Wednesday, September 12, 2012

အပူပိုင်းအမြဲမငြိမ်းချမ်းတောအုပ်ရဲ့နာမ


အဆိပ်မရှိတဲ့မြွေနဲ့ အလမ္ပါယ်ပြရင် ဘယ်သူကစိတ်ဝင်စားမှာလဲ
ခလုတ်ကန်သင်းများတိုင်း လမ်းမှားတယ်မဆိုနိုင်ပေမယ့်
အခက်အခဲတွေများတိုင်းလည်း အောင်မြင်မှုဆိုတာ ရနိုင်ခဲတဲ့အမျိုး
ဘာကိုမှလွှဲမချကြေးဆိုလည်း
ပါးစပ်ကြီး အ ပြီး မျက်လုံးပြူးနေရုံပဲရှိမယ်
လူများပြီးပွဲမစည်ဆိုတာက တခါတလေတော့လည်း ပျော်စရာအကောင်းသားဆိုတာ လက်ခံလိုက်ပါ။

တောင်မင်းကိုမြောက်မင်းမကယ်နိုင်တဲ့ဒေသက
မျက်နှာလွဲခဲပစ်ရာသီစက်ဝိုင်းအောက်မှာ
မြေတောင်မြှောက်ခံလာရတဲ့ သဘာဝကန့်လန့်ပေါက်ပင်မျိုးစိတ်ဟာ ကျုပ်နံမည်နဲ့ဘာနဲ့။
မဆုပ်တော့မစူး မစားတော့မရူး ဒါပေမယ့် မြင်နေတော့မူးမိတာပေါ့
ဗိုလ်ချုပ်ပြောတော့ဗျူဟာ
မိန်းမပြောတော့မာယာ
ပညာရှိပြောတော့ပရိယယ်
လူပိန်းပြောတော့လှည့်ကွက်
သူ့အရပ်နဲ့သူ့ဇာတ် လံကြုတ်ခြင်းအနုပညာများ ခမ်းနားကြခြင်းမှာ အမှားမရှိအမှန်မရှိ
ပြုသူနဲ့ဖြစ်သူ ကွက်တိ။

နေပူကထိုင်စေါင့်နေပေမယ့် လွင်တီးခေါင်မှာ အရိပ်က နေရင်းထိုင်ရင်းရောက်မလာဘူး
ကျောပူမယ့်အတူတူ လျှောက်ကြည့်တာပေါ့
မသိလဲလျှောက် သိလဲလျှောက်
ရောက်ခြင်းမရောက်ခြင်းထက် လျှောက်နေရတာကအဓိပ္ပါယ်ရှိသင့်သလောက်ရှိလိမ့်မယ်။
ဘာမှလဲမဟုတ်ဘူးလို့ပြောရင် ဒေါသထွက်ဦးမယ်
ဘာလဲလို့မေးရင် ဘာမှလဲမဟုတ်ဘူး
တော်တော်ခက်တဲ့သူကောင်းသားက ကျုပ်နံမည်နဲ့ဘာနဲ့။
တချို့စီးဆင်းမှုနိယာမတွေက
ဆည်ဆောက်လိုက်ရုံနဲ့ မြစ်ကောသွားတာမဟုတ်သလို
ဖွင့်ချလိုက်ရုံနဲ့ ဆည်ခမ်းသွားမှာမဟုတ်ဘူး
သဘာဝအလျောက် ဖြစ်သွားတဲ့မြစ်ကျိုးအင်းတွေထဲမှာတော့ ကျုပ်နံမည်မပါ
လောကဓါတ်နည်းပညာအရ ပေးကမ်းစွန့်ကြဲခြင်းဆိုတာ
စေတနာ ပါစန်းတေ့ဂျ်ပေါ်မူတည်ပြီး ဓါတ်ပြုပုံကွာတယ်
ရေမြေရာသီကိုလိုက်လို့ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်မှ ဆေးပေါင်းခလိမ့်မယ်လို့
ဆရာကြီးလေသံဖမ်းလို့ပြောမယ် ဘယ်သူနားထောင်ထောင်မထောင်ထောင်။

အလွယ်တကူ မှန်တယ်မှားတယ်မဆုံးဖြတ်ခြင်းက
ဆင်ခြင်တုံတရားကြီးမားသူ၊ တွေဝေသူ၊ ငကြောက်၊ နလပိန်းတုံး စသဖြင့်
အလွယ်တကူ ဆုံးဖြတ်ခြင်းခံရနိုင်ခြေများတော့
ဘယ်မှန်ကိုကြည့်ကြည့် ဒီရုပ်ပဲမြင်ရတယ်ထင်ပြီး သိပ်မပြုံးပြနဲ့
ကိုယ်ချောမှန်း ကိုယ်တစ်ယောက်ထဲသိရင်ဖြစ်တယ်
ခုနောက်ဆုံးပေါ်မှန်တွေက နည်းပညာအသစ်တွေနဲ့
နွေးထွေးမှန်း အေးစက်မှန်းတောင်မသိတဲ့ ၀ါးတားတား သရီးဒီအပြံုးတွေ ကြွလို့ရွလို့ အဟုတ်ကိုမှတ်လို့။
ထွေထွေထူးထူးတော့လဲ ထပ်ခင်းပြစရာမရှိတော့ပါဘူး
ရောင်းနေတာတွေက လူကြိုက်များတဲ့ပစ္စည်းတွေမဟုတ်တော့လည်း
ထုံးစံအတိုင်း စျေးခေါင်းကွဲချိန်မှာ အထုပ်သိမ်းပြန်ရုံပေါ့
အရင်းမကြေသေးတဲ့ ငိုက်စိုက်ငိုက်စိုက် အရောင်းထိုင်းကုန်တွေနဲ့စျေးသည်က ကျုပ်နံမည်နဲ့ဘာနဲ့။

(ဂယက်)

No comments:

Post a Comment