Sunday, October 20, 2013

နိုင်ငံသားမှတ်ပုံတင်မရှိတဲ့မြို့

မက်ထရိုပိုလီတန်ယဉ်ကျေးမှုတဲ့လား
ဟုတ်ရင်လည်းဟုတ်မှာ
လမ်းပေါ်ကနီနီရဲရဲတွေက
ကုလားဗမာတရုတ် အကုန်ဝိုင်းထွေးထားတဲ့ ကွမ်းတွေ ...

ကောင်မလေးတွေက
ရှမ်းခေါက်ဆွဲစားလိုက်
တရုတ်ပေါက်စီစားလိုက်
ကုလားဗယာကြော်စားလိုက်
ယိုးဒယားအကင်စားလိုက်
ရခိုင်မုန့်တီစားလိုက်
မလေးရှားခေါက်ဆွဲစားလိုက်

ကောင်လေးတွေက
ဆိုဂျူးသောက်လိုက်
ဆာကေးသောက်လိုက်
ကော့တေးသောက်လိုက်
ဂရန်းသောက်လိုက်
ဂျော်နီသောက်လိုက်
ဗေါ်ကာသာက်လိုက်
ဇေသောက်လိုက်

ဘာလာလာဒေါင်းနေတဲ့နေ့ညတွေ
ကွန်တမ်ပိုရာရီအနုပညာများစွာ
အန်ဖတ်ဆို့နေကြ
ကာရာအိုကေအနံ့တွေရတယ်
မာဆက်အသံတွေကြားတယ်
ကလပ်အငွေ့တွေထောင်းထောင်းထ
ယနေ့အမြတ်သည် မနက်ဖြန်အတွက်အရင်းဆိုလား
အပေါစားမိတ်ကပ်နံ့တွေ လွှားကနဲ
ဗွက်အိုင်ကို ခုန်ကျော်သွားနေတဲ့ ဒေါက်ဖိနပ်တွေစီး
ခြေသလုံး ဖြူမဲညိုဝါ
အံစာတုံးခေါက်သလို ကျလာတဲ့ နံပါတ်စဉ်အတိုင်း
လိမ့်ဆင်းသွားကြတဲ့ ည တွေ ထဲ က
အပျိုမဟုတ်တော့သော မိန်းမတွေ
သီးသန့် ယဉ်ကျေးတဲ့နေရာ
ဘာရှာလဲ ဘာလိုလဲ အကို ....
မေးခွန်းများစွာ မေးခံရပြီးသကာလ
ခေါင်းခါပြ
ဆက်သွား ...
ဒါ ယဉ်ကျေးမှုပေါင်းစုံတဲ့ညရဲ့ ခပ်ညံ့ညံ့ရသ ... ။

လူကူးမျဉ်းကြားကို လူလိုကူးမရတဲ့ လမ်းတွေကိုဖြတ်လို့ဆူးလေမီးပွိုင့်က LED လူအစိမ်းရောင်လေးတောင် ၀ရုန်းသုန်းကား ပြေးလို့ဟိုအန်ကယ်ပြောသလိုစျေးမရောင်းရနယ်မြေမှာ စျေးလာရောင်းသူတွေကိုစျေးရောင်းခွင့်ပိတ်ရင်တောင် ဆန္ဒထုတ်ဖေါ်ပြီး စျေးရောင်းခွင့်တောင်းကြတဲ့ ရေစီးကြောင်းထဲမှာမထုတ်ဖေါ်ဖြစ်သောဆန္ဒသုံးဒါဇင်လောက်နဲ့လိုအပ်ရင်ဘရိတ်သုံးမယ် တန်းတွေကွင်းတွေကိုင်ထားဆိုတဲ့ဘယ်ကွေ့မယ်ညာယိမ်းမယ် လိုင်းကားတွေစီးလို့ပြန်မရတတ်တဲ့အကြွေတွေအကြောင်းစဉ်းစားနေတုန်းကွန်ဒိုမီနီယံတွေထိုးထောင်တက်လာတာ သတိတောင်မထားမိလိုက်ဘူး။
အဆိပ်ပင်ကိုရေလောင်းပြီး အရိပ်ပါခိုလို့ကောင်းနေချိန်မှာ
အမြစ်လှန်ဖို့လာပြောသူက ဒီရေဒီမြေရဲ့ ဘုံရန်သူတောင်ဖြစ်သွားနိုင်တယ်
ခေတ်အကြောင်း စနစ်အကြောင်း မပြောကြကြေးဆို
လမ်းဘေးလက်ဖက်ရည်ဆိုင်တွေ ရုပ်ကြွင်းတောင်ကျန်ပါဦးမလား ...
သမ္မတအကြောင်းကို ဘီယာသောက်ရင်းပြောမယ်
ဒီမိုကရေစီကို လမ်းပြောင်းပြန်မောင်းရင်း ဝေဖန်မယ်
လူစိမ်းတွေစတွေ့ကြတဲ့အခါ
စကားစပြောစရာက
ရာသီဥတု ဘောလုံးပွဲ ကုန်စျေးနှုန်း လမ်းပိတ် မီးပျက် လိုင်းကျ တို့အပြင်
အစိုးရညံ့ဖျင်းကြောင်းကလည်း လူတိုင်းနဲ့အပေါက်အစပ်တည့်သား ...

ဖြစ်တော့လည်းဖြစ်တတ်ပါတယ်
ဒီမြို့ ဒီအချိန် ဒီအချေ ဒီရာသီနဲ့ဆိုတော့
ဒီစာမျိုးပဲ ရေးဖြစ်သွားတတ်တာ
ဖြစ်တော့လည်း ဖြစ်တတ်ပါတယ်လေ ....

(ဂယက်)

Sunday, June 30, 2013

ကြံကြံ .. ကြံကြံဖန်ဖန် ဆော့မယ် … နင်ဟာ နင်ဟာ ကမျင်းတတ်သလား

စာဖတ်သူတို့ ငယ်ငယ်တုန်းက ဘယ်လိုမျိုး ဆော့ကစားခဲ့ကြပါသလဲ။ မှတ်မိကြမှာပေါ့နော်။ ကျွန်တော်ကလည်း မှတ်မိသလောက် ငယ်စဉ်ကလေးဘဝတုန်းက ဘယ်လောက် ဆော့ခဲ့သလဲဆိုတာ ပြောပြချင်ပါသေးတယ်။ မြို့ပြမှာ မွေးဖွားကြီးပြင်းလာခဲ့တဲ့ ကလေးတွေ ကစားဖူးကြမှာ မဟုတ်တဲ့ ပေါက်ပေါက်ရှာရှာ အပျော်ဖွေရှာ ဆော့ခဲ့ကြပုံလေးတွေကို သိစေချင်တာလေးပါ။

