စိတ်ဆိုတာက
ငါးတစ်ကောင်မဟုတ်တော့လည်း
သွေးအေးမသွားတာ..... ခက်တယ်။
ကျောရိုးမဲ့ ဆင်ခြေဆင်လက်တွေတောင်
အချင်းချင်း ကိုင်းဆက်ဝတ်မှုန်ကူးလို့
နေပျောက်တောင်ထိုးနိုင်ဖွယ်မရှိတဲ့ တောနက်ထဲ
လျှာအရိုးမရှိတိုင်း ရေးခြစ်မိခဲ့တဲ့ကဗျာတွေနဲ့
အထူအပါးနားလည်စွာ.... နေတယ်။
သူမခွာမကျွေးခဲ့ဖူးတဲ့
နေကြာစေ့တွေစားလို့
သူမနဲ့မသွားဖူးခဲ့တဲ့
ခရီးတွေသွားလို့
သူမမကြိုက်တဲ့
ဆေးလိပ်နဲ့အရက်တွေသောက်လို့.... လေတယ်။
ကောင်းပါတယ်
မကောင်းဘူးဆိုတာလည်းကောင်းတယ်
ကောင်းတယ်ဆိုတာလည်းကောင်းတာပဲ
အရသာတွေထက်ပိုစားရခက်တဲ့
အသံတွေထက်ပိုနားထောင်ရခက်တဲ့
အရောင်တွေထက်ပိုကြည့်ရခက်တဲ့
အနံ့တွေထက်ပိုရှူရှိုက်ရခက်တဲ့
အထိအတွေ့တွေထက်ပိုခံစားရခက်တဲ့
စကားလုံးတွေထက်ပိုဖတ်ရခက်တဲ့
ရက်စွဲတွေအောက်က
မသီးမပွင့်တဲ့ လယ်ယာစိုက်ခင်းတွေအားလုံးကို.... မုန်းတယ်။
ဂယက်
No comments:
Post a Comment