စာဖတ်သူတို့ ငယ်ငယ်တုန်းက ဘယ်လိုမျိုး ဆော့ကစားခဲ့ကြပါသလဲ။ မှတ်မိကြမှာပေါ့နော်။ ကျွန်တော်ကလည်း မှတ်မိသလောက် ငယ်စဉ်ကလေးဘဝတုန်းက ဘယ်လောက် ဆော့ခဲ့သလဲဆိုတာ ပြောပြချင်ပါသေးတယ်။ မြို့ပြမှာ မွေးဖွားကြီးပြင်းလာခဲ့တဲ့ ကလေးတွေ ကစားဖူးကြမှာ မဟုတ်တဲ့ ပေါက်ပေါက်ရှာရှာ အပျော်ဖွေရှာ ဆော့ခဲ့ကြပုံလေးတွေကို သိစေချင်တာလေးပါ။
အင်းတိုင်မှာနေတုန်းက ကျွန်တော်တို့နေတဲ့အိမ်နဲ့ လမ်းမနဲ့ကြားမှာ မြက်ပင်တွေကြားက ဖြတ်ပြီး မြေဖို့ထားတဲ့ လမ်းကလေးရှိပါတယ်။ အဲဒီ မြေကန်သင်းဘေးပတ်လည်မှာ နွေအခါ ပုရစ်တွေထွက်ချိန်ဆို ပုရစ်တွင်းလေးတွေ အများကြီး တွေ့နေရတာကြောင်း ကလေးပီပီ ဘယ်လိုမှမနေနိုင်ပါဘူး။ ရေပုံးနဲ့ ရေခွက်ကို ဆွဲပြီး တွင်းတွေထဲ ရေလောင်းထည့်ပြီး ထွက်လာမယ့် ပုရစ်တွေကို စိတ်လှုပ်ရှားစွာနဲ့ စောင့်ဖမ်းကြတာပေါ့ဗျာ။ တစ်ကောင်စ နှစ်ကောင်စ ရလာပြီဆိုရင် ဟောလစ်ပုလင်းခွံတွေထဲ ထည့်ပိတ်ထားတယ်။ ပြီးရင် အမေ့ကို ကြော်ခိုင်းမယ်ပေါ့လေ။ ပုရစ်ကြော်ဆို အင်မတန်ကြိုက်တာကိုးဗျ။ ဒါပေမယ့် အသက်ကြီးလာတော့ ဘာဖြစ်လို့မှန်း မသိဘူး ငယ်ငယ်တုန်းကအကြိုက်တွေနဲ့ မတူတော့တာတွေများလာတယ်။ ပုရစ်ကြော်လဲ မစားရဲတော့ဘူး။ နောက်ပြီးတော့ အဲဒီ ကန်သင်းရိုးလေးပေါ်မှာပဲ မိုးတွင်းဆို တွန့်လိမ် တွန့်လိမ်နဲ့ ဟိုသွားဒီသွား လုပ်နေတဲ့ တီကောင် အရွယ်အစားစုံကို လိုက်ဖမ်းပြီး ခေါင်းတဖက် ဖင်တဖက်ကိုင်ပြီး ဆွဲဆန့်လိုက်တဲ့အခါ ပျစ်ကနဲ ရေတွေပန်းထွက်လာတာကိုလဲ အပျော်လုပ်ပြီးဆော့ခဲ့ကြတာ ပြန်စဉ်းစားကြည့်ရင် အတော့်ကို အကုသိုလ်များတဲ့ အလုပ်ပဲဗျနော်။ ကျောင်းမှာဆရာမကဆုံးမတာရယ်၊ လူကြီးတွေကပြောတာတွေရယ်ကြောင့် တီကောင်တွေဟာ ကမ္ဘာကြီးကို အကျိုးပြုသူတွေဖြစ်ကြောင်း၊ မြေသြဇာများကို ထုတ်လုပ်ပေးသူတွေဖြစ်ကြောင်း သိရှိလာတဲ့နောက် အဲဒီကစားနည်းကို စွန့်လွှတ်ဖြစ်လိုက်ပါတယ်။
စကားစပ်စပ် မစပ်စပ် ကြားဖြတ်ပြီး ဖြတ်ကနဲ သတိရလာလို့ မူကြိုကျောင်းတုန်းက အကြောင်းလေးတခု ပြောပြမယ်ဗျာ။ ကျွန်တော့်ရဲ့ ပထမဆုံးအနေနဲ့ ဆဲဆိုခြင်းဆိုတာကို စတင်ကြားသိဖူးတာပေါ့။ မူကြိုကျောင်းမှာ ကဗျာတွေဆိုနေကြရင်းနဲ့ အားလုံးမတ်တပ်ရပ်နေကြချိန် ကောင်လေးတစ်ယောက်က ဆရာမကို သွားတိုင်တယ်။ ဆရာမ သူသားကို ဆဲတယ်ပေါ့။ ဆရာမက ဘယ်သူလဲထွက်ခဲ့လို့ဆိုတော့ ကောင်မလေးတစ်ယောက် ထွက်လာတယ်။ တခန်းလုံး တိတ်ဆိတ်လို့ပေါ့။ ဆရာမက သေချာအောင်ထပ်မေးတယ် နင်သူ့ကို ဆဲတယ်ဆို။ ဟုတ်ကဲ့။ ဘယ်လိုဆဲသလဲပြောစမ်း။ “–” တဲ့.. နှစ်လုံးထဲပါ။ မရေးပြတော့ဘူးနော်။ ကောင်မလေး အသံသေးသေးနဲ့ အဲဒီလိုပြောလိုက်တဲ့စကားလုံးကို ကျွန်တော်တခါမှလဲ မကြားဖူးဘူး။ ဘာကြောင့် ဆရာမက သူမကို ရိုက်ရတာမှန်းလဲ နားမလည်ဘူး။ အဲဒီလိုအပြောခံရတဲ့ ကောင်လေးကလဲ ဘာကြောင့်စိတ်ဆိုးပြီး ဆရာမကိုတိုင်ရတာမှန်းလဲ မသိခဲ့ဘူး။ အဲသည် စကားလေးနှစ်လုံးကို အထူးအဆန်းဖြစ်ပြီး ကျောင်းဆင်းလို့ အိမ်ကိုရောက်တော့ အမေ့ကို ပြန်မေးတယ် အမေ အဲဒါဘာကိုပြောတာလဲဟင် ဆိုတော့ အမေက ပြန်မဖြေဘူး။ ဘယ်ကကြားလာတာလဲ ပြောစမ်းဆိုပြီး ဆူတယ်။ နောက်မပြောရဘူးဆိုပြီး အငေါက်ခံရတယ်ဗျာ။ ကျွန်တော်လဲ ဘာမှမသိရပဲနဲ့ဟာကိုနော်။ သိကလဲ သိချင် မေးလဲ မမေးရဲပဲနဲ့ နောက်တော့ ဘယ်လိုကနေဘယ်လိုသိသွားလဲတော့ မပြောတတ်တော့ပါဘူး။ ခုလို အသက်ကြီးလာတဲ့အချိန်မှာတော့ ဆဲဆိုခြင်းပေါင်းများစွာကို နားထဲ စုံလင်စွာ အပစ်ထည့်ခံရခဲ့ပြီးပြီမို့လို့ ဘယ်စကားလုံးကမှ အထွေအထူးဖြစ်မနေတော့သလောက်ပါပဲ။ ဆော့တဲ့အကြောင်းကနေပြီး ဆဲတဲ့အကြောင်း ရောက်သွားတယ်။ အဲဒီစကားလုံးနှစ်လုံးကိုသိချင်ရင်တော့ ကျွန်တော့်ဆီ e-mail ပို့ပြီး မေးမြန်းနိုင်ပါတယ်။ မေးစရာတောင်မလိုပါဘူး သိတောင် သိနေလောက်ပါပြီ .. နော်။
အင်းတိုင်မှာနေတုန်းက အဖေက အရာရှိအိမ်ခန်း မရသေးခင်မှာ လောလောဆယ် အဆင်ပြေအောင် အိမ်ဆောက်နေရတာဆိုတော့ အိမ်အမိုးပြင်ဖို့ အင်ဖက်တွေ အများကြီးကို ခြံရှေ့က ကန်သင်းရိုးဘေးမှာ ပုံထားပြီး တာလဘတ်စကြီး အုပ်ထားပါတယ်။ အဲသည်အပုံကြီးက အိမ်တလုံးစာလောက်ရှိတာဆိုတော့ ကျွန်တော်တို့မောင်နှမတွေရော တခြားကလေးတွေပါ သွားဆော့ချင်နေကြတာပေါ့။ ဒါပေမယ့် အဖေ့ရဲ့ တချက်လွှတ်အမိန့်နဲ့ ဘယ်သူမ အဲသည်အနားမသွားရဲဘူးဗျ။ သူရှိနေရင်ပြောတာပေါ့။ တရက်မှာ အဖေလဲ မရှိတုန်း ကလေးတွေလဲစုံတုန်း ခြံဝင်းထဲမှာ ဆော့ရတာပျင်းလာတာနဲ့ အဲသည် အင်ဖက်ပုံကြီးထဲ ၀င်ဆော့ရရင် ကောင်းမှာပဲဆိုပြီး ချီတက်လာခဲ့ကြပါတယ်။ အင်ဖက်ပုံအမြင့်ကြီးပေါ်ရအောင်တက်လိုက် ကြားထဲတိုးဝင်လိုက်နဲ့ ပျော်နေကြတုန်း၊ အဖေ့ကို တစ်ယောက်ကလှမ်းတွေ့လိုက်တာနဲ့ ကလေးတွေအားလုံး မလှုပ်မယှက်ပဲ ငြိမ်နေကြပါတယ်။ ဒါပေမယ့် အင်ဖက်ပုံပေါ်တက်နင်းထားတာဆိုတော့ နဲနဲလေးလှုပ်လိုက်တာနဲ့ အသံကထွက်မှာကိုးဗျ။ အဲသည်အချိန်မှာ ကျွန်တော်က အပုံရဲ့အပေါ်ဆုံးမှာရောက်နေပြီ။ အဖေက အင်ဖက်ပုံဘက်ကို မသင်္ကာလို့ လျောက်လာကြည့်တယ်၊ ဘယ်သူ့ကိုမှတော့မတွေ့ဘူး ဒါပေမယ့် အော်လိုက်တယ် ဘယ်သူရှိလဲ ပေါ့။ ဘာသံမှမထွက်ဘူး အားလုံးတိတ်လို့။ ကျွန်တော်လဲ လုံးဝကို မလှုပ်ရဲဘူး ကုန်းကုန်းလေး ငြိမ်နေရတာ။ အဲဒါနဲ့ အဖေက ပြန်လှည့်တော့မလိုအလုပ်မှာ ကျွန်တော်ကလဲ ဘယ်လိုမှ တောင့်ထားလို့ မရတော့ဘူး ခြေထောက်လှုပ်လိုက်မိတာ ဂျွတ်ဂျွတ်ဆိုပြီး အသံထွက်သွားပါရော။ အဲဒါနဲ့ အဖေသိသွားပြီး ကလေးတွေ အားလုံးထွက်ခဲ့စမ်းဆိုပြီး ဆူတော့တာပေါ့ဗျာ။ အမတွေကလဲ အကြီးဆိုပြီး မထိန်းဘူးလားဆိုပြီး အဆူခံရလို့ ကျွန်တော့်ကို မကျေနပ်ကြဘူးလေ။ ဘယ်တက်နိုင်ပါ့မလဲဗျာ သူ့ဟာသူ လှုပ်မိသွားတာကိုးနော်။