အင်းတိုင်မှာနေတုန်းက ကျွန်တော်တို့နေတဲ့အိမ်နဲ့ လမ်းမနဲ့ကြားမှာ မြက်ပင်တွေကြားက ဖြတ်ပြီး မြေဖို့ထားတဲ့ လမ်းကလေးရှိပါတယ်။ အဲဒီ မြေကန်သင်းဘေးပတ်လည်မှာ နွေအခါ ပုရစ်တွေထွက်ချိန်ဆို ပုရစ်တွင်းလေးတွေ အများကြီး တွေ့နေရတာကြောင်း ကလေးပီပီ ဘယ်လိုမှမနေနိုင်ပါဘူး။ ရေပုံးနဲ့ ရေခွက်ကို ဆွဲပြီး တွင်းတွေထဲ ရေလောင်းထည့်ပြီး ထွက်လာမယ့် ပုရစ်တွေကို စိတ်လှုပ်ရှားစွာနဲ့ စောင့်ဖမ်းကြတာပေါ့ဗျာ။ တစ်ကောင်စ နှစ်ကောင်စ ရလာပြီဆိုရင် ဟောလစ်ပုလင်းခွံတွေထဲ ထည့်ပိတ်ထားတယ်။ ပြီးရင် အမေ့ကို ကြော်ခိုင်းမယ်ပေါ့လေ။ ပုရစ်ကြော်ဆို အင်မတန်ကြိုက်တာကိုးဗျ။ ဒါပေမယ့် အသက်ကြီးလာတော့ ဘာဖြစ်လို့မှန်း မသိဘူး ငယ်ငယ်တုန်းကအကြိုက်တွေနဲ့ မတူတော့တာတွေများလာတယ်။ ပုရစ်ကြော်လဲ မစားရဲတော့ဘူး။ နောက်ပြီးတော့ အဲဒီ ကန်သင်းရိုးလေးပေါ်မှာပဲ မိုးတွင်းဆို တွန့်လိမ် တွန့်လိမ်နဲ့ ဟိုသွားဒီသွား လုပ်နေတဲ့ တီကောင် အရွယ်အစားစုံကို လိုက်ဖမ်းပြီး ခေါင်းတဖက် ဖင်တဖက်ကိုင်ပြီး ဆွဲဆန့်လိုက်တဲ့အခါ ပျစ်ကနဲ ရေတွေပန်းထွက်လာတာကိုလဲ အပျော်လုပ်ပြီးဆော့ခဲ့ကြတာ ပြန်စဉ်းစားကြည့်ရင် အတော့်ကို အကုသိုလ်များတဲ့ အလုပ်ပဲဗျနော်။ ကျောင်းမှာဆရာမကဆုံးမတာရယ်၊ လူကြီးတွေကပြောတာတွေရယ်ကြောင့် တီကောင်တွေဟာ ကမ္ဘာကြီးကို အကျိုးပြုသူတွေဖြစ်ကြောင်း၊ မြေသြဇာများကို ထုတ်လုပ်ပေးသူတွေဖြစ်ကြောင်း သိရှိလာတဲ့နောက် အဲဒီကစားနည်းကို စွန့်လွှတ်ဖြစ်လိုက်ပါတယ်။

စကားစပ်စပ် မစပ်စပ် ကြားဖြတ်ပြီး ဖြတ်ကနဲ သတိရလာလို့ မူကြိုကျောင်းတုန်းက အကြောင်းလေးတခု ပြောပြမယ်ဗျာ။ ကျွန်တော့်ရဲ့ ပထမဆုံးအနေနဲ့ ဆဲဆိုခြင်းဆိုတာကို စတင်ကြားသိဖူးတာပေါ့။ မူကြိုကျောင်းမှာ ကဗျာတွေဆိုနေကြရင်းနဲ့ အားလုံးမတ်တပ်ရပ်နေကြချိန် ကောင်လေးတစ်ယောက်က ဆရာမကို သွားတိုင်တယ်။ ဆရာမ သူသားကို ဆဲတယ်ပေါ့။ ဆရာမက ဘယ်သူလဲထွက်ခဲ့လို့ဆိုတော့ ကောင်မလေးတစ်ယောက် ထွက်လာတယ်။ တခန်းလုံး တိတ်ဆိတ်လို့ပေါ့။ ဆရာမက သေချာအောင်ထပ်မေးတယ် နင်သူ့ကို ဆဲတယ်ဆို။ ဟုတ်ကဲ့။ ဘယ်လိုဆဲသလဲပြောစမ်း။ “–” တဲ့.. နှစ်လုံးထဲပါ။ မရေးပြတော့ဘူးနော်။ ကောင်မလေး အသံသေးသေးနဲ့ အဲဒီလိုပြောလိုက်တဲ့စကားလုံးကို ကျွန်တော်တခါမှလဲ မကြားဖူးဘူး။ ဘာကြောင့် ဆရာမက သူမကို ရိုက်ရတာမှန်းလဲ နားမလည်ဘူး။ အဲဒီလိုအပြောခံရတဲ့ ကောင်လေးကလဲ ဘာကြောင့်စိတ်ဆိုးပြီး ဆရာမကိုတိုင်ရတာမှန်းလဲ မသိခဲ့ဘူး။ အဲသည် စကားလေးနှစ်လုံးကို အထူးအဆန်းဖြစ်ပြီး ကျောင်းဆင်းလို့ အိမ်ကိုရောက်တော့ အမေ့ကို ပြန်မေးတယ် အမေ အဲဒါဘာကိုပြောတာလဲဟင် ဆိုတော့ အမေက ပြန်မဖြေဘူး။ ဘယ်ကကြားလာတာလဲ ပြောစမ်းဆိုပြီး ဆူတယ်။ နောက်မပြောရဘူးဆိုပြီး အငေါက်ခံရတယ်ဗျာ။ ကျွန်တော်လဲ ဘာမှမသိရပဲနဲ့ဟာကိုနော်။ သိကလဲ သိချင် မေးလဲ မမေးရဲပဲနဲ့ နောက်တော့ ဘယ်လိုကနေဘယ်လိုသိသွားလဲတော့ မပြောတတ်တော့ပါဘူး။ ခုလို အသက်ကြီးလာတဲ့အချိန်မှာတော့ ဆဲဆိုခြင်းပေါင်းများစွာကို နားထဲ စုံလင်စွာ အပစ်ထည့်ခံရခဲ့ပြီးပြီမို့လို့ ဘယ်စကားလုံးကမှ အထွေအထူးဖြစ်မနေတော့သလောက်ပါပဲ။ ဆော့တဲ့အကြောင်းကနေပြီး ဆဲတဲ့အကြောင်း ရောက်သွားတယ်။ အဲဒီစကားလုံးနှစ်လုံးကိုသိချင်ရင်တော့ ကျွန်တော့်ဆီ e-mail ပို့ပြီး မေးမြန်းနိုင်ပါတယ်။ မေးစရာတောင်မလိုပါဘူး သိတောင် သိနေလောက်ပါပြီ .. နော်။

အင်းတိုင်မှာနေတုန်းက အဖေက အရာရှိအိမ်ခန်း မရသေးခင်မှာ လောလောဆယ် အဆင်ပြေအောင် အိမ်ဆောက်နေရတာဆိုတော့ အိမ်အမိုးပြင်ဖို့ အင်ဖက်တွေ အများကြီးကို ခြံရှေ့က ကန်သင်းရိုးဘေးမှာ ပုံထားပြီး တာလဘတ်စကြီး အုပ်ထားပါတယ်။ အဲသည်အပုံကြီးက အိမ်တလုံးစာလောက်ရှိတာဆိုတော့ ကျွန်တော်တို့မောင်နှမတွေရော တခြားကလေးတွေပါ သွားဆော့ချင်နေကြတာပေါ့။ ဒါပေမယ့် အဖေ့ရဲ့ တချက်လွှတ်အမိန့်နဲ့ ဘယ်သူမ အဲသည်အနားမသွားရဲဘူးဗျ။ သူရှိနေရင်ပြောတာပေါ့။ တရက်မှာ အဖေလဲ မရှိတုန်း ကလေးတွေလဲစုံတုန်း ခြံဝင်းထဲမှာ ဆော့ရတာပျင်းလာတာနဲ့ အဲသည် အင်ဖက်ပုံကြီးထဲ ၀င်ဆော့ရရင် ကောင်းမှာပဲဆိုပြီး ချီတက်လာခဲ့ကြပါတယ်။ အင်ဖက်ပုံအမြင့်ကြီးပေါ်ရအောင်တက်လိုက် ကြားထဲတိုးဝင်လိုက်နဲ့ ပျော်နေကြတုန်း၊ အဖေ့ကို တစ်ယောက်ကလှမ်းတွေ့လိုက်တာနဲ့ ကလေးတွေအားလုံး မလှုပ်မယှက်ပဲ ငြိမ်နေကြပါတယ်။ ဒါပေမယ့် အင်ဖက်ပုံပေါ်တက်နင်းထားတာဆိုတော့ နဲနဲလေးလှုပ်လိုက်တာနဲ့ အသံကထွက်မှာကိုးဗျ။ အဲသည်အချိန်မှာ ကျွန်တော်က အပုံရဲ့အပေါ်ဆုံးမှာရောက်နေပြီ။ အဖေက အင်ဖက်ပုံဘက်ကို မသင်္ကာလို့ လျောက်လာကြည့်တယ်၊ ဘယ်သူ့ကိုမှတော့မတွေ့ဘူး ဒါပေမယ့် အော်လိုက်တယ် ဘယ်သူရှိလဲ ပေါ့။ ဘာသံမှမထွက်ဘူး အားလုံးတိတ်လို့။ ကျွန်တော်လဲ လုံးဝကို မလှုပ်ရဲဘူး ကုန်းကုန်းလေး ငြိမ်နေရတာ။ အဲဒါနဲ့ အဖေက ပြန်လှည့်တော့မလိုအလုပ်မှာ ကျွန်တော်ကလဲ ဘယ်လိုမှ တောင့်ထားလို့ မရတော့ဘူး ခြေထောက်လှုပ်လိုက်မိတာ ဂျွတ်ဂျွတ်ဆိုပြီး အသံထွက်သွားပါရော။ အဲဒါနဲ့ အဖေသိသွားပြီး ကလေးတွေ အားလုံးထွက်ခဲ့စမ်းဆိုပြီး ဆူတော့တာပေါ့ဗျာ။ အမတွေကလဲ အကြီးဆိုပြီး မထိန်းဘူးလားဆိုပြီး အဆူခံရလို့ ကျွန်တော့်ကို မကျေနပ်ကြဘူးလေ။ ဘယ်တက်နိုင်ပါ့မလဲဗျာ သူ့ဟာသူ လှုပ်မိသွားတာကိုးနော်။

ကျွန်တော်တို့အိမ်မှာ အိမ်အလုပ်တွေ လုပ်ဖို့အတွက်ရော နောက်ဖေးက စိုက်ခင်းကို ပြုစုဖို့အတွက်ရော လူကြီးတစ်ယောက် ခေါ်ထားပါတယ်။ အဲသည်လူကြီးကလဲ ကျွန်တော်တို့ အနွံအတာ ခံရရှာပါတယ်။ ကျွန်တော်တို့ ပျင်းနေမှာစိုးလို့ ဒန်းလေးလုပ်ပေးတယ်။ ဒါပေမယ့် သူလုပ်ပေးတဲ့ဒန်းက မာလကာပင် ကိုင်း စောင်းစောင်းမှာ လှုပ်လီလှုပ်လဲ့ချည်ထားတာဆိုတော့ လွှဲလိုက်ရင် လည်လည်ထွက်သွားပြီး စီးလို့လဲ မကောင်းဘူးဗျ။ မရှိတာနဲ့စာရင် ကောင်းပါတယ်လေ ဆိုပြီး မလွှဲပဲနဲ့ ဒီအတိုင်းလေး ထိုင်နေဖြစ်တာပါပဲ။ နောက်ပြီးတော့ မျှားပစ်ချင်တယ်ဆိုတော့ ၀ါးခြမ်းပြားတွေကို ကြိုးတပ် တင်းနေအောင်လုပ်ပြီး တစ်ယောက်တစ်လက် ပေးပါတယ်။ ပစ်မှတ်ကိုတော့ အိမ်ဘေးက ဗူးစင်အောက်မှာ ငှက်ပျောရွက်ကို ချိတ်ထားပေးပါတယ်။ မျှားတံတွေကိုတော့ ကျွန်တော်တို့ ကိုယ်တိုင်လုပ်ပါတယ်။ ၀ါးစကို လုံးနေအောင်ချောပြီး တဖက်ကို ချွန်လိုက်တယ်။ ဖင်ဘက်ခြမ်းကို ခွဲပြီး မြားနောက်မြိှးပုံစံ စက္ကုစလေးညှပ်ပြီး သားရေကွင်းနဲ့ ချည်လိုုက်ရင် အရည်အသွေးမှီ မြှားတစ်ချောင်းရပြီပေါ့လေ။ ဒါပေမယ့် ပစ်လိုက်သမျှ မြှားတွေက တစ်ချောင်းမှလည်း တည့်အောင် မသွားခဲ့သလို။ ပစ်မှတ်ကိုလဲ တစ်ချောင်းမှမထိခဲ့ပါဘူး။ အဲသည်တော့ ဒီကစားနည်းကို သုံးရက်လောက်နဲ့တင် ညည်းငွေ့ပြီး နောက်ထပ် ကစားနည်းအသစ်တွေ ထပ်မံရှာဖွေနေ မိပြန်ပါတယ်။

တရက်မှာတော့ အဖေက လေထိုးရတဲ့ ဘောလုံးလေးတစ်လုံး ၀ယ်လာခဲ့တယ်ဗျ။ ပျော်တာပေါ့။ အရောင်ကလဲ စုံလို့ပဲလေ။ ခြံထဲမှာ ဟိုကန်သည်ကန် လုပ်နေတုန်း အဖေက ဘောလုံးကိုပြန်ယူတယ်။ ဘာလုပ်လဲဆိုတော့ ဘောလုံးပေါ်က ရောင်စုံအကွက်လေးတွေပေါ်မှာ ကျွန်တော့် နာမည်တွေ ဆော့ပန်နဲ့ ရေးနေတယ်လေ။ တစ်လုံးစလုံး ကျွန်တော့်နာမည်တွေချည်းပဲပေါ့။ ပြီးသွားတော့မှ ခြံဝင်းထဲပြန်ဆင်းတော့တာပေါ့။ အဖေါ်လဲ မရှိဆိုတော့ကာ ဘော်လုံးကို မိုးပေါ်ပစ်တင်လိုက် ပြန်ဖမ်းလိုက်နဲ့ပဲ ဆော့ရတာ။ အမတွေကလဲ မကန်ပေးကြဘူးလေ။ တစ်ယောက်ထဲဟိုကန် သည်ကန်လုပ်နေတုန်း အမေက ဘောလုံးကို တွေ့တော့ ပြန်သိမ်း သွားပြန်ပါရောဗျာ။ ကောင်းကောင်းကို မဆော့ရဘူးနော်။ ဘာဖြစ်လို့လဲဆိုတော့ နာမည်ရေးပြီး ခြေထောက်နဲ့ကန်လိုက် နင်းလိုက်လုပ်နေတာ မကောင်းဘူးဆိုပြီး ပြောပြောဆိုဆိုနဲ့ ရေးထားတာတွေကို ပြန်ဆေးပြီး ဖျက်ပစ်နေပါတယ်။ ကျွန်တော့်မှာတော့ ဘေးကနေရပ်ကြည့်နေရတာပေါ့။ အမေ့ဆီကလဲ ပြန်လာရော ရေးထားတဲ့ နာမည်တွေကလဲ အကုန်အစင်မပြောင် ကွက်တိကွက်ကြားနဲ့ ဘောလုံးလေးက ရုပ်ဆိုးလို့ပေါ့။ ဆော့သာဆော့ရတာယ် ဘောလုံးလေးကလဲ မလှတော့ အရင်ကလောက်တောင် မပျော်နိုင်တော့ဘူးပေါ့ဗျာ။­­

