မျိုးပဲမှားကြဲမိလို့လား
ပျိုးလိုက်သမျှတခင်းလုံး
သက်ပြင်းတွေချည်း သိမ်းကြုံးပွင့်တယ်....
နေကလဲ သာချင်သလိုသာ
မိုးကလဲ ရွာချင်သလိုရွာ
အချစ်ကလဲ လာချင်သလိုလာတတ်တာမျိုးဆိုတော့
စိုက်ခင်းတွေ ရှုံးပြီးရင်း ရှုံးတယ်...
မှန်းချက်ထက် အလွမ်းဓါတ်များနေတဲ့ ရှုမျှော်ခင်းမှာငေး
အချိန်မကိုက်တဲ့ တိမ်တိုက်ရဲ့ ဂီတမှာငေး
တွေဝေတဲ့ လေပြေရဲ့ ထိခတ်ခြင်းမှာငေး
မထူးပါဘူး
ဒီလက္ခဏာတွေနဲ့ လက်နဲ့ဆုပ်ကိုင်ထားတဲ့မျိုးစေ့က
ဘယ်ရေမြေမှာကြဲကြဲ
ဘယ်ဥတုမှာစိုက်စိုက်
ဒီတွက်ချက်မှုရလာဒ်ထဲက ထွက်နိုင်မှာမှမဟုတ်တာ...
ဒီဘက်ကိုကြည့်လိုက်စမ်းပါဦး
နေတောင်မဝင်သေးခင်
သက်ပြင်းတွေ ဖြန်းကနဲပွင့်နေပြန်ပြီလေ...............။
No comments:
Post a Comment