ကျွန်တော်တို့အိမ်မှာ အိမ်အလုပ်တွေ လုပ်ဖို့အတွက်ရော နောက်ဖေးက စိုက်ခင်းကို ပြုစုဖို့အတွက်ရော လူကြီးတစ်ယောက် ခေါ်ထားပါတယ်။ အဲသည်လူကြီးကလဲ ကျွန်တော်တို့ အနွံအတာ ခံရရှာပါတယ်။ ကျွန်တော်တို့ ပျင်းနေမှာစိုးလို့ ဒန်းလေးလုပ်ပေးတယ်။ ဒါပေမယ့် သူလုပ်ပေးတဲ့ဒန်းက မာလကာပင် ကိုင်း စောင်းစောင်းမှာ လှုပ်လီလှုပ်လဲ့ချည်ထားတာဆိုတော့ လွှဲလိုက်ရင် လည်လည်ထွက်သွားပြီး စီးလို့လဲ မကောင်းဘူးဗျ။ မရှိတာနဲ့စာရင် ကောင်းပါတယ်လေ ဆိုပြီး မလွှဲပဲနဲ့ ဒီအတိုင်းလေး ထိုင်နေဖြစ်တာပါပဲ။ နောက်ပြီးတော့ မျှားပစ်ချင်တယ်ဆိုတော့ ၀ါးခြမ်းပြားတွေကို ကြိုးတပ် တင်းနေအောင်လုပ်ပြီး တစ်ယောက်တစ်လက် ပေးပါတယ်။ ပစ်မှတ်ကိုတော့ အိမ်ဘေးက ဗူးစင်အောက်မှာ ငှက်ပျောရွက်ကို ချိတ်ထားပေးပါတယ်။ မျှားတံတွေကိုတော့ ကျွန်တော်တို့ ကိုယ်တိုင်လုပ်ပါတယ်။ ၀ါးစကို လုံးနေအောင်ချောပြီး တဖက်ကို ချွန်လိုက်တယ်။ ဖင်ဘက်ခြမ်းကို ခွဲပြီး မြားနောက်မြိှးပုံစံ စက္ကုစလေးညှပ်ပြီး သားရေကွင်းနဲ့ ချည်လိုုက်ရင် အရည်အသွေးမှီ မြှားတစ်ချောင်းရပြီပေါ့လေ။ ဒါပေမယ့် ပစ်လိုက်သမျှ မြှားတွေက တစ်ချောင်းမှလည်း တည့်အောင် မသွားခဲ့သလို။ ပစ်မှတ်ကိုလဲ တစ်ချောင်းမှမထိခဲ့ပါဘူး။ အဲသည်တော့ ဒီကစားနည်းကို သုံးရက်လောက်နဲ့တင် ညည်းငွေ့ပြီး နောက်ထပ် ကစားနည်းအသစ်တွေ ထပ်မံရှာဖွေနေ မိပြန်ပါတယ်။
တရက်မှာတော့ အဖေက လေထိုးရတဲ့ ဘောလုံးလေးတစ်လုံး ၀ယ်လာခဲ့တယ်ဗျ။ ပျော်တာပေါ့။ အရောင်ကလဲ စုံလို့ပဲလေ။ ခြံထဲမှာ ဟိုကန်သည်ကန် လုပ်နေတုန်း အဖေက ဘောလုံးကိုပြန်ယူတယ်။ ဘာလုပ်လဲဆိုတော့ ဘောလုံးပေါ်က ရောင်စုံအကွက်လေးတွေပေါ်မှာ ကျွန်တော့် နာမည်တွေ ဆော့ပန်နဲ့ ရေးနေတယ်လေ။ တစ်လုံးစလုံး ကျွန်တော့်နာမည်တွေချည်းပဲပေါ့။ ပြီးသွားတော့မှ ခြံဝင်းထဲပြန်ဆင်းတော့တာပေါ့။ အဖေါ်လဲ မရှိဆိုတော့ကာ ဘော်လုံးကို မိုးပေါ်ပစ်တင်လိုက် ပြန်ဖမ်းလိုက်နဲ့ပဲ ဆော့ရတာ။ အမတွေကလဲ မကန်ပေးကြဘူးလေ။ တစ်ယောက်ထဲဟိုကန် သည်ကန်လုပ်နေတုန်း အမေက ဘောလုံးကို တွေ့တော့ ပြန်သိမ်း သွားပြန်ပါရောဗျာ။ ကောင်းကောင်းကို မဆော့ရဘူးနော်။ ဘာဖြစ်လို့လဲဆိုတော့ နာမည်ရေးပြီး ခြေထောက်နဲ့ကန်လိုက် နင်းလိုက်လုပ်နေတာ မကောင်းဘူးဆိုပြီး ပြောပြောဆိုဆိုနဲ့ ရေးထားတာတွေကို ပြန်ဆေးပြီး ဖျက်ပစ်နေပါတယ်။ ကျွန်တော့်မှာတော့ ဘေးကနေရပ်ကြည့်နေရတာပေါ့။ အမေ့ဆီကလဲ ပြန်လာရော ရေးထားတဲ့ နာမည်တွေကလဲ အကုန်အစင်မပြောင် ကွက်တိကွက်ကြားနဲ့ ဘောလုံးလေးက ရုပ်ဆိုးလို့ပေါ့။ ဆော့သာဆော့ရတာယ် ဘောလုံးလေးကလဲ မလှတော့ အရင်ကလောက်တောင် မပျော်နိုင်တော့ဘူးပေါ့ဗျာ။
သန်လျင်မှာ နေခဲ့တုန်းကတော့တမျိုးဗျ။ အဲသည်တုန်းက ကျွန်တော် ကျောင်းတောင်မတတ်သေးဘူး ထင်တယ်။ အဲသည်ဘက်ကရွှံ့တွေက အနီရောင်တွေဆိုတော့ အရုပ်လုပ်ဆော့ရင် အရမ်းကောင်းတာဗျ။ လူကြီးတွေရေတွင်းတူး၊မြောင်းတူးပြီဆိုရင် ပျော်ပြီ။ ရွှံ့တွေရော ရေတွေရောဆိုတော့ ကျွန်တော်တို့ကလေးတွေ စိတ်ကြိုက်ပေါ့။ အဲသည်မှာ သူများတွေထက်ကဲပြီး ဘယ်လိုဆော့လဲဆိုရင် ရွှံ့တုံးလေးထောင့်လေးလုပ်လိုက်တယ်။ အရှေ့ဘက်ကို လက်နဲ့ဖိပြီး ချိုင့်ခွက်လေးလုပ်တယ်။ ပြီးရင် ပုရွက်ဆိတ်တစ်ကောင် ဖမ်းထည့်လိုက်ပြီး လေးထောင့် မှန်တခုကို ရွှံ့ပေါ်ကနေဖိထည့်လိုက်တယ်ဆိုရင်ပဲ တယ်လီဗေးရှင်းတစ်လုံး ဖြစ်သွားပြီလေ။ အထဲမှာ ပုရွက်ဆိတ်လေးက ဟိုပြေးသည်ပြေးနဲ့ အခုခေတ်လိုဆို Discovery လိုလို ဘာလိုလိုပေါ့။ တီဗွီပေါ်မှာ သွားကြားထိုးတံနှစ်ချောင်းတောင် ထောင်လိုက်သေးတာ ပီပြင်ချက်ကတော့ လန်ထွက်နေတာပေါ့။ အဲသည်မှာနေတုန်းက မှတ်မှတ်ရရ အဖြစ်ကလေးရှိပါတယ်။ အမေက အိမ်မှာ ကြက်တွေမွေးထားတယ်လေ။ တရက်မှာ မရိုမသေ ရှူရှူပေါက်ချင်တာ အိမ်အောက်မဆင်းချင်တော့ အိမ်နောက်ဖေး လှေခါးထိပ်ကနေ အောက်ကို ပန်းလိုက်တာ အောက်မှာကြက်သားအုပ်မနဲ့ ကြက်ကလေးတစု ရှိနေတယ်လေ။ ကျွန်တော်ကလဲ သိသိနဲ့ကို အဲသည်ဘက်ကို လှည့်တာကိုးဗျ။ အဟဲ ငယ်ငယ်ကတည်းက အဲသလို ကြင်နာတတ်တာလေ။ အဲသည်အချိန်မှာပဲ ကြက်မကြီးက ဒေါသထွက်ပြီး ဖလန်းဖလန်းဆို ကျွန်တော့်ဆီ တန်းတန်းမတ်မတ်ကြီး ပျံတက်လာပြီး ဖတ်ကနဲ ပေါက်ထည့်သွားပါရောလား။ ဖေါက် … အား.. အမေရေ။ သားကို ကြက်ခွပ်သွားပြီ အား.. ထိပ်ပေါက်သွားပြီ ဒူးခေါင်း ဒူးခေါင်း ကျွန်တော့်မှာ ကိစ္စလေးတောင် ပြီးအောင် လက်စမသတ်နိုင်တော့ဘူး.. ကြက်ခွပ်သွားတဲ့ ဒူးလေးကိုင်ပြီး အော်ငိုနေရတော့တာပါပဲ။ အဲသည်တော့မှ သင်ခန်းစာအသစ်တစ်ခုရသွားတယ်။ တရိစ္ဆာန်တွေကို အသားလွတ် အနိုင်မကျင့်တော့ဘူးလို့ (ကိုယ့်ပြန်လုပ်နိုင်တယ်ဆိုရင်) အဟဲဟဲ။ ခွေးကို ခဲနဲ့ပေါက်ရင် ခြံဝင်းထဲကနေ ပေါက်တယ်။ ကြောင်ကိုရေနဲ့ပက်ရင် အိမ်အမြင့်ပေါ်ကနေ လောင်းချတယ်။ ကြက်တွေကတော့ ဆော့လို့သိပ်မကောင်းဘူးဗျ။ ဘာမှမလုပ်ရသေးဘူး ဖလပ် ဖလပ်နဲ့ ပြေးတော့တာကိုး။ တခါတလေဆို အိမ်မှာမွေးထားတဲ့ ခွေးကို အမြီးမှာ နို့ဆီခွက် ချည်လွှတ်ပေးလိုက်တာ ပြေးလို့ကိုမဆုံးဘူး အတော်ပျော်စရာကောင်းတယ်လေ။ ကြောင်တွေဆိုရင်လည်း ရှေ့ခြေထောက်နဲ့ နောက်ခြေထောက်ကို အိပ်ပျော်နေတုန်း ကြိုးနဲ့ချည်ထားပေးလိုက်တယ်။ ပြီးရင် အစာကျွေးတဲ့ခွက်ကို ခေါက်လိုက်တယ်ဆိုရင်ပဲ ၀ုန်းကနဲ အသံကြားလို့ထလဲ ပြေးလာရော ၀ရုန်းသုန်းကားနဲ့ ဖြစ်နေတာကိုကြည့်ပြီး ရယ်လိုက်ရတာဗျာ တယ်ပျော်တာကိုးဗျ။ တခါတလေဆို ကျွန်တော့်ကို ကုတ်တဲ့ကြောင်ဆို နာပြီသာမှတ်၊ ဖမ်းပြီး နှာခေါင်းကို ပရုတ်ဆီ ပွတ်ပစ်တာပဲ။ နောက်ပြီးတော့ ကျွန်တော်တို့အိမ်မှာ ယုန်လည်းမွေးဖူးသေးတယ်တဲ့။ ကျွန်တော်က အရမ်းငယ်သေးတော့ မမှတ်မိတော့ဘူး။ ဒါပေမယ့် အမေပြန်ပြောပြတာတော့ ယုန်မကြီးက ယုန်လေးသုံးကောင်ပေါက်တော့ မောင်နှမသုံးယောက် တစ်ယောက်တစ်ကောင် ခွဲယူကြတယ်တဲ့။ အဲဒါ ကျွန်တော်က အဖြူကောင်လေးကို သူများကိုပေးရမှာစိုးလို့ ဆန်ပုံးထဲသွားဖွက်ထားတာ မွန်းပြီး သေသွားရှာတယ်တဲ့။ ဘယ်သိမလဲနော် ကလေးပဲဟာကို။
ကစားတဲ့အကြောင်း ရေးမယ့်သာရေးတာ ကျွန်တော်မူကြိုကျောင်းတက်တာသာ အချိန်ကုန်သွားတယ်၊ ဘယ်ကစားပွဲမှလဲ ၀င်မပါရဲခဲ့ဘူး။ ငယ်ငယ်က အင်မတန်လူကြောက်တတ်တဲ့ ကောင်ကိုးဗျ။ သူငယ်ချင်းမရှိတာလဲ မပြောနဲ့ ငယ်ငယ်က ကျောင်းတွေ ဟိုပြောင်းလိုက် သည်ပြောင်းလိုက်နဲ့ အဖေတာဝန်ကျတဲ့ နေရာတွေ ခဏခဏ လိုက်ပြောင်းနေရတာဆိုတော့ ကျောင်းသစ်တွေမှာ လူသစ်တွေနဲ့ ၀င်ဝင်ပြီး တစ်တန်းထဲ ထိုင်ရတဲ့ခံစားမှုက ကျွန်တော့်ကို အရမ်းဖိစီးခဲ့တာကိုးဗျ။ ငါ့ကို အနိုင်များကျင့်ကြမလား။ စကားပြောကြပါ့မလား။ ဆရာမတွေကရော သဘောကောင်းပါ့မလား။ ကျောင်းတတ်ရခြင်းဆိုတာ အတွေ့အကြုံအသစ် ဆိုတာကလွဲပြီး ပျော်စရာလို့ မခံစားမိတတ်ခဲ့တာ ပထမတန်း၊ ဒုတိယတန်း လောက်ထိပဲဗျ။
ဒုတိယတန်းမှာ ကျွန်တော် ဘားအံမြို့က ရပ်ကွက်မူလတန်းကျောင်းလေးကိုရောက်တော့မှပဲ ကလေးပီပီ မျောက်ခြောက်ခြင်း လုပ်ငန်း စဖြစ်တော့တယ်ဆိုပါတော့ဗျာ။ ဒါတောင် စပြောင်းပြောင်းချင်းတုန်းက လာပြီး ဗိုလ်ကျတဲ့ကောင်တွေက ရှိသေးတာကိုးဗျ။ ဘယ်ရမလဲ ကျွန်တော်က ဆရာမနဲ့တိုင်တာပေါ့။ ငယ်ငယ်ကကျောင်းလေးက ကြမ်းပြင်မှာထိုင်ပြီး ခုံတန်းရှည်လေးတွေမှာ တတန်းကို သုံးယောက်လေးယောက် ထိုင်ကြရတာပါ။ ခုံတွေပေါ်မှာလဲ နေရာမကျော်ရ ဥပဒေသတ်မှတ်ပြီး ပေတံနဲ့တိုင်းပြီး ခုံကို ဓါးနဲ့ခြစ်ပြီး နယ်နမိတ် သတ်မှတ်ပြီး ပညာသင်ကြားခဲ့ကြရတယ်။ အဲသည်ကျောင်းစရောက်ရောက်ခြင်း ဆရာမက ကျောင်းသားအသစ်ဆိုတော့ ပညာရည်စမ်းသပ်တာလားတော့ မသိဘူးဗျ အတန်းရှေ့ခေါ်ထုတ်ပြီး 1 ကနေ 10 အထိ ကျောက်သင်ပုန်းပေါ်မှာ ရေးပြထားတာတွေကို အော်ဖတ်ခိုင်းတယ်လေ။ ပျင်းတာပေါ့ဗျာ ဒုတိယတန်းကျောင်းသားပဲဟာ။ 1 ကတော့ဟုတ်လို့ 2 ကို တူး လို့ဖတ်တော့ တစ်တန်းလုံးဝိုင်းရီတယ်။ အားတောင်ငယ်သွားတယ်ဗျာ။ 3 ကို သရီး လို့ဖတ်တော့လဲ ဝေါကနဲရီကြပြန်ရောဗျာ။ စိတ်တော့ဆိုးသွားတယ်။ နောက်ဆုံး 10 ကျတော့ တန်း လို့ဖတ်တာ မှားတယ်တဲ့လေ။ သည်ကျောင်းမှာကျတော့ ထူး၊ထွီး၊ဖိုး၊ဖိုက်… ထန်း အဲလိုမျိုး ဖတ်ရတာကိုးဗျ။ ကျွန်တော်ကတော့ ဘယ်လိုပြင်ပေးပြင်ပေး လက်မခံဘူး။ ပီ၊ ကျူ၊ လို့ဖတ်တာကိုလဲ မှားတယ်တဲ့၊ ဖီ၊ ခယူ လို့ဖတ်ရမယ်တဲ့။ တီ မဟုတ်ဘူး ထီ တဲ့ စိတ်ညစ်လိုက်တာ။ အိမ်ပြန်ရောက်တော့ စဉ်းစားမိသေးတယ် သည်ကျောင်း တစ်ကျောင်းလုံး အသံထွက်မှားနေကြတာ ငါဘယ်လို သူတို့လက်ခံအောင် လုပ်ရမလဲ ဆိုပြီးတော့ပေါ့။ အိမ်မှာပြန်ပြောတော့လဲ ကျောင်းက သင်တဲ့အတိုင်း နားထောင်တဲ့။ မှားနေတာကြီးကို ကျွန်တော်ကတော့လက်မခံနိုင်ပါဘူးနော်။ ကျူရှင်ဆရာမက ချော့မော့ပြီး ဒီလိုပဲ အသံထွက်တွေ ကွဲလေ့ရှိကြောင်း အမေရိကန်ကလူတွေက တမျိုးထွက်ပြီး အင်္ဂလန်ကလူတွေက တမျိုးထွက်ကြောင်း ပြောတော့မှာပဲ လက်မခံချင်ခံချင်နဲ့ ငြိမ်နေလိုက်ရပါတယ်။ ဒါတောင် z ဇက် ကို ဇီး လို့ ဖတ်ရတာကိုတော့ အတော်ကြာတဲ့အထိ လက်ခံလို့မရခဲ့ပါဘူး။ နောင် ငါးတန်းရောက်လို့ ကျောင်းထပ်ပြောင်းပြန်တော့ ပီ၊ ကျူ၊ တီ၊ တူး၊ သရီး၊ ဇက် ပြန်ဖြစ်သွားရပြန်ရောဗျာ။
တတိယတန်းရောက်တော့ ဘိန်းဖြူတွေမှောင်ခိုလုပ်ကြပြီ။ ဆိုလိုတာက ဒီလိုပါ၊ မြန်မာဗွီဒီယိုကားတွေထဲကလို လူဆိုးတွေ တောထဲမှာ ဘိန်းဖြူလဲတမ်း ကစားကြတာပါ။ ကျောင်းဝင်းထဲမှာ ကုန်းစောင်းကြီးနဲ့ သစ်ပင်တွေ ကွင်းပြင်တွေ ရှိတာကြောင့် ကျွန်တော်တို့ ပိုင်နက်သတ်မှတ်ဖို့က အတော်အဆင်ပြေပါတယ်။ အတန်းအားချိန်ဆို ယောက်ျားလေးတွေ စုပြီ ဘယ်နှစ်ယောက်စီခွဲမယ်၊ လူကောင်အကြီးအသေးမျှအောင် ဟိုဘက်သည်ဘက် လူဆိုးတွေ ခွဲမယ်ပေါ့။ လက်စောင်းထက်တဲ့သူတွေ ကိုယ့်အဖွဲ့ထဲရောက်အောင် လုရတာလဲ အမောပါပဲ။ ဘာလို့လဲဆိုတော့ တကယ်ဆော်ရတာကိုးဗျ။ ကရင်လေးတွေ မလွယ်ဘူး။ အမှန်အကန်တီးတာ။ တခါတလေ လူဆိုးနှစ်ဖွဲ့ပဲ ဘိန်းဖြူနဲ့ ပိုက်ဆံလဲလှယ်ရင်း သစ္စာဖေါက်ပြီ ထိုးပြီ။ ပြီးရင်ထွက်ပြေးပေတော့ပဲ။ လက်သွက်တဲ့သူက အလစ်ဝင်တွယ်ပြီး ကျောင်းပတ်ပြေးပေတော့ပဲဗျို့။ တခါတလေ လူများရင်တော့ လူဆိုးနှစ်ဖွဲ့တင်မကဘူး ရဲပါ ပါလာတယ်ပေါ့။ ဘယ်အဖွဲ့မှာနေနေ ကျန်တဲ့နှစ်ဖွဲ့လုံးကို ချရတာချည်းပဲ။ ကိုယ့်ဖက်ကနှစ်ယောက်နဲ့ သူများတစ်ယောက်တွေ့ရင် ဟိုကောင်ပြေးပေတော့ပဲ။ ဒါပေမယ့် အကောင်ကြီးတဲ့ ကလေးတွေနဲ့တွေ့ရင်တော့ ကျွန်တော်တို့က ပြန်ပြေးရပြန်ရော။ ပျော်လဲပျော် နာလဲနာနဲ့ ဆော့ရတဲ့ ကစားနည်းပေါ့ဗျာ။ အဲဒါကြောင့်လဲ ဒုတိယတန်းကတည်းက စတပ်ရတဲ့ ကျွန်တော့်မျက်မှန်ဟာလည်း တဂျွပ်ဂျွပ်နဲ့ ခဏခဏ အသစ်လဲ နေရတာပေါ့။
ဆော့နည်းကလဲ မျိုးစုံ၊ အုန်းပိုးကောင်တွေကို ကြိုးချည်ပြီး လွှတ်လိုက်တော့ အဝေးကြီးလဲ မပျံနိုင် တဝီဝီနဲ့ ရုန်းနေရရှာတာ။ ပြန်စဉ်းစားမိလေ အကုသိုလ်များခဲ့မှာ ပေါ်လာလေပဲဗျာ။ တချို့ကောင်တွေဆို ပိုဆိုးသေး။ မိုးတွင်ဆို တွန့်လိမ်တွန့်လိမ်နဲ့ လာတတ်တဲ့ ကျွတ် တွေကို သားရေကွင်းလို ဆွဲဆန့်လိုက်ပြီး ထုံးလိုက်တယ်လေ။ ဟိုကောင်တွေခမျာ ဘာမှမလုပ်တတ်တော့ဘူး။ လှုပ်စိရွစိနဲ့ ဒုက္ခရောက်နေကြတာကို အပျော်လုပ်ပြီး ထိုင်ကြည့်နေကြတာ။ သုံးတန်းလေးတန်းလောက်နဲ့ မြင်းအကြီးကြီးကို ဒုန်းစီးတက်တဲ့ ကောင်တွေလဲ ရှိတယ်။ မြွေတွင်းကို လက်နဲ့ တန်းနှိုက်ရဲတဲ့ ကောင်တွေလဲရှိတယ်။ သားရေကွင်း အင်မတန် လက်တည့်တဲ့ ကောင်တွေလဲရှိတယ်။ ဖိနပ်ပစ်တာ တချက်မလွဲတဲ့ ကောင်တွေလဲရှိတယ်။
အဲသည်တုန်းက ကလေးတွေ ဘယ်လောက်ဆော့လဲဆိုရင် လူကြီးတွေ လက်ခုံတွေပေါ်မှာ ဇွဲ တို့ သတ္တိတို့ ထိုးသလိုမျိုး လက်ခုံပေါ်မှာ အနာခံပြီး လက်မနဲ့ အချက်ငါးဆယ်လောက်ဖိပွတ်လိုက်ရင် သားရေခွံက လန်ရောလေ။ ဒါကိုပဲ သတ္တိရှိတဲ့ ယောက်ျားမှန်ရင် လုပ်ရရတယ်ဆိုလို့ နေရင်းထိုင်ရင် ဘယ်ညာ လက်နှစ်ဘက်မှာ သားရေခွံကွာရသေးတယ်ဗျာ။ တဖက်ဆို ပွတ်လိုက်တာ လက်ဆလွန်သွားလို့ အကြောနားထိသွားတာ ခုချိန်ထိ သေရာပါ အမှတ်အသားကို ဖြစ်ရောပဲ။ မှတ်မှတ်ရရ အဲသည်ကိစ္စကို အစဖေါ်တဲ့ သူငယ်ချင်းနဲ့ ကျွန်တော်နဲ့ ငြင်းခုန်ကြတာကိုလဲ သတိရနေမိသေးတယ်ဗျ။ အဲသည်အချိန်က မိုက်ကယ်ဂျက်ဆင် အရမ်းနာမည်ကြီးနေချိန်ပေါ့။ တရက်မှာ သူကပြောတယ်။ မိုက်ကယ်ဂျက်ဆင် သေသွားပြီတဲ့။ ၁၉၉၂ ခုနှစ်က နော်။ ကျွန်တော်ကလဲ ငြင်းတာပေါ့ ဘယ်ကသေရမှာလဲ။ သူသာသေရင် သတင်းမှာ ပါရမှာပေါ့ဆိုပြီး လက်မခံပါဘူး။ သူကလဲအခိုင်အမာကိုပြောတာ။ ဘယ်လိုသေလဲမေးတော့ .. ငါအခွေထဲမှာကြည့်ရတာတဲ့ .. သူနဲ့ အရိုးစုနဲ့ ဘလိတ်ဒန့် ပြိုင်ကတာတဲ့။ မိုက်ကယ်ဂျက်ဆင်က ထမင်းစားပြီးပြီးချင်း ဖြစ်နေလို့ ဘေးလူတွေက မကဖို့တားတာကို လက်မခံပဲ ကတော့ အရိုးစုက ကနေရင်းနဲ့ မိုက်ကယ်ဂျက်ဆင် ဗိုက်ကို ကန်လိုက်တာ သေရောတဲ့။ ကောင်းရော ကျွန်တော်လဲ သေချာတော့ မသိပေမယ့် မဖြစ်နိုင်ဘူးလို့ပဲ ထင်တယ်။ သူကလဲ လုံးဝဆို လုံးဝပဲ။ ဖြစ်နိုင်တာက MTV ကြည့်ရင်း ဘေးနားက လူကြီးတစ်ယောက်ယောက် ဟာသပြောလိုက်တာကို တကယ်ထင်ပြီး လာပြောနေတယ်နဲ့တူပါတယ်။ အဲဒါကြောင့် ကလေးတွေကို လူကြီးတွေ လိမ်ညာမပြောသင့်ဘူးလို့ ပြောချင်တာ။ ခုတော့ငြင်းခုံနေရပြီ။
ဒုတိယတန်းကျောင်းပိတ်စဉ်က ထင်တယ် ရန်ကုန်မှာ အလည်လာကြရင်းနဲ့ တဝမ်းကွဲအကို တက်တဲ့ ကျူရှင် ခဏဝင်တတ်ဖြစ်သေးတယ်ဗျ။ ကစားတဲ့အကြောင်းနဲ့တော့ မပတ်သက်ဘူးပေါ့လေ။ ဒါပေမယ့် ထုံးစံအတိုင်း ကျွန်တော် တလွဲလုပ်မိပုံလေး ပြောပြချင်လို့။ ဆရာက ယောက်ျားလျာဗျ။ မိန်းမတောင်ယူထားသေး။ ဒါပေမယ့် အဲဒီကိစ္စတွေ ကျွန်တော် သေချာတော့ မသိခဲ့ပါဘူးဗျာ။ အဲသည်ဆရာက စာတိုင်ပေးတယ် လိုက်ရေးပေါ့။ ရေးတာပေါ့ လွယ်လွယ်လေးဟာကို။ တခြားဟာတွေတော့ မမှတ်မိတော့ဘူး မှတ်မိတာက မိုးစင်စင်လင်းပြီ လို့တိုင်ပေးလိုက်တာကို ကျွန်တော်က မိုးစင်စင် -ီးပြီ လို့ရေးမိပါရော။ အမှတ်ခြစ်ပေးရင်းနဲ့ ဆရာက ထအော်ပါရောလား ဟ ကျူရှင်ဧည့်သည် လာတက်တဲ့ကောင်က အလာကြီးပါလား ငါ့ကိုဆဲတာလားကွဆိုပြီး အော်ခံရပါတယ်။ ကျန်တာတွေ အကုန်မှန်တဲ့ဟာကို ဒါလေးမှားတာနဲ့ အော်တယ်ဗျာ။ ဆရာက ဆိုးတယ်နော်။
သုံးတန်းလား လေးတန်းလား မသိဘူး နွေရာသီကျောင်းပိတ်တော့ ရန်ကုန်က အဖိုးအဖွားအိမ်ကို အလည်လာကြရင်းနဲ့ စွန်းလွန်းဝိပဿနာ ကျောင်းမှာ ကိုရင်ဝတ်ဖြစ်ပါတယ်။ အစ်ကိုဝမ်းကွဲတစ်ယောက်ရယ် နောက် ဦးလေးတစ်ယောက်နဲ့ရယ်ပေါ့။ ငယ်ကလဲ ငယ်သေးတာမို့ ၀ိပဿနာကျောင်းမှာ ကိုရင်ဝတ်ရတာ မလွယ်လှပါဘူး။ တစ်နေ့ကို သုံးကြိမ် အာနာပါန ၀င်လေထွက်လေ မှတ်ရတယ်။ ပြီးရင် တရားထိုင်ရပါတယ်။ စိတ်နောက်ကို လိုက်ပြီးမှတ်ရတာပေါ့။ မနက်နဲ့ နေ့လည်က မထောင်းသာလှပေမယ့် ညကိုးနာရီမှာ စထိုင်ရတာကတော့ တယ်မလွယ်ပါဘူး။ ကလေးကလဲ ဖြစ်ပြန် တစ်နေ့လုံးလည်း ငြိမ်ငြိမ်နေထားတာမဟုတ်တော့ မျက်စိကိုမှတ်ပြီး မလှုပ်မယှက် ငြိမ်ပြီးထိုင်နေရတာ တရားမှတ်ဖို့ ဝေးစွ အလွန်အိပ်ငိုက်တာကိုးဗျ။ လူက ဘယ်ဘက်ကို တဖြည်းဖြည်းချင်းယိမ်းသွားလိုက် ဆတ်ကနဲ သတိရလို့ ပြန်တည့်လိုက်။ အရှေ့ငိုက်လိုက်၊ အနောက်လန်လိုက်နဲ့၊ ကျောင်းထိုင်ဆရာတော် ဆူမှာကလဲ ကြောက်ရသေးတာကိုးဗျ။ တခါဆို တရားထိုင်နေရင်း ငိုက်ပြီး ပက်လက်လန်ကျသွားတာ ခေါင်းတုံးနဲ့ ကြမ်းပြင်နဲ့ ဒုန်းကနဲနေအောင် တိုက်ပြီးမှ နိုးလာပြီး ၀ုန်းကနဲ မူလအနေအထားအတိုင်း ပြန်ဖြစ်အောင်လုပ်ပြီး မျက်စိလေးမှိတ်လို့ ၀င်လေထွက်လေ ရှူးရှဲ ရှူးရှဲဆက်လုပ်နေရတာ။ ဆရာတော်ကြီးက ဘယ်ကအသံပါလိမ့်ဆိုပြီး ဟိုဟိုသည်သည် လိုက်ကြည့်လိုက်သေးတယ်။ ဘယ်ရမလဲ သမာဓိမရှိပေမယ့်၊ ဥပဓိနဲ့ မှင်က သေလေတော့ ဘယ်ကိုရင်ဆီက အသံမှန်း သူမသိလိုက်ပါဘူးလေ။
နေ့ခင်းဘက်အားလပ်ချိန်လေး ပျင်းတော့ ဆော့ကလဲဆော့ချင်၊ ကိုရင်တွေသိ်ပ်ဆော့လွန်းရင် အဆူခံရမှာစိုးလို့ ဘယ်မှာ ဘာလုပ်ရမှန်းလဲမသိ။ ညီအစ်ကို ကိုရင်နှစ်ပါး အိမ်ခေါ်နာမည်တွေမှားခေါ်လိုက်၊ ကိုရင် ပြန်ခေါ်လိုက် ဟုတ်ကဲ့ပြောလိုက် တင်ပါ့ ပြောလိုက်နဲ့ ဘုရားရင်ပြန်ပေါ်တတ်လာဖြစ်ကြပါတယ်။ အဲသည်မှာ ကိုယ်ပေါ်မှာကောင်းကောင်းမမြဲတဲ့ သင်္ကန်းတွေကို ခင်းလိုက်တယ်။ ကိုရင်တပါးက တက်ထိုင်ရင် နောက်တပါးက တဖက်ကနေ ဆွဲပြေးပြီးကစားကြတာပေါ့။ ဘုရားရင်ပြင်ပတ်ပြီး ဆွဲပြေးကြတာလေ။ ဒီလိုပဲ စိတ်ပြေလက်ပျောက်ရုံလေးပေါ့။ မောလာတော့ ခဏနားလိုက်ကြရင်း ဟိုဟိုသည်သည်ကြည့်ရင်း ဘုန်းကြီးယပ်တောင် လက်ကိုင်ပြုတ်နေတာလေး တွေ့တယ်ဗျ။ ဘုန်းကြီးယပ်တောင်ဆိုတာက ဘေးပတ်ပတ်လည် သံကွင်းအဝိုင်းနဲ့ အလည်က သင်္ကန်းပိတ်စနဲ့ဆိုတော့ လက်ကိုင်ဖြုတ်ထားလိုက်ရင် ကလေးတွေပစ်ကစားတဲ့ ကော်ပြားလိုမျိုးဖြစ်နေတာလေ။ ဒါနဲ့ ဘယ်ရမလဲ ကိုယ်တော်လေး နှစ်ပါး ဘုရားရင်ပြင်တော်ပေါ်မှာ ဟိုဘက်သည်ဘက်နေရာယူလို့ ကစားကြတော့တာပေါ့။ ညနေလောက်လဲ ရောက်ရော ဗိုက်ကလဲ ဆာလာလိုက်တာ ဘာမှမတက်နိုင်ဘူး၊ ဖြူဖွေးနေတဲ့ သင်္ကန်းလေးတွေကို ခါလို့ ဘုန်းကြီးကျောင်းဆောင်ပြန်လာပြီး ဖျော်ရည်လေးတွေပဲ သောက်နေရတော့တာ။
ဒုတိယတစ်ကြိမ် ကိုရင်ဝတ်တာ ငါးတန်းဗျ မှတ်မိပြီ။ အဲသည်အချိန်က အဆိုတော် ဗဒင် စပေါ်တဲ့အချိန် အရမ်းနာမည်ကြီးတာပေါ့။ တို့ကတော့ တို့ကတော့ဆိုရင် လူတိုင်းသိတယ်လေ။ နေရာတိုင်းကို ကြားနေရတာ။ ဗဒင်သီချင်းတွေကလဲ ကလေးတွေပါးစပ်ဖျားမှာပါ အမြဲလိုလို ကြားနေရတာပဲလေ။ ကိုရင်ဝတ်ကြီးနဲ့ ဟိုအော်သည်အော်ကလဲ လုပ်ချင်။ အဆူခံရမှာစိုးလို့ တိတ်နေရ။ ဒါပေမယ့် ဘုန်းကြီးကျောင်းမှာ ကိုရင်တို့အရွယ် မယ်သီလရှင်လေးတွေ လာဝင်ပါရော။ အဲသည်မှာ စတွေ့တော့တာပဲ။ ကိုရင်တွေက အဲသည် မယ်သီလရှင်လေးတွေ အနားကဖြတ်သွားရင် ဗဒင်သီချင်းစာသားက ဘာတဲ့ .. လိုက်လို့မရှာလဲ .. တွေ့တွေ့နေတယ်.. လမ်းလို့မခေါ်လဲ ရောက်ရောက်လို့လာတယ်.. အဲသည်ဟာကို ဆက်ဆိုနေရင်း နောက်ဆုံးနေရာကြတော့မှ ပျိုပျိုမေ ကတုံး .. ဆိုပြီး ဆိုချလိုက်တော့ သူတို့ခမျာ ကြားပဲမကြားတာလား မကြားချင်ယောင်ဆောင် တာပဲလား တော့မသိဘူး လှည့်ကိုထွက်သွားကြတာပဲ။ နောက်တော့မှ ကိုရင်တို့လည်း အဆူခံရမှာကြောက်တာကလဲ တစ်ကြောင်း၊ တကာမကြီးတွေ ဆရာတော်နဲ့ မျက်နှာပျက်မှာ အားနာတာကလဲ တစ်ကြောင်းကြောင့် သိက္ခာပြန်ထိန်းရင်း သာသနာ့ဘောင်ကို ငါးရက်တိတိ အောင်မြင်စွာ ကြိတ်မှတ်ဖြတ်ကျော်ဖြစ်ခဲ့ပါတယ်။ ကိုရင်ထွက်ပြီး နောက်တနေ့က သင်္ကြန်ကျတာပဲလေ။ နှစ်သစ်ကူးမှာ သာသနာ့ဘောင်မှာ ဘယ်လိုမှငြိမ်ငြိမ်ဆိမ်ဆိမ် နေလို့မရမှန်း လူကြီးတွေက သိလို့နဲတူပါတယ်။ သင်္ကြန်မတိုင်ခင်လေး ကိုရင်ဝတ်ပေးပြီး ခေါင်းတုံးလေးတွေနဲ့ သင်္ကြန် လျောက်လည်စေပါတယ်။ ရေပူပေါင်းတွေ မပိတ်ပင်ခင်ကဆိုတော့ ရန်ကုန်မြို့ပေါ်မှာ ရေပူပေါင်းတွေ တဖုန်းဖုန်း၊ ရပ်ကွက်ထဲ ခွက်စေါင်းတွေ တဖေါင်းဖေါင်း နဲ့မို့ အပြင်ထွက်ရင် ဦးထုပ်ကတော့ မချွတ်တမ်း ဆောင်းထားရတာပေါ့။ နို့မို့ဆိုဘယ်လွယ်လိမ့်မလဲ။
ငယ်ငယ်ကဆော့ခဲ့တဲ့ အကြောင်းလေးတွေ မှတ်မိသလောက်ရေးထားတာပါ။ နောက်ထပ် သတိရလာမှ ထပ်ရေးတော့မယ်ဗျာ။ ပြီးတဲ့အထိဖတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။