သန်လျင်မှာ နေခဲ့တုန်းကတော့တမျိုးဗျ။ အဲသည်တုန်းက ကျွန်တော် ကျောင်းတောင်မတတ်သေးဘူး ထင်တယ်။ အဲသည်ဘက်ကရွှံ့တွေက အနီရောင်တွေဆိုတော့ အရုပ်လုပ်ဆော့ရင် အရမ်းကောင်းတာဗျ။ လူကြီးတွေရေတွင်းတူး၊မြောင်းတူးပြီဆိုရင် ပျော်ပြီ။ ရွှံ့တွေရော ရေတွေရောဆိုတော့ ကျွန်တော်တို့ကလေးတွေ စိတ်ကြိုက်ပေါ့။ အဲသည်မှာ သူများတွေထက်ကဲပြီး ဘယ်လိုဆော့လဲဆိုရင် ရွှံ့တုံးလေးထောင့်လေးလုပ်လိုက်တယ်။ အရှေ့ဘက်ကို လက်နဲ့ဖိပြီး ချိုင့်ခွက်လေးလုပ်တယ်။ ပြီးရင် ပုရွက်ဆိတ်တစ်ကောင် ဖမ်းထည့်လိုက်ပြီး လေးထောင့် မှန်တခုကို ရွှံ့ပေါ်ကနေဖိထည့်လိုက်တယ်ဆိုရင်ပဲ တယ်လီဗေးရှင်းတစ်လုံး ဖြစ်သွားပြီလေ။ အထဲမှာ ပုရွက်ဆိတ်လေးက ဟိုပြေးသည်ပြေးနဲ့ အခုခေတ်လိုဆို Discovery လိုလို ဘာလိုလိုပေါ့။ တီဗွီပေါ်မှာ သွားကြားထိုးတံနှစ်ချောင်းတောင် ထောင်လိုက်သေးတာ ပီပြင်ချက်ကတော့ လန်ထွက်နေတာပေါ့။ အဲသည်မှာနေတုန်းက မှတ်မှတ်ရရ အဖြစ်ကလေးရှိပါတယ်။ အမေက အိမ်မှာ ကြက်တွေမွေးထားတယ်လေ။ တရက်မှာ မရိုမသေ ရှူရှူပေါက်ချင်တာ အိမ်အောက်မဆင်းချင်တော့ အိမ်နောက်ဖေး လှေခါးထိပ်ကနေ အောက်ကို ပန်းလိုက်တာ အောက်မှာကြက်သားအုပ်မနဲ့ ကြက်ကလေးတစု ရှိနေတယ်လေ။ ကျွန်တော်ကလဲ သိသိနဲ့ကို အဲသည်ဘက်ကို လှည့်တာကိုးဗျ။ အဟဲ ငယ်ငယ်ကတည်းက အဲသလို ကြင်နာတတ်တာလေ။ အဲသည်အချိန်မှာပဲ ကြက်မကြီးက ဒေါသထွက်ပြီး ဖလန်းဖလန်းဆို ကျွန်တော့်ဆီ တန်းတန်းမတ်မတ်ကြီး ပျံတက်လာပြီး ဖတ်ကနဲ ပေါက်ထည့်သွားပါရောလား။ ဖေါက် … အား.. အမေရေ။ သားကို ကြက်ခွပ်သွားပြီ အား.. ထိပ်ပေါက်သွားပြီ ဒူးခေါင်း ဒူးခေါင်း ကျွန်တော့်မှာ ကိစ္စလေးတောင် ပြီးအောင် လက်စမသတ်နိုင်တော့ဘူး.. ကြက်ခွပ်သွားတဲ့ ဒူးလေးကိုင်ပြီး အော်ငိုနေရတော့တာပါပဲ။ အဲသည်တော့မှ သင်ခန်းစာအသစ်တစ်ခုရသွားတယ်။ တရိစ္ဆာန်တွေကို အသားလွတ် အနိုင်မကျင့်တော့ဘူးလို့ (ကိုယ့်ပြန်လုပ်နိုင်တယ်ဆိုရင်) အဟဲဟဲ။ ခွေးကို ခဲနဲ့ပေါက်ရင် ခြံဝင်းထဲကနေ ပေါက်တယ်။ ကြောင်ကိုရေနဲ့ပက်ရင် အိမ်အမြင့်ပေါ်ကနေ လောင်းချတယ်။ ကြက်တွေကတော့ ဆော့လို့သိပ်မကောင်းဘူးဗျ။ ဘာမှမလုပ်ရသေးဘူး ဖလပ် ဖလပ်နဲ့ ပြေးတော့တာကိုး။ တခါတလေဆို အိမ်မှာမွေးထားတဲ့ ခွေးကို အမြီးမှာ နို့ဆီခွက် ချည်လွှတ်ပေးလိုက်တာ ပြေးလို့ကိုမဆုံးဘူး အတော်ပျော်စရာကောင်းတယ်လေ။ ကြောင်တွေဆိုရင်လည်း ရှေ့ခြေထောက်နဲ့ နောက်ခြေထောက်ကို အိပ်ပျော်နေတုန်း ကြိုးနဲ့ချည်ထားပေးလိုက်တယ်။ ပြီးရင် အစာကျွေးတဲ့ခွက်ကို ခေါက်လိုက်တယ်ဆိုရင်ပဲ ၀ုန်းကနဲ အသံကြားလို့ထလဲ ပြေးလာရော ၀ရုန်းသုန်းကားနဲ့ ဖြစ်နေတာကိုကြည့်ပြီး ရယ်လိုက်ရတာဗျာ တယ်ပျော်တာကိုးဗျ။ တခါတလေဆို ကျွန်တော့်ကို ကုတ်တဲ့ကြောင်ဆို နာပြီသာမှတ်၊ ဖမ်းပြီး နှာခေါင်းကို ပရုတ်ဆီ ပွတ်ပစ်တာပဲ။ နောက်ပြီးတော့ ကျွန်တော်တို့အိမ်မှာ ယုန်လည်းမွေးဖူးသေးတယ်တဲ့။ ကျွန်တော်က အရမ်းငယ်သေးတော့ မမှတ်မိတော့ဘူး။ ဒါပေမယ့် အမေပြန်ပြောပြတာတော့ ယုန်မကြီးက ယုန်လေးသုံးကောင်ပေါက်တော့ မောင်နှမသုံးယောက် တစ်ယောက်တစ်ကောင် ခွဲယူကြတယ်တဲ့။ အဲဒါ ကျွန်တော်က အဖြူကောင်လေးကို သူများကိုပေးရမှာစိုးလို့ ဆန်ပုံးထဲသွားဖွက်ထားတာ မွန်းပြီး သေသွားရှာတယ်တဲ့။ ဘယ်သိမလဲနော် ကလေးပဲဟာကို။

ကစားတဲ့အကြောင်း ရေးမယ့်သာရေးတာ ကျွန်တော်မူကြိုကျောင်းတက်တာသာ အချိန်ကုန်သွားတယ်၊ ဘယ်ကစားပွဲမှလဲ ၀င်မပါရဲခဲ့ဘူး။ ငယ်ငယ်က အင်မတန်လူကြောက်တတ်တဲ့ ကောင်ကိုးဗျ။ သူငယ်ချင်းမရှိတာလဲ မပြောနဲ့ ငယ်ငယ်က ကျောင်းတွေ ဟိုပြောင်းလိုက် သည်ပြောင်းလိုက်နဲ့ အဖေတာဝန်ကျတဲ့ နေရာတွေ ခဏခဏ လိုက်ပြောင်းနေရတာဆိုတော့ ကျောင်းသစ်တွေမှာ လူသစ်တွေနဲ့ ၀င်ဝင်ပြီး တစ်တန်းထဲ ထိုင်ရတဲ့ခံစားမှုက ကျွန်တော့်ကို အရမ်းဖိစီးခဲ့တာကိုးဗျ။ ငါ့ကို အနိုင်များကျင့်ကြမလား။ စကားပြောကြပါ့မလား။ ဆရာမတွေကရော သဘောကောင်းပါ့မလား။ ကျောင်းတတ်ရခြင်းဆိုတာ အတွေ့အကြုံအသစ် ဆိုတာကလွဲပြီး ပျော်စရာလို့ မခံစားမိတတ်ခဲ့တာ ပထမတန်း၊ ဒုတိယတန်း လောက်ထိပဲဗျ။

ဒုတိယတန်းမှာ ကျွန်တော် ဘားအံမြို့က ရပ်ကွက်မူလတန်းကျောင်းလေးကိုရောက်တော့မှပဲ ကလေးပီပီ မျောက်ခြောက်ခြင်း လုပ်ငန်း စဖြစ်တော့တယ်ဆိုပါတော့ဗျာ။ ဒါတောင် စပြောင်းပြောင်းချင်းတုန်းက လာပြီး ဗိုလ်ကျတဲ့ကောင်တွေက ရှိသေးတာကိုးဗျ။ ဘယ်ရမလဲ ကျွန်တော်က ဆရာမနဲ့တိုင်တာပေါ့။ ငယ်ငယ်ကကျောင်းလေးက ကြမ်းပြင်မှာထိုင်ပြီး ခုံတန်းရှည်လေးတွေမှာ တတန်းကို သုံးယောက်လေးယောက် ထိုင်ကြရတာပါ။ ခုံတွေပေါ်မှာလဲ နေရာမကျော်ရ ဥပဒေသတ်မှတ်ပြီး ပေတံနဲ့တိုင်းပြီး ခုံကို ဓါးနဲ့ခြစ်ပြီး နယ်နမိတ် သတ်မှတ်ပြီး ပညာသင်ကြားခဲ့ကြရတယ်။ အဲသည်ကျောင်းစရောက်ရောက်ခြင်း ဆရာမက ကျောင်းသားအသစ်ဆိုတော့ ပညာရည်စမ်းသပ်တာလားတော့ မသိဘူးဗျ အတန်းရှေ့ခေါ်ထုတ်ပြီး 1 ကနေ 10 အထိ ကျောက်သင်ပုန်းပေါ်မှာ ရေးပြထားတာတွေကို အော်ဖတ်ခိုင်းတယ်လေ။ ပျင်းတာပေါ့ဗျာ ဒုတိယတန်းကျောင်းသားပဲဟာ။ 1 ကတော့ဟုတ်လို့ 2 ကို တူး လို့ဖတ်တော့ တစ်တန်းလုံးဝိုင်းရီတယ်။ အားတောင်ငယ်သွားတယ်ဗျာ။ 3 ကို သရီး လို့ဖတ်တော့လဲ ဝေါကနဲရီကြပြန်ရောဗျာ။ စိတ်တော့ဆိုးသွားတယ်။ နောက်ဆုံး 10 ကျတော့ တန်း လို့ဖတ်တာ မှားတယ်တဲ့လေ။ သည်ကျောင်းမှာကျတော့ ထူး၊ထွီး၊ဖိုး၊ဖိုက်… ထန်း အဲလိုမျိုး ဖတ်ရတာကိုးဗျ။ ကျွန်တော်ကတော့ ဘယ်လိုပြင်ပေးပြင်ပေး လက်မခံဘူး။ ပီ၊ ကျူ၊ လို့ဖတ်တာကိုလဲ မှားတယ်တဲ့၊ ဖီ၊ ခယူ လို့ဖတ်ရမယ်တဲ့။ တီ မဟုတ်ဘူး ထီ တဲ့ စိတ်ညစ်လိုက်တာ။ အိမ်ပြန်ရောက်တော့ စဉ်းစားမိသေးတယ် သည်ကျောင်း တစ်ကျောင်းလုံး အသံထွက်မှားနေကြတာ ငါဘယ်လို သူတို့လက်ခံအောင် လုပ်ရမလဲ ဆိုပြီးတော့ပေါ့။ အိမ်မှာပြန်ပြောတော့လဲ ကျောင်းက သင်တဲ့အတိုင်း နားထောင်တဲ့။ မှားနေတာကြီးကို ကျွန်တော်ကတော့လက်မခံနိုင်ပါဘူးနော်။ ကျူရှင်ဆရာမက ချော့မော့ပြီး ဒီလိုပဲ အသံထွက်တွေ ကွဲလေ့ရှိကြောင်း အမေရိကန်ကလူတွေက တမျိုးထွက်ပြီး အင်္ဂလန်ကလူတွေက တမျိုးထွက်ကြောင်း ပြောတော့မှာပဲ လက်မခံချင်ခံချင်နဲ့ ငြိမ်နေလိုက်ရပါတယ်။ ဒါတောင် z ဇက် ကို ဇီး လို့ ဖတ်ရတာကိုတော့ အတော်ကြာတဲ့အထိ လက်ခံလို့မရခဲ့ပါဘူး။ နောင် ငါးတန်းရောက်လို့ ကျောင်းထပ်ပြောင်းပြန်တော့ ပီ၊ ကျူ၊ တီ၊ တူး၊ သရီး၊ ဇက် ပြန်ဖြစ်သွားရပြန်ရောဗျာ။

တတိယတန်းရောက်တော့ ဘိန်းဖြူတွေမှောင်ခိုလုပ်ကြပြီ။ ဆိုလိုတာက ဒီလိုပါ၊ မြန်မာဗွီဒီယိုကားတွေထဲကလို လူဆိုးတွေ တောထဲမှာ ဘိန်းဖြူလဲတမ်း ကစားကြတာပါ။ ကျောင်းဝင်းထဲမှာ ကုန်းစောင်းကြီးနဲ့ သစ်ပင်တွေ ကွင်းပြင်တွေ ရှိတာကြောင့် ကျွန်တော်တို့ ပိုင်နက်သတ်မှတ်ဖို့က အတော်အဆင်ပြေပါတယ်။ အတန်းအားချိန်ဆို ယောက်ျားလေးတွေ စုပြီ ဘယ်နှစ်ယောက်စီခွဲမယ်၊ လူကောင်အကြီးအသေးမျှအောင် ဟိုဘက်သည်ဘက် လူဆိုးတွေ ခွဲမယ်ပေါ့။ လက်စောင်းထက်တဲ့သူတွေ ကိုယ့်အဖွဲ့ထဲရောက်အောင် လုရတာလဲ အမောပါပဲ။ ဘာလို့လဲဆိုတော့ တကယ်ဆော်ရတာကိုးဗျ။ ကရင်လေးတွေ မလွယ်ဘူး။ အမှန်အကန်တီးတာ။ တခါတလေ လူဆိုးနှစ်ဖွဲ့ပဲ ဘိန်းဖြူနဲ့ ပိုက်ဆံလဲလှယ်ရင်း သစ္စာဖေါက်ပြီ ထိုးပြီ။ ပြီးရင်ထွက်ပြေးပေတော့ပဲ။ လက်သွက်တဲ့သူက အလစ်ဝင်တွယ်ပြီး ကျောင်းပတ်ပြေးပေတော့ပဲဗျို့။ တခါတလေ လူများရင်တော့ လူဆိုးနှစ်ဖွဲ့တင်မကဘူး ရဲပါ ပါလာတယ်ပေါ့။ ဘယ်အဖွဲ့မှာနေနေ ကျန်တဲ့နှစ်ဖွဲ့လုံးကို ချရတာချည်းပဲ။ ကိုယ့်ဖက်ကနှစ်ယောက်နဲ့ သူများတစ်ယောက်တွေ့ရင် ဟိုကောင်ပြေးပေတော့ပဲ။ ဒါပေမယ့် အကောင်ကြီးတဲ့ ကလေးတွေနဲ့တွေ့ရင်တော့ ကျွန်တော်တို့က ပြန်ပြေးရပြန်ရော။ ပျော်လဲပျော် နာလဲနာနဲ့ ဆော့ရတဲ့ ကစားနည်းပေါ့ဗျာ။ အဲဒါကြောင့်လဲ ဒုတိယတန်းကတည်းက စတပ်ရတဲ့ ကျွန်တော့်မျက်မှန်ဟာလည်း တဂျွပ်ဂျွပ်နဲ့ ခဏခဏ အသစ်လဲ နေရတာပေါ့။

ဆော့နည်းကလဲ မျိုးစုံ၊ အုန်းပိုးကောင်တွေကို ကြိုးချည်ပြီး လွှတ်လိုက်တော့ အဝေးကြီးလဲ မပျံနိုင် တဝီဝီနဲ့ ရုန်းနေရရှာတာ။ ပြန်စဉ်းစားမိလေ အကုသိုလ်များခဲ့မှာ ပေါ်လာလေပဲဗျာ။ တချို့ကောင်တွေဆို ပိုဆိုးသေး။ မိုးတွင်ဆို တွန့်လိမ်တွန့်လိမ်နဲ့ လာတတ်တဲ့ ကျွတ် တွေကို သားရေကွင်းလို ဆွဲဆန့်လိုက်ပြီး ထုံးလိုက်တယ်လေ။ ဟိုကောင်တွေခမျာ ဘာမှမလုပ်တတ်တော့ဘူး။ လှုပ်စိရွစိနဲ့ ဒုက္ခရောက်နေကြတာကို အပျော်လုပ်ပြီး ထိုင်ကြည့်နေကြတာ။ သုံးတန်းလေးတန်းလောက်နဲ့ မြင်းအကြီးကြီးကို ဒုန်းစီးတက်တဲ့ ကောင်တွေလဲ ရှိတယ်။ မြွေတွင်းကို လက်နဲ့ တန်းနှိုက်ရဲတဲ့ ကောင်တွေလဲရှိတယ်။ သားရေကွင်း အင်မတန် လက်တည့်တဲ့ ကောင်တွေလဲရှိတယ်။ ဖိနပ်ပစ်တာ တချက်မလွဲတဲ့ ကောင်တွေလဲရှိတယ်။

အဲသည်တုန်းက ကလေးတွေ ဘယ်လောက်ဆော့လဲဆိုရင် လူကြီးတွေ လက်ခုံတွေပေါ်မှာ ဇွဲ တို့ သတ္တိတို့ ထိုးသလိုမျိုး လက်ခုံပေါ်မှာ အနာခံပြီး လက်မနဲ့ အချက်ငါးဆယ်လောက်ဖိပွတ်လိုက်ရင် သားရေခွံက လန်ရောလေ။ ဒါကိုပဲ သတ္တိရှိတဲ့ ယောက်ျားမှန်ရင် လုပ်ရရတယ်ဆိုလို့ နေရင်းထိုင်ရင် ဘယ်ညာ လက်နှစ်ဘက်မှာ သားရေခွံကွာရသေးတယ်ဗျာ။ တဖက်ဆို ပွတ်လိုက်တာ လက်ဆလွန်သွားလို့ အကြောနားထိသွားတာ ခုချိန်ထိ သေရာပါ အမှတ်အသားကို ဖြစ်ရောပဲ။ မှတ်မှတ်ရရ အဲသည်ကိစ္စကို အစဖေါ်တဲ့ သူငယ်ချင်းနဲ့ ကျွန်တော်နဲ့ ငြင်းခုန်ကြတာကိုလဲ သတိရနေမိသေးတယ်ဗျ။ အဲသည်အချိန်က မိုက်ကယ်ဂျက်ဆင် အရမ်းနာမည်ကြီးနေချိန်ပေါ့။ တရက်မှာ သူကပြောတယ်။ မိုက်ကယ်ဂျက်ဆင် သေသွားပြီတဲ့။ ၁၉၉၂ ခုနှစ်က နော်။ ကျွန်တော်ကလဲ ငြင်းတာပေါ့ ဘယ်ကသေရမှာလဲ။ သူသာသေရင် သတင်းမှာ ပါရမှာပေါ့ဆိုပြီး လက်မခံပါဘူး။ သူကလဲအခိုင်အမာကိုပြောတာ။ ဘယ်လိုသေလဲမေးတော့ .. ငါအခွေထဲမှာကြည့်ရတာတဲ့ .. သူနဲ့ အရိုးစုနဲ့ ဘလိတ်ဒန့် ပြိုင်ကတာတဲ့။ မိုက်ကယ်ဂျက်ဆင်က ထမင်းစားပြီးပြီးချင်း ဖြစ်နေလို့ ဘေးလူတွေက မကဖို့တားတာကို လက်မခံပဲ ကတော့ အရိုးစုက ကနေရင်းနဲ့ မိုက်ကယ်ဂျက်ဆင် ဗိုက်ကို ကန်လိုက်တာ သေရောတဲ့။ ကောင်းရော ကျွန်တော်လဲ သေချာတော့ မသိပေမယ့် မဖြစ်နိုင်ဘူးလို့ပဲ ထင်တယ်။ သူကလဲ လုံးဝဆို လုံးဝပဲ။ ဖြစ်နိုင်တာက MTV ကြည့်ရင်း ဘေးနားက လူကြီးတစ်ယောက်ယောက် ဟာသပြောလိုက်တာကို တကယ်ထင်ပြီး လာပြောနေတယ်နဲ့တူပါတယ်။ အဲဒါကြောင့် ကလေးတွေကို လူကြီးတွေ လိမ်ညာမပြောသင့်ဘူးလို့ ပြောချင်တာ။ ခုတော့ငြင်းခုံနေရပြီ။

ဒုတိယတန်းကျောင်းပိတ်စဉ်က ထင်တယ် ရန်ကုန်မှာ အလည်လာကြရင်းနဲ့ တဝမ်းကွဲအကို တက်တဲ့ ကျူရှင် ခဏဝင်တတ်ဖြစ်သေးတယ်ဗျ။ ကစားတဲ့အကြောင်းနဲ့တော့ မပတ်သက်ဘူးပေါ့လေ။ ဒါပေမယ့် ထုံးစံအတိုင်း ကျွန်တော် တလွဲလုပ်မိပုံလေး ပြောပြချင်လို့။ ဆရာက ယောက်ျားလျာဗျ။ မိန်းမတောင်ယူထားသေး။ ဒါပေမယ့် အဲဒီကိစ္စတွေ ကျွန်တော် သေချာတော့ မသိခဲ့ပါဘူးဗျာ။ အဲသည်ဆရာက စာတိုင်ပေးတယ် လိုက်ရေးပေါ့။ ရေးတာပေါ့ လွယ်လွယ်လေးဟာကို။ တခြားဟာတွေတော့ မမှတ်မိတော့ဘူး မှတ်မိတာက မိုးစင်စင်လင်းပြီ လို့တိုင်ပေးလိုက်တာကို ကျွန်တော်က မိုးစင်စင် -ီးပြီ လို့ရေးမိပါရော။ အမှတ်ခြစ်ပေးရင်းနဲ့ ဆရာက ထအော်ပါရောလား ဟ ကျူရှင်ဧည့်သည် လာတက်တဲ့ကောင်က အလာကြီးပါလား ငါ့ကိုဆဲတာလားကွဆိုပြီး အော်ခံရပါတယ်။ ကျန်တာတွေ အကုန်မှန်တဲ့ဟာကို ဒါလေးမှားတာနဲ့ အော်တယ်ဗျာ။ ဆရာက ဆိုးတယ်နော်။

သုံးတန်းလား လေးတန်းလား မသိဘူး နွေရာသီကျောင်းပိတ်တော့ ရန်ကုန်က အဖိုးအဖွားအိမ်ကို အလည်လာကြရင်းနဲ့ စွန်းလွန်းဝိပဿနာ ကျောင်းမှာ ကိုရင်ဝတ်ဖြစ်ပါတယ်။ အစ်ကိုဝမ်းကွဲတစ်ယောက်ရယ် နောက် ဦးလေးတစ်ယောက်နဲ့ရယ်ပေါ့။ ငယ်ကလဲ ငယ်သေးတာမို့ ၀ိပဿနာကျောင်းမှာ ကိုရင်ဝတ်ရတာ မလွယ်လှပါဘူး။ တစ်နေ့ကို သုံးကြိမ် အာနာပါန ၀င်လေထွက်လေ မှတ်ရတယ်။ ပြီးရင် တရားထိုင်ရပါတယ်။ စိတ်နောက်ကို လိုက်ပြီးမှတ်ရတာပေါ့။ မနက်နဲ့ နေ့လည်က မထောင်းသာလှပေမယ့် ညကိုးနာရီမှာ စထိုင်ရတာကတော့ တယ်မလွယ်ပါဘူး။ ကလေးကလဲ ဖြစ်ပြန် တစ်နေ့လုံးလည်း ငြိမ်ငြိမ်နေထားတာမဟုတ်တော့ မျက်စိကိုမှတ်ပြီး မလှုပ်မယှက် ငြိမ်ပြီးထိုင်နေရတာ တရားမှတ်ဖို့ ဝေးစွ အလွန်အိပ်ငိုက်တာကိုးဗျ။ လူက ဘယ်ဘက်ကို တဖြည်းဖြည်းချင်းယိမ်းသွားလိုက် ဆတ်ကနဲ သတိရလို့ ပြန်တည့်လိုက်။ အရှေ့ငိုက်လိုက်၊ အနောက်လန်လိုက်နဲ့၊ ကျောင်းထိုင်ဆရာတော် ဆူမှာကလဲ ကြောက်ရသေးတာကိုးဗျ။ တခါဆို တရားထိုင်နေရင်း ငိုက်ပြီး ပက်လက်လန်ကျသွားတာ ခေါင်းတုံးနဲ့ ကြမ်းပြင်နဲ့ ဒုန်းကနဲနေအောင် တိုက်ပြီးမှ နိုးလာပြီး ၀ုန်းကနဲ မူလအနေအထားအတိုင်း ပြန်ဖြစ်အောင်လုပ်ပြီး မျက်စိလေးမှိတ်လို့ ၀င်လေထွက်လေ ရှူးရှဲ ရှူးရှဲဆက်လုပ်နေရတာ။ ဆရာတော်ကြီးက ဘယ်ကအသံပါလိမ့်ဆိုပြီး ဟိုဟိုသည်သည် လိုက်ကြည့်လိုက်သေးတယ်။ ဘယ်ရမလဲ သမာဓိမရှိပေမယ့်၊ ဥပဓိနဲ့ မှင်က သေလေတော့ ဘယ်ကိုရင်ဆီက အသံမှန်း သူမသိလိုက်ပါဘူးလေ။

နေ့ခင်းဘက်အားလပ်ချိန်လေး ပျင်းတော့ ဆော့ကလဲဆော့ချင်၊ ကိုရင်တွေသိ်ပ်ဆော့လွန်းရင် အဆူခံရမှာစိုးလို့ ဘယ်မှာ ဘာလုပ်ရမှန်းလဲမသိ။ ညီအစ်ကို ကိုရင်နှစ်ပါး အိမ်ခေါ်နာမည်တွေမှားခေါ်လိုက်၊ ကိုရင် ပြန်ခေါ်လိုက် ဟုတ်ကဲ့ပြောလိုက် တင်ပါ့ ပြောလိုက်နဲ့ ဘုရားရင်ပြန်ပေါ်တတ်လာဖြစ်ကြပါတယ်။ အဲသည်မှာ ကိုယ်ပေါ်မှာကောင်းကောင်းမမြဲတဲ့ သင်္ကန်းတွေကို ခင်းလိုက်တယ်။ ကိုရင်တပါးက တက်ထိုင်ရင် နောက်တပါးက တဖက်ကနေ ဆွဲပြေးပြီးကစားကြတာပေါ့။ ဘုရားရင်ပြင်ပတ်ပြီး ဆွဲပြေးကြတာလေ။ ဒီလိုပဲ စိတ်ပြေလက်ပျောက်ရုံလေးပေါ့။ မောလာတော့ ခဏနားလိုက်ကြရင်း ဟိုဟိုသည်သည်ကြည့်ရင်း ဘုန်းကြီးယပ်တောင် လက်ကိုင်ပြုတ်နေတာလေး တွေ့တယ်ဗျ။ ဘုန်းကြီးယပ်တောင်ဆိုတာက ဘေးပတ်ပတ်လည် သံကွင်းအဝိုင်းနဲ့ အလည်က သင်္ကန်းပိတ်စနဲ့ဆိုတော့ လက်ကိုင်ဖြုတ်ထားလိုက်ရင် ကလေးတွေပစ်ကစားတဲ့ ကော်ပြားလိုမျိုးဖြစ်နေတာလေ။ ဒါနဲ့ ဘယ်ရမလဲ ကိုယ်တော်လေး နှစ်ပါး ဘုရားရင်ပြင်တော်ပေါ်မှာ ဟိုဘက်သည်ဘက်နေရာယူလို့ ကစားကြတော့တာပေါ့။ ညနေလောက်လဲ ရောက်ရော ဗိုက်ကလဲ ဆာလာလိုက်တာ ဘာမှမတက်နိုင်ဘူး၊ ဖြူဖွေးနေတဲ့ သင်္ကန်းလေးတွေကို ခါလို့ ဘုန်းကြီးကျောင်းဆောင်ပြန်လာပြီး ဖျော်ရည်လေးတွေပဲ သောက်နေရတော့တာ။

ဒုတိယတစ်ကြိမ် ကိုရင်ဝတ်တာ ငါးတန်းဗျ မှတ်မိပြီ။ အဲသည်အချိန်က အဆိုတော် ဗဒင် စပေါ်တဲ့အချိန် အရမ်းနာမည်ကြီးတာပေါ့။ တို့ကတော့ တို့ကတော့ဆိုရင် လူတိုင်းသိတယ်လေ။ နေရာတိုင်းကို ကြားနေရတာ။ ဗဒင်သီချင်းတွေကလဲ ကလေးတွေပါးစပ်ဖျားမှာပါ အမြဲလိုလို ကြားနေရတာပဲလေ။ ကိုရင်ဝတ်ကြီးနဲ့ ဟိုအော်သည်အော်ကလဲ လုပ်ချင်။ အဆူခံရမှာစိုးလို့ တိတ်နေရ။ ဒါပေမယ့် ဘုန်းကြီးကျောင်းမှာ ကိုရင်တို့အရွယ် မယ်သီလရှင်လေးတွေ လာဝင်ပါရော။ အဲသည်မှာ စတွေ့တော့တာပဲ။ ကိုရင်တွေက အဲသည် မယ်သီလရှင်လေးတွေ အနားကဖြတ်သွားရင် ဗဒင်သီချင်းစာသားက ဘာတဲ့ .. လိုက်လို့မရှာလဲ .. တွေ့တွေ့နေတယ်.. လမ်းလို့မခေါ်လဲ ရောက်ရောက်လို့လာတယ်.. အဲသည်ဟာကို ဆက်ဆိုနေရင်း နောက်ဆုံးနေရာကြတော့မှ ပျိုပျိုမေ ကတုံး .. ဆိုပြီး ဆိုချလိုက်တော့ သူတို့ခမျာ ကြားပဲမကြားတာလား မကြားချင်ယောင်ဆောင် တာပဲလား တော့မသိဘူး လှည့်ကိုထွက်သွားကြတာပဲ။ နောက်တော့မှ ကိုရင်တို့လည်း အဆူခံရမှာကြောက်တာကလဲ တစ်ကြောင်း၊ တကာမကြီးတွေ ဆရာတော်နဲ့ မျက်နှာပျက်မှာ အားနာတာကလဲ တစ်ကြောင်းကြောင့် သိက္ခာပြန်ထိန်းရင်း သာသနာ့ဘောင်ကို ငါးရက်တိတိ အောင်မြင်စွာ ကြိတ်မှတ်ဖြတ်ကျော်ဖြစ်ခဲ့ပါတယ်။ ကိုရင်ထွက်ပြီး နောက်တနေ့က သင်္ကြန်ကျတာပဲလေ။ နှစ်သစ်ကူးမှာ သာသနာ့ဘောင်မှာ ဘယ်လိုမှငြိမ်ငြိမ်ဆိမ်ဆိမ် နေလို့မရမှန်း လူကြီးတွေက သိလို့နဲတူပါတယ်။ သင်္ကြန်မတိုင်ခင်လေး ကိုရင်ဝတ်ပေးပြီး ခေါင်းတုံးလေးတွေနဲ့ သင်္ကြန် လျောက်လည်စေပါတယ်။ ရေပူပေါင်းတွေ မပိတ်ပင်ခင်ကဆိုတော့ ရန်ကုန်မြို့ပေါ်မှာ ရေပူပေါင်းတွေ တဖုန်းဖုန်း၊ ရပ်ကွက်ထဲ ခွက်စေါင်းတွေ တဖေါင်းဖေါင်း နဲ့မို့ အပြင်ထွက်ရင် ဦးထုပ်ကတော့ မချွတ်တမ်း ဆောင်းထားရတာပေါ့။ နို့မို့ဆိုဘယ်လွယ်လိမ့်မလဲ။

ငယ်ငယ်ကဆော့ခဲ့တဲ့ အကြောင်းလေးတွေ မှတ်မိသလောက်ရေးထားတာပါ။ နောက်ထပ် သတိရလာမှ ထပ်ရေးတော့မယ်ဗျာ။ ပြီးတဲ့အထိဖတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

မလိကျွန်းခရီး(၂)





တကယ်တော့ ကျွန်တော်တို့ရဲ့ ခရီးက ပျော်သင့်သလောက် အပြည့်အဝမပျော်ခဲ့ရဘူးဗျ။ ဘာလို့လဲဆိုတော့ ယောက်ျားတွေလုပ်ပြီး အချင်းချင်း စိတ် ကောက်နေကြလို့ပါပဲ။ ဟိုတစ်ယောက်က ကျွန်တော်တို့နှစ်ယောက်ကို ဖဲလိမ်လို့ဆိုပြီး စိတ်ကောက်တယ်။ နောက်တစ်ယောက်ကလဲ ခုနကောင်ကို ဖဲကြွေးမပေးလို့ဆိုပြီး စိတ်ကောက်တယ်။ ကြီးကြီးကျယ်ကျယ်သာ ပြောနေတာပါ၊ ကျွန်တော်တို့ ဖဲလိမ်ရိုက်တယ်ဆိုတာကလဲ ကလေးကလားပါ။ တည်းခိုတဲ့ အိမ်အပေါ်ထပ်မှာ ညဖက်ဆို မီးကမရတော့ ဖယောင်းတိုင်လေး ထွန်းပြီး ခိုးရိုက်တာဆိုတော့ အလယ်နေရာကလွဲပြီး မှောင်မဲနေတယ် ဆိုပါတော့။ ဖဲအဆင်ကမလှတော့ ရှုံးပွဲတွေကလဲ ထပ်လာတယ်၊ ဒီတော့ သိတဲ့အတိုင်းပေါ့ တစ်ချပ်စ နှစ်ချပ်စ ဥထားတယ်ဗျာ။ ပြီးမှ ဒိုင်လျိုလေးပေါ့ နော့။ ကျွန်တော်ကတော်သေးတယ် ဟိုကောင်တွေ လုပ်တဲ့ပုံကကြည့်ဦး … အဟွတ်ဆိုပြီး ချောင်းလှည့်ဆိုးတာ တော်ရုံနဲ့ ပြန်မလှည့်လာဘူး၊ အသိသာကြီး။ နောက်တကောင်ကလဲ ဟား ဖဲမကောင်းဘူးကွာ ဆိုပြီး တချပ်ကို ခေါင်းပေါ်တင်ပြီး အသာလေးလွှတ်ချတယ်။ အတော်ပိရိရှာပါတယ်၊ ကျွန်တော်က ဟယောင်တွေ ငါသိတယ်နော် ဘာညာနဲ့ မာန်လိုက်ပြီး ဆက်ကစားပါတယ်၊ ဒိုင်က အခြေအနေသိပ်မကောင်းတော့ဘူး တဖြည်းဖြည်းနဲ့ ဘတ်လာပြီ။ ဒီကောင်ကလဲ သိတယ် ဒါပေမယ့် ကျွန်တော်တို့ ထိုးသားနှစ်ကောင်ကို ဖမ်းမမိဘူးဖြစ်နေတယ်။ နောက်ဆုံးတော့ သည်းမခံနိုင်တော့ပဲ ဖဲဖျက်လိုက်ပြီး ဟယောင်မင်းထကွာဆိုပြီး နောက်တယောက်ကို ထခိုင်းတယ်၊ ဒီကောင့်နောက်မှာ သုံးချပ်လောက်တွေ့ရော၊ နောက် ကျွန်တော်လဲ ထရော နောက်မှာ ဥထားတာလေးတွေ ပေါ်ရော၊ ဟိုကောင်က ၀ူးဝါးဝူးဝါးလုပ်တာပေါ့၊ ဒါနဲ့ကျွန်တော်ပြန်ပြီး ဟယောင်မင်းလဲ ထကွာလို့ပြောတော့ စပ်ဖြဲဖြဲနဲ့ထလဲထရော ဒင်းနောက်မှာလဲ တစ်ပုံ ရှိနေတာကိုး၊ ကျွန်တော်တို့က အားလုံးလိမ်ရိုက်တဲ့အတွက် အလျော်အစား အကုန်ဖျက်တယ်လို့ ပြောတာ ဒီကောင်က လက်မခံဘူး၊ သူနိုင်ထားတာတွေ ပြန်ပေးရမယ်ပဲလုပ်နေတာ။ ကျွန်တော်တို့ကလဲ မပေးဘူးလေ။ ပိုက်ဆံက ဘာမှမဖြစ်စလောက်လေးဗျာ။ ဒါပေမယ့် ဖဲဝိုင်းကပိုက်ဆံက သိက္ခာနဲ့လဲ ဆိုင်တယ် ဆိုပြီး ဇွတ်တောင်းတာ … မပေးဘူး။ လေနဲ့ထိုးတာ လေနဲ့ပဲဖျက်တယ် ဘာဖြစ်လဲ ဟဲဟဲ။


အဲဒီမှာစပြီး အခြေအနေက တင်းမာလာတာ ကလေးတွေလိုပဲ ထမင်းစားရင် မခေါ်ရတာနဲ့ ရေချိုးရင် ဆပ်ပြာမယူပေးတာနဲ့၊ ညအိပ်ရင် စောင်ကိုဦးထားတာနဲ့၊ ဒိုင်ကိုင်တဲ့ကောင်ကလဲ သူ့လက်စွပ်ကို ထားဝယ်မှာ ဖြတ်ရောင်းခဲ့ရလို့ အစကတည်းကမှုန်နေတာနဲ့ နောက်တကောင်ကလဲ စကားပြောရင် ဆရာကြီးသိပ်လုပ်တာနဲ့ ကျွန်တော်က ကြားထဲမှာ ဟိုဘက်ကို အော်လိုက် ဒီဘက်ကို အော်လိုက်နဲ့ စိတ်ကိုညစ်ရောဗျို့။ ဒါပေမယ့် နှစ်ရှည်လများတွဲလာတဲ့ သူတွေအချင်းချင်းဆိုတော့ ဒါလောက်က ပြောပ လောက်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဟိုကောင်ကလဲ ကျွန်တော့်ကို ဘီယာဝယ်ခိုင်းပြီး ပိုက်ဆံပြန်မပေးဘဲနဲ့ သူ့အကြွေးကို မရရအောင် ချေသွားတယ်လေ။ ထားပါတယ် ထားပါတယ်။


ကျွန်းပေါ်က အထင်ကရ နေရာလေးတွေ၊ အနီးတဝိုက်ပင်လယ်က နေရာလေးတွေ လိုက်လံ လည်ပတ်ကြအပြီးမှာ ကျွန်တော်တို့ ပြန်ဖို့ အချိန် ရောက်ခဲ့တယ် ဆိုပါစို့။ ကျွန်းသားတွေကိုလဲ အတော် ဒုက္ခပေးသင့်သလောက် ပေးခဲ့ပြီးပြီဆိုