တကယ်တော့ ကျွန်တော်တို့ရဲ့ ခရီးက ပျော်သင့်သလောက် အပြည့်အဝမပျော်ခဲ့ရဘူးဗျ။ ဘာလို့လဲဆိုတော့ ယောက်ျားတွေလုပ်ပြီး အချင်းချင်း စိတ် ကောက်နေကြလို့ပါပဲ။ ဟိုတစ်ယောက်က ကျွန်တော်တို့နှစ်ယောက်ကို ဖဲလိမ်လို့ဆိုပြီး စိတ်ကောက်တယ်။ နောက်တစ်ယောက်ကလဲ ခုနကောင်ကို ဖဲကြွေးမပေးလို့ဆိုပြီး စိတ်ကောက်တယ်။ ကြီးကြီးကျယ်ကျယ်သာ ပြောနေတာပါ၊ ကျွန်တော်တို့ ဖဲလိမ်ရိုက်တယ်ဆိုတာကလဲ ကလေးကလားပါ။ တည်းခိုတဲ့ အိမ်အပေါ်ထပ်မှာ ညဖက်ဆို မီးကမရတော့ ဖယောင်းတိုင်လေး ထွန်းပြီး ခိုးရိုက်တာဆိုတော့ အလယ်နေရာကလွဲပြီး မှောင်မဲနေတယ် ဆိုပါတော့။ ဖဲအဆင်ကမလှတော့ ရှုံးပွဲတွေကလဲ ထပ်လာတယ်၊ ဒီတော့ သိတဲ့အတိုင်းပေါ့ တစ်ချပ်စ နှစ်ချပ်စ ဥထားတယ်ဗျာ။ ပြီးမှ ဒိုင်လျိုလေးပေါ့ နော့။ ကျွန်တော်ကတော်သေးတယ် ဟိုကောင်တွေ လုပ်တဲ့ပုံကကြည့်ဦး … အဟွတ်ဆိုပြီး ချောင်းလှည့်ဆိုးတာ တော်ရုံနဲ့ ပြန်မလှည့်လာဘူး၊ အသိသာကြီး။ နောက်တကောင်ကလဲ ဟား ဖဲမကောင်းဘူးကွာ ဆိုပြီး တချပ်ကို ခေါင်းပေါ်တင်ပြီး အသာလေးလွှတ်ချတယ်။ အတော်ပိရိရှာပါတယ်၊ ကျွန်တော်က ဟယောင်တွေ ငါသိတယ်နော် ဘာညာနဲ့ မာန်လိုက်ပြီး ဆက်ကစားပါတယ်၊ ဒိုင်က အခြေအနေသိပ်မကောင်းတော့ဘူး တဖြည်းဖြည်းနဲ့ ဘတ်လာပြီ။ ဒီကောင်ကလဲ သိတယ် ဒါပေမယ့် ကျွန်တော်တို့ ထိုးသားနှစ်ကောင်ကို ဖမ်းမမိဘူးဖြစ်နေတယ်။ နောက်ဆုံးတော့ သည်းမခံနိုင်တော့ပဲ ဖဲဖျက်လိုက်ပြီး ဟယောင်မင်းထကွာဆိုပြီး နောက်တယောက်ကို ထခိုင်းတယ်၊ ဒီကောင့်နောက်မှာ သုံးချပ်လောက်တွေ့ရော၊ နောက် ကျွန်တော်လဲ ထရော နောက်မှာ ဥထားတာလေးတွေ ပေါ်ရော၊ ဟိုကောင်က ၀ူးဝါးဝူးဝါးလုပ်တာပေါ့၊ ဒါနဲ့ကျွန်တော်ပြန်ပြီး ဟယောင်မင်းလဲ ထကွာလို့ပြောတော့ စပ်ဖြဲဖြဲနဲ့ထလဲထရော ဒင်းနောက်မှာလဲ တစ်ပုံ ရှိနေတာကိုး၊ ကျွန်တော်တို့က အားလုံးလိမ်ရိုက်တဲ့အတွက် အလျော်အစား အကုန်ဖျက်တယ်လို့ ပြောတာ ဒီကောင်က လက်မခံဘူး၊ သူနိုင်ထားတာတွေ ပြန်ပေးရမယ်ပဲလုပ်နေတာ။ ကျွန်တော်တို့ကလဲ မပေးဘူးလေ။ ပိုက်ဆံက ဘာမှမဖြစ်စလောက်လေးဗျာ။ ဒါပေမယ့် ဖဲဝိုင်းကပိုက်ဆံက သိက္ခာနဲ့လဲ ဆိုင်တယ် ဆိုပြီး ဇွတ်တောင်းတာ … မပေးဘူး။ လေနဲ့ထိုးတာ လေနဲ့ပဲဖျက်တယ် ဘာဖြစ်လဲ ဟဲဟဲ။
အဲဒီမှာစပြီး အခြေအနေက တင်းမာလာတာ ကလေးတွေလိုပဲ ထမင်းစားရင် မခေါ်ရတာနဲ့ ရေချိုးရင် ဆပ်ပြာမယူပေးတာနဲ့၊ ညအိပ်ရင် စောင်ကိုဦးထားတာနဲ့၊ ဒိုင်ကိုင်တဲ့ကောင်ကလဲ သူ့လက်စွပ်ကို ထားဝယ်မှာ ဖြတ်ရောင်းခဲ့ရလို့ အစကတည်းကမှုန်နေတာနဲ့ နောက်တကောင်ကလဲ စကားပြောရင် ဆရာကြီးသိပ်လုပ်တာနဲ့ ကျွန်တော်က ကြားထဲမှာ ဟိုဘက်ကို အော်လိုက် ဒီဘက်ကို အော်လိုက်နဲ့ စိတ်ကိုညစ်ရောဗျို့။ ဒါပေမယ့် နှစ်ရှည်လများတွဲလာတဲ့ သူတွေအချင်းချင်းဆိုတော့ ဒါလောက်က ပြောပ လောက်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဟိုကောင်ကလဲ ကျွန်တော့်ကို ဘီယာဝယ်ခိုင်းပြီး ပိုက်ဆံပြန်မပေးဘဲနဲ့ သူ့အကြွေးကို မရရအောင် ချေသွားတယ်လေ။ ထားပါတယ် ထားပါတယ်။
ကျွန်းပေါ်က အထင်ကရ နေရာလေးတွေ၊ အနီးတဝိုက်ပင်လယ်က နေရာလေးတွေ လိုက်လံ လည်ပတ်ကြအပြီးမှာ ကျွန်တော်တို့ ပြန်ဖို့ အချိန် ရောက်ခဲ့တယ် ဆိုပါစို့။ ကျွန်းသားတွေကိုလဲ အတော် ဒုက္ခပေးသင့်သလောက် ပေးခဲ့ပြီးပြီဆိုတော့ တော်သင့်ပြီမဟုတ်လား။ ကျွန်တော်တို့ ပြန်ဖို့ကို သင်္ဘောကြုံနဲ့ လိုက်အပ်ပေးကြပါတယ်။ ကုန်သင်္ဘောပဲဗျ၊ မြိတ်ကနေတက်လာတာ။ ရေကြောင်းအခြေအနေကြည့်ဖို့ မလိကျွန်းနားမှာ ခဏရပ်နေတာ။ အဲဒီသင်္ဘောဆီသွားဖို့ ငါးဖမ်းစက်လှေအကြီးနဲ့ သွားရပါတယ်။ ဒါမှ တွယ်တက်လို့ရမှာကိုး။ သင်္ဘောနားတဖြည်းဖြည်းကပ်လာတဲ့နောက် ကြည့်လိုက်တော့ လှေက သင်္ဘောကုန်းပတ်ကို မှီဖို့ အတော်လိုတယ်ဗျ။ မမှီမကမ်းတွယ်တက်ရမှာ။ ပထမဆုံး အရပ်ရှည်ရှည်နဲ့ကောင်၊ သူကကျွန်တော့်ထက်ပိုရှည်တယ်၊ အဲဒီကောင်က လှေကိုကန်ပြီးတက်သွားတော့ နောက်က လိုက်တက်မလို့လုပ်နေတဲ့ကျွန်တော့်မှာ လက်ကသင်္ဘောကုန်းပတ်ဘောင်ကိုကိုင်လျက်သား ခြေထောက်က လှေပေါ်မှာ၊ သင်္ဘောနဲ့ လှေကလဲ ဟိုသကောင့်သားကန်လိုက်လို့ တဖြည်းဖြည်းဟလာတာ ကန့်လန့်ကားယားကြီးဖြစ်နေတယ်။ ဘာလုပ်ရမလဲကို မသိတော့ဘူး၊ လုပ်ကြပါဦး ပြုတ်ကျတော့မယ်ဗျ .. ။ လှေပေါ်မှာကျန်နေသေးတဲ့ကောင်က ကျွန်တော့်ကို ဆွဲယူလိုက်တယ် ပထမတချက်မှာ မပါလာဘူး၊ ဒီအတိုင်းက ဒီအတိုင်းပဲ။ ကားပြီ ငါကားပြီ အား.. နောက်တချက် အားနဲ့ဆွဲချလိုက်တော့မှ လှေပေါ်ကို မူလအနေအထားအတိုင်း ပြန်ရောက်သွားပါတယ်။ ဟူး.. မလွယ်ပါလားနော်။ လှေနံနှစ်ဘက်နင်းတယ်ဆိုတာ မကောင်းတဲ့အရာမှန်း အဲဒီတော့မှ ပိုပြီးမြင်မိသလိုပါပဲ။ ဟိုကောင့်ကို စိတ်ရှိလက်ရှိ ထောပနာပြုလိုက်ပြီး ကျွန်တော့်ကို ဆွဲတင်ခိုင်းတော့မှပဲ ချောချောမောမော သင်္ဘောပေါ် ရောက်သွားပါတော့တယ်။
သင်္ဘော ပေါ်ကနေပြီး လိုက်ပို့ကြတဲ့ ကျွန်းသားတွေကို လက်ပြနုတ်ဆက်နေတုန်း ဟိုဂလန်ဂလားကောင်က ဇာတ်လမ်းစတယ် ဟယောင် ငါ့ပိုက်ဆံအိတ်ကျန်ခဲ့ပြီကွ တဲ့ ၊ သေစမ်း။ အဲဒါနဲ့ပဲ သူတို့ခမျာ ကျွန်းဆီပြန်သွား ပိုက်ဆံအိတ်ကို ကမန်းကတန်း ပြန်ယူပေးရရှာပါတယ်။ ပြီးတော့ နောက်တခေါက်ထပ်မံနုတ်ဆက်ကြတယ်ဆိုပါတော့ဗျာ။ ဒီသုံးကောင် မြန်မြန်ပြန်မှပဲ အေးမှာဆိုပြီး နေမှာနော်။ ဒါပေမယ့် သူတို့ဆုတောင်း ချက်ချင်းတော့ မပြည့်ရှာဘူးနဲ့တူပါရဲ့ဗျာ။ သူတို့တွေ ပြန်သွားပြီး သုံးနာရီလောက် သင်္ဘောပေါ်မှာ ငုတ်တုတ်ထိုင်နေတုန်း သတင်းထွက်လာတယ် သင်္ဘောက ရန်ကုန်မသွားတော့ဘူးတဲ့ မြိတ်ကိုပြန်တော့မှာတဲ့။ လမ်းမှာစစ်ဆေးရေးသတင်းရလို့ဆိုလား ဘာလားတော့ မသိပါဘူး၊ ကိုယ်နဲ့မဆိုင်တော့ ၀င်မပါတော့ပါဘူး။ ဘာမလွတ်ကင်းတဲ့ဟာတွေပါလဲ မသိတဲ့ဟာကို ကျွန်တော်ကလဲ လျောက်ပြောမနေတော့ပါဘူးနော်။ တကယ်ကိုမသိတာဆို။ ရေကြောင်းအခြေအနေမကောင်းလို့ လှည့်ပြန်သွားတယ်ပဲ ထားလိုက်ပါတော့ဗျာ .. နော်။
အဲဒါနဲ့ လိုုက်ပို့ကြတဲ့သူတွေလည်း နောက်ထပ်တခါ ပြန်လာကြပါရောဗျာ။ သူတို့စိတ်ထဲ ဘယ်လိုနေမယ်တော့မသိဘူး ကျိန်ဆဲနေမှာတော့ မဟုတ်လောက်ပါဘူးလေ လို့ ကိုယ့်ဘက်ကိုယ်ယက်တွေးလိုက်ကြတာပါပဲ။ နောက်သင်္ဘောရောက်ဖို့ တစ်ညပြန်အိပ်ပြီး စောင့်ရဦးမယ်မဟုတ်လား။ ကျွန်းပေါ်ကို ပြန်ဆင်းခဲ့ရပါလေရောဗျာ။ အဲဒီညက စိတ်ညစ်ညစ်နဲ့ ကာယာအိုကေတောင် သွားဆိုကြသေးတယ်လေ ဟီး။ ကျွန်တော်ကတော့ မဆိုဘဲနဲ့ နားဒုက္ခလိုက်ခံရတာဗျ။
သင်္ဘော ထပ်ရောက်ပြီ၊ ဒီတခါတော့ သေချာပါတယ်။ နုတ်ဆက်တဲ့လူတွေခမျာလဲ အားရပါးရတောင် နုတ်မဆက်နိုင်ကြတော့ဘူး။ သင်္ဘောက ခုတခါ ပိုကြီးလာတယ်ဗျ။ ဒါပေမယ့် ကုန်တွေက အပြည့်အသိပ်ပဲ။ ဆီးဆားဗစ်ယူနေတဲ့ သင်္ဘောသားတွေတောင် နေရာကိုယ်စီရကြတာမဟုတ်ဘူး။ ကျွန်တော်တို့က သာဆိုးတာပေါ့။ ကျပ်သိပ်နေတဲ့ အတွင်းခန်းမှောင်ကြုတ်ကြုတ်ထဲ မနေချင်လို့ သင်္ဘောနောက်ဘက် ကုန်းပတ်က အသက်ကယ်လှေ တင်ထားတဲ့ စင်အောက်နားလေးကို ရွေးပြီးနေရာယူလိုက်ကြတယ်။ ပုလင်းခွံအလွတ်တွေကို မြွေခွံအိတ်တွေနဲ့ထုတ်ထားတာ ကုန်းပတ်အပြည့်ပဲဗျ။ လက်တန်းထက်တောင် ကျော်သေးဗျာ။ အဲဒီတော့ ကျွန်တော်တို့နေရာကနေ ၀ါးတီးဆွဲဖို့သွားတဲ့ခါ သင်္ဘောနံရံဘက်ကို ကိုယ်ကြီးယိမ်းပြီး လျောက်ရတာ။ နို့မဟုတ်ရင် ပလုံစွပ်သွားမှာပေါ့။ စက်သံနဲ့ဘာနဲ့ဆိုတော့ ဘယ်သူမှတောင်သိလိုက်မှာမဟုတ်ဘူး။ ဇနကလဲ မဟုတ်တော့ ခုနှစ်ရက်နေနေသာသာ ခုနှစ်မိနစ်တောင် ခံမယ်မထင်ဘူး။ ငါးတွတ်တာနဲ့ လုံးပါးပါးမှာ။
ပြောရဦးမယ် အဲဒီတုန်းက ဘီယာကိုတောင် အချိုရည်ရောသောက်ရတဲ့ အဆင့်ရှိ ဆရာတွေက အပြန်သင်္ဘောပေါ်မှာ သောက်ဖို့ဆိုပြီး စစ်တပ်ထဲကနေ ရမ်တလုံး ခိုးဝယ်လာသေးတယ်လေ။ တကယ်တမ်းလဲ ပင်လယ်ထဲရောက်ရော ပုလင်းကိုဖွင့်ဖို့နေနေသာသာ ကြမ်းပြင်နဲ့ ခေါင်းနဲ့ကပ်နေရတယ်။ လှိုင်းမူးတယ်ဆိုတာ အတော်ခံရဆိုးတာမျိုးကိုးဗျ။ ကျွန်တော်တို့ထဲမှာ ဖိုက်တာအကျဆုံး၊ ကရာတေးတွေဘာတွေကစားတဲ့ကောင်၊ အခုရဲအုပ်ဖြစ်နေတဲ့ကောင် ပထမဆုံး ကျဆုံးသွားတာပဲ၊ မျက်နှာလေးက အိုလို့၊ နံရံနဲ့ ခေါင်းနဲ့ ခွာလို့မရဘူး၊ ခွာတာနဲ့မူးတာပဲ။ ကျွန်တော်တို့နှစ်ယောက်ကတော့ သူနဲ့စာရင် နဲနဲ ထူထူထောင်ထောင်ရှိသေးတယ်။ သူ့အတွက်ပါ ထမင်းခူးပေးရ ရေခပ်ပေးရ လုပ်ရလို့ နောက်တယောက် ကတော့ ပွစိပွစိနဲ့ပေါ့။ ဟိုကောင်ကလဲ မူးသာမူးနေတာ သူ့အိမ်အတွက် လက်ဆောင်ရလာတဲ့ ဒညင်းသီးတွေကို ဂလန်ဂလားကောင်က ဖွင့်စားလို့ဆိုပြီး စိတ်ကောက်ပြန်ပါရော။ ညစ်တယ် ညစ်တယ်။ ထမင်းစားဖို့ ငါးခြောက်တွေ ထုတ်ရင်လဲ မင်းအထုပ်ထဲကလဲ ထုတ်ဦးကွ ငါ့ထဲကပဲ ယူတာများနေပြီ ဘာညာနဲ့ စကားက များနေကြပါသေးတယ်။ အလကားရလာတဲ့ဟာတောင်မှ စမန်ခုတ်နေကြတာ။
ညဖက်အိပ်ရတဲ့နေရာကလဲ ပုလင်းခွံတွေထိုးထိုးထောင်ထောင်နဲ့ဆိုတော့ နေသားကျအောင် ပုံစံအမျိုးမျိုး ပြောင်းလဲခွေခေါက်ပြီး စမ်းသပ်အိပ်ကြည့်ရတယ်ဗျ။ အဆင်ပြေတဲ့ အနေအထားလေးရတော့မှပဲ စိတ်ချလက်ချ မှေးနိုင်တော့တယ်။ မနက်လင်းတဲ့အခါမှာတော့ ကျောကုန်းမှာ ပုလင်းရာလေးတွေနဲ့ပေါ့ဗျာ၊ ခြေမွှေးမီးမလောက် လက်မွှေးမီးမလောင် နေလာရတဲ့ ကောင်တွေမဟုတ်တော့ ဒါလောက်ကတော့ စကားထဲထည့်မပြောပါဘူး စာထဲသာထည့်ရေးတာပါ ဟဲဟဲ။ နှစ်ရက်လောက်လဲ ရှိရော ကျွန်တော်တို့နေရာက ပုလင်းတွေကလဲ နင်းပါများလို့ကွဲတဲ့ဟာ ကွဲကုန်တယ်။ ကျွန်တော့် လေခေါင်းအုံးလေးတောင်မှ ပေါက်သွားတယ်ဗျာ။ အန္တရယ်ရှိတယ်ဗျ လူပျိုနုနုလေးတွေ ဖင်ပြဲလို့ကတော့ ပင်လယ်ထဲမှာ ဆားငံရည် စိမ်ဖို့ပဲရှိတယ်။ တဖြည်းဖြည်းနဲ့ အသားကျလာတော့ အကာမရှိတဲ့ ကုန်းပတ်ပေါ်မှာလဲ အေးဆေးပဲသွားနိုင်လာတယ်။ အရင်နေရာမှာ အိပ်လို့မရတော့ ကုန်းပတ်အစပ်နား ပုလင်းအိတ်ပေါ်မှာ ဖြေတဘက် လက်တဖက် လေထဲတန်းလန်းနဲ့လဲ အေးဆေးပဲ အိပ်တက်လာတယ်။ သင်္ဘောသားတွေကတောင် ခဏခဏလာပြောနေရတယ် ဆင်းဆယ်မယ်တော့ မထင်နဲ့နော်တဲ့။
ကမ်းမမြင်လမ်းမမြင် ပင်လယ်မှာ နှစ်ရက်လောက်ပဲ နေရသေးတယ်၊ လူက အူကြောင်ကြောင်ဖြစ်လာသလိုပဲ။ ပျင်းလိုက်တဲ့အမျိုးဗျာ။ ဖဲရိုက်မယ် ဆိုတဲ့စကားလဲ ဘယ်ကောင်မှ မစတော့ဘူး။ တရက်မှာ ကောင်းကင်မှာ ကြယ်တွေပျောက်နေတယ် စိတ်ကူးယဉ်စရာမကောင်းတဲ့ ပင်လယ်ညပဲဗျ။ အဲ့လိုဖီလင်ပျက်နေတုန်းရှိသေး မိုးရွာရောဗျို့။ ကျွန်တော်တို့နေရာက မိုးကမလုံဘူး တဖြည်းဖြည်း ရွှဲစိုလာတယ်။ သင်္ဘောသားတွေ အခန်းကိုလဲ ခုချိန်မှ သွားမဝင်ချင်ဘူးလေ။ အိုင်တင်ခံလိုက်အုံးမယ်ပေါ့။ လက်ဆောင်ပေးထားတဲ့ တယောက်စ နှစ်ယောက်စကတော့ လာခေါ်ရှာပါတယ်။ တာဝန်ကျေလေးပေါ့။ သွားလဲ တစ်ယောက်စာပဲ နေရာရှိတာဆိုတော့ စိုလဲ အကုန်အတူအစိုခံကြတာပေါ့ဗျာ။ အတော်လေး အခြေအနေဆိုးလာတော့မှ ကပ္ပတိန်အခန်းမှာ သွားဝင်ခွေကြရပါတော့တယ်။ သင်္ဘောသားအခန်းလောက်တော့ ဘာလုပ်မှာလဲနော့။
ကျွန်းကနေ ကျွန်တော်တို့ကို လက်ဆောင်ပေးလိုက်တာ အများကြီးပဲဗျ ဘူးသီးအကြီးကြီးအရွယ်လောက်ရှိတဲ့ နာနတ်သီးကြီးတွေရော။ ငှက်ပျောခိုင်ကြီးရော၊ ငါးခြောက်တွေ၊ ရေဘဝဲခြောက်တွေ၊ နှစ်ချို့ပျားရည်တွေရော၊ လမ်းမှာစားဖို့ အခြောက်အခြမ်းတွေရော စုံလို့ပဲ။ ဒါပေမယ့် လမ်းမှာ အနေအစားချောင်အောင်လို့ သင်္ဘောသားတွေကို မျက်နှာလုပ်ရတာနဲ့ ရန်ကုန်လဲရောက်ရော ပျားရည်လေး တယောက်တပုလင်းပဲ ကျန်ပါရောလား။ ဟိုပုလင်းတလုံးကိုလဲ ကိုယ်မသောက်နိုင်မှတော့ သူများကိုလဲ လှုဒါန်းသမှုပြုလိုက်ရတာပေါ့လေ။
