ပုဆိုးဝတ်ထားပြီး ပေါင်မုန့်မီးကင်စားတဲ့မြို့
စတိုင်ပန်ဝတ်ပြီး ကွမ်းယာဝါးနေတဲ့မြို့
ကတ္တီပါဖိနပ်စီး ပေါက်စီစားတဲ့မြို့
လက်တစ်ဖက်နားမှာကပ်ပြီး တတွတ်တွတ်ပြောနေတဲ့မြို့
ရှူးဖိနပ်စီးပြီး ဗွက်ထဲလမ်းလျှောက်သွားတဲ့မြို့
ပျံကျစျေးတွေ အတည်တကျဖွင့်ထားတဲ့မြို့
လိုင်းကားတွေ အသေဖိုက်တဲ့မြို့
အလှူခံတွေ ခေါင်းလောင်းကြိုးဆွဲတဲ့မြို့
ကားပါကင်မှာ လက်ဖက်ရည်ဆိုင်ဖွင့်တဲ့မြို့
ယူနီဖေါင်းတွေ အရောင်စုံတဲ့မြို့
နောက်ကကြည့်ရင် အကုန်လှတဲ့မြို့
ခိုစာကျွေးတဲ့မြို့ စာကလေးလွှတ်တဲ့မြို့ ကျီးသာတဲ့မြို့
ဆူးလေနားကမြို့
သိဂုတ္တရအောက်ကမြို့
ကန်တော်ကြီးစောင်းကမြို့
အင်းယားကန်ဘောင်ဘေးကမြို့
နားကွင်းတွေဖေါက်ပြီး စကပ်တိုတိုဝတ်တဲ့မြို့
ဖိနပ်ဖြူဖြူစီးပြီး တက်တူးထိုးထားတဲ့မြို့
နေကာမျက်မှန်တပ်ပြီး စွပ်ကျယ်ဝတ်တဲ့မြို့
ဒီဗွီဒီခွေတွေ ကွာလတီကောင်းတဲ့မြို့
ကြိုးနဲ့ဆွဲတင်ရတဲ့ မနက်စာကိုစားတဲ့မြို့
ရေလုတင်ရတဲ့မြို့
အတုတွေက အစစ်လိုပဲကောင်းတဲ့မြို့
အောက်ခြေလူတန်းစားတွေ အိပ်မက်ချင်းခလုတ်တိုက်ကြတဲ့မြို့
ကလေးရောလူကြီးရော ကားလမ်းပေါ်ဆော့တဲ့မြို့
ဖိုက်စတားဟိုတယ်တွေနဲ့မြို့
သူတောင်းစားတွေနဲ့မြို့
သာသနာနဲ့မြို့
မသမာသူတွေနဲ့မြို့
လုပ်စားသူတွေရဲ့မြို့
လုပ်ကြံခံလိုက်ရသူတွေရဲ့မြို့
တရားပွဲတွေနဲ့မြို့
သားရဲတွေနဲ့မြို့
အိပ်ယာစောစောထတဲ့မြို့
အိမ်ပြန်နောက်ကျတဲ့မြို့
အကင်ဆိုင်ထိုင်တဲ့မြို့
အနှိပ်ခန်းထဲကမြို့
ကလပ်ထဲကမြို့
မူးယစ်လွယ်တဲ့မြို့
အသာတကြည် သွေးဆောင်ဖျားယောင်းခံရတဲ့မြို့
ရှော်ပင်ထွက်တာကြိုက်တဲ့မြို့
မိတ်အင်ချိုင်းနားများတဲ့မြို့
ကုလားဗယာကြော်စားတဲ့မြို့
ကောလဟာလများတဲ့မြို့
အဓိကဆိပ်ကမ်းမြို့
အဓိက အက်ကွဲကြောင်းတွေနဲ့မြို့
အဓိက ကျပ်ပိတ်မှုတွေနဲ့မြို့
အဓိက တင်းမာမှုတွေနဲ့မြို့
အဓိက ပါဖောမန့်တွေနဲ့မြို့
အဲဒါ....
ကျွန်တော်နေတဲ့မြို့
ဂယက်
No comments:
Post a Comment