယ်ယာက ခါးကြားညှပ်တယ်
ငါးသည်က အင်္ကျီကြားညှပ်တယ်
ယာဉ်ထိန်းရဲက ဘောင်းဘီအိတ်ထဲထည့်တယ်
ကွမ်းယာသည်က အံဆွဲထဲထည့်တယ်
ကုန်သည်က လက်ဆောင်ထုပ်ထဲ ထည့်တယ်
ထားပါ ..
အဲဒီပိုက်ဆံနဲ့ကျွန်တော် ဂျယ်လ်တစ်ဘူးဝယ်တယ်
ဟိုဆရာပြောသလို ကျွန်တော့်ဆံပင်ပုံစံက အထီးကျန်မီးတောက်များဒီဇိုင်းပေါ့
ဘယ်လေမှ မပင့်ဘဲ အပေအတေ တောက်လောင်နေတယ်
ရူပဗေဒမှာ အပူကူးမှု ဘယ်နှစ်မျိုးရှိလဲ ကျွန်တော်မသိဘူး
ကျွန်တော်က လူတွေရဲ့မျက်လုံးကနေ အပူကူးမှာ ကြောက်တယ်
သောကမျက်လုံးတွေ ၊လောဘမျက်လုံးတွေ
မာနမျက်လုံးတွေ …အပူမျက်လုံးတွေများ
ဘာဖြစ်လို့ ရန်ကုန်မြို့ထဲမှာ အများကြီး စုပြုံနေတာလဲ
အဲဒီလိုနဲ့ အပူကူးနိုင်မယ့် မျက်လုံးတွေဆို ရှောင်နိုင်ဖို့ ကြိုးစားတော့လည်း ဘယ်မှာရလို့လဲ
ခင်ဗျားတို့ သိတဲ့အတိုင်းပဲ
ကိုယ့်လျှာကိုယ် ကိုက်မိရင်တောင် အဆိပ်တက်တဲ့ စာရိတ္တတွေ ထွန်းကားတဲ့ ကာလဒေသမှာ
လက်ထဲက ထမင်းတစ်လုတ်ကလွဲလို့ ဘာမှ မရှိတဲ့ဘဝတွေ သိပ်များတယ်
တန်ဖိုးကြီးတဲ့ သတ္တုတွေက သူတို့ကိုယ်ပေါ်မှာသာယာ
နံပါတ်တွေ နှိပ်လိုက်တာနဲ့ ငွေထုပ်ပြုတ်ကျလာတဲ့ ဘဝတွေလဲများတယ်
လူစည်ကားတဲ့လမ်းမဘေးတွေမှာ ငုတ်တုတ်ထိုင်ညည်းတွားသူတွေ များလာသလို
ကာရာအိုကေ ကားပါကင်မှာ ကားအကောင်းစားတွေ များလာတယ်
မီးတောက်တွေကို ကျွန်တော်ဆွဲဖွလိုက်တယ်
ဆေးလိပ်ရှိရင် မီးခြစ်မရှိဘူး
မီးခြစ်ရှိရင် ဆေးလိပ်မရှိဘူး
ဘဝက တစ်ဖက်ကန်းနေတယ်
ကိုယ့်ဒေါသနဲ့ကိုယ် ကိုယ့်လမ်းထဲကကျောက်ခဲကို ကန်လိုက်ရင်း
ရေးပြလို့ မကောင်းတာတစ်ခု ရေရွတ်လိုက်တယ်
အားရပါးရကျံုးကန်လို့တော့ မဖြစ်ဘူး
လမ်းထဲမှာ အမျိုးအမည်မသိ ၀ဲစားတွေ
လူမိုက်ဂိုက်နဲ့ အုပ်စုဖွဲ့ရစ်သီနေတယ်
အပူဟပ်ရင် ဆေးလိမ်းလို့ရပေမယ့် ခွေးဟပ်ရင်တော့ သံပိုက်လေးတွေ
ကိုယ်ထဲ အကြိမ်များစွာ ထိုးသွင်းခံရမယ် မဟုတ်လား
အသိစိတ်ကဖယ်ခွာ မသိစိတ်ကဖယ်ခွာ လျှောက်နေတဲ့လမ်းမှာ
အချစ်ကို ဘယ်နားထားရမလဲ စဉ်းစားတော့
ဦးထိပ်ထားရမလား
ချိုင်းကြားညှပ်ထားရမလား
ပြောကြည့်ဗျာ
ကိုယ့်ရင်ဘတ်ကို ကိုယ် အမြည်းလုပ်ပြီး
သောက်လိုက်တာ များသွားသလားမသိ
လူကဲခတ်တတ်ရင် ခုနေ ကျွန်တော့်မျက်လုံးကို လာမကြည့်နဲ့
ကောင်းနေမှန်း ရိပ်မိသွားလိမ့်မယ ်..

(ဂယက်)

http://www.thanlwin.com/new/index.php?option=com_content&task=view&id=1239&Itemid=227

No comments:

Post a Comment