မော်တင်ဆိပ်ကမ်းကိုရောက်တဲ့အခါ ရန်ကုန်မှာဘာသတင်းတွေ ကြားထားလဲတော့မသိဘူး အစစ်အဆေးတွေက ရစ်လိုက်တဲ့အမျိုးဗျာ။ ရဲရော စစ်တပ်ရော၊ လဝကရော အကုန်ပေါင်းစစ်တာ ဗျ။ ဒီတချီတော့ အခြေအနေမကောင်းဘူးပေါ့။ လဝက ကလူပါစစ်တယ်ဆိုတော့ ငါ့မှတ်ပုံတင်လေးတော့ နာပြီဆိုပြီ ရင်ခုန်ရပြန်ရောဗျို့။ ဒါပေမယ့် သိတယ်မဟုတ်လား လက်ရာသိပ်မြောက်တော့ ဘယ်သူမှမသိကြဘူးလေ။ ဒါပေမဲ့ ရဲတွေက ကျွန်တော်တို့ကို မယုံဘူးဗျ၊ မလိကျွန်းကိုအလည်သွားတာ ဆိုတာကို ဘာသွားလုပ်တာလဲချည်းပဲမေးနေတာ။ ပုလဲမွေးတဲ့ကျွန်းဆိုတော့ ဘာတွေမသင်္ကာဖြစ်သလဲမသိဘူး ကျွန်တော်တို့အိတ်တွေကို အကုန်ဖွင့်ချစစ်တာဗျာ။ အိတ်တွေထဲကနေ မလျော်ရသေးတဲ့ အတွင်းပစ္စည်းတွေရော လုံးလိပ်ထွက်လာတာပေါ့၊ ပုရွက်ဆိတ်တွေတောင်တက်လို့၊ ပျားရည်တွေကို ပြောတာနော်။ ဟင်း .. ရှက်လိုက်တာ။ အဲဒါနဲ့ ကျွန်တော်က ၀ူးဝါးနဲ့ ဟန်ကိုယ့်ဖို့ လျောက်ပြောရတာပေါ့။ ဟိုကောင် အခုရဲအုပ်လုပ်နေတဲ့ကောင်က အထစ်အထစ်နဲ့ သူ့ဘိုးအေတွေကို ဘာတွေ ကြောက်နေမှန်းကို မသိဘူး။ သူဦးဆောင်ပြီးခေါ်သွားတဲ့ခရီးစဉ်ကို သူရေရေလည်လည် မပြောနိုင်ဘူး။ တော်သေးတယ် ဒီတခါတော့ ရဲစခန်းမပါသွားတာပဲ ကျေးဇူးတင်ရမလိုလို။
အဲဒီလိုနဲ့ တကျွန်းပြန်ကြီး သုံးယောက်သား ရန်ကုန်ကို ခြေပြန်ချခဲ့ကြတယ်ဆိုပါတော့ဗျာ။ သုံးရက်လောက် ရေလဲမချိုးထား၊ ငါးခြောက်တွေနဲ့ လုံးထွေးအိပ်လာတဲ့ ကျွန်တော်တို့ကို တက်စီဆရာကတောင် ရှုံ့မဲ့မဲ့နဲ့ မောင်းပို့ရပါတယ်။ သုံးရက်လောက်ရှိတဲ့အထိ လှိုင်းမူးတဲ့အရှိန်က မကုန်သေးပဲ လမ်းလျောက်ရင် ယိုင်ယိုင်သွားတက်သေးတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ရဲ့ အားအားယားယား ခရီးစဉ်တခုကတော့ အလွဲလွဲအချော်ချော်နဲ့ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတော့တယ်။
စိတ်ရှည်လက်ရှည် မပျင်းမရိ ဖတ်ရှုအားပေးမှုကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
No comments:
Post a Comment