Thursday, September 13, 2012

နောက်တစ်နေ့ အစီအစဉ်

ပျော်သလိုနေတတ်ခဲ့ပါတယ်
နေတတ်သလိုပျော်ခဲ့ပါတယ်
ခဏပေါ့ …..
ရေပက်မဝင်တဲ့ အမှန်တရားဟဲဗီးကြီးတွေအောက်မှာ
တချို့အမှန်တရားပိစိလေးတွေက
အလိုလိုမှားလို့ယွင်းလို့။

ဇာတ်နာလွန်းလို့ လည်ပြန်တောင်လှည့်မကြည့်ဖြစ်တော့ပါဘူး
တခါတရံမှာ
ကြိုတင်ကာကွယ်ခြင်းက
ကုသခြင်းထက် ငွေကုန်ကြေးကျများတယ်။

ရုပ်သံအစီအစဉ်မဟုတ်တဲ့အတွက်
နောက်တနေ့လာမယ့်အခန်းကို
အမြည်းကြည့်လို့ရမယ်မဟုတ်ဘူးလေ
ကြုံတော့မှကြည့်လုပ်တာပေါ့
ဖြစ်ပါတယ်။

ချောင်ပိတ်ရိုက်ခံဖူးတဲ့ခွေးက
ဆိုဖာပေါ်ခဏပေးထိုင်ခွင့်ရလည်း
သူ့ဘဝသူမမေ့သလို
အမြဲတမ်းပြေးပေါက်ကို ရှာနေလေ့ရှိတယ်။

မျက်စိမှိတ်ပြီး ယုံယုံ
မျက်စိဖွင့်ပြီး ယုံယုံ
အမှန်တရားက အမှားမဖြစ်ဘူးဆိုတာ
အနုတ်လက္ခဏာက အပေါင်းမဖြစ်ဘူးဆိုတာ
ပါးစပ်ပိတ်ပြီး ယုံ
ခေါင်းညှိတ်ပြီး ယုံ။

နှစ်ပေါက်သွားတဲ့ အသင့်စားပေါင်မုန့်တစ်ချပ်ကို
မှိုတက်ရကောင်းလားလို့ ညည်းမတွားပါနဲ့လေ
အချိန်ဆိုတာ
မနက်စာကိုမစောင့်
ညစာကိုမစောင့်
ဗိုက်ဆာတဲ့အချိန်ကိုမစောင့်
ပေါင်မုန့်မှိုတက်ကိုလည်းမစောင့် ….။

နေ့တိုင်းပြန်ပေမယ့်
မရောက်သေးတဲ့အိမ် ကျွန်တော့်မှာရှိတာသေချာတယ်
နေ့တိုင်းသွားပေမယ့်
မရောက်သေးတဲ့အလုပ် ကျွန်တော့်မှာရှိတာသေချာတယ်
နေ့တိုင်းလုပ်ပေမယ့်
အရာမရောက်တဲ့ကိစ္စတွေ ကျွန်တော့်မှာရှိတာသေချာတယ်
နောက်ပြီး .......
အခုရက်သတ္တပတ်
ကျွန်တော် နေမကောင်းဖြစ်မှာလည်း သေချာတယ်။

(ဂယက်)

1 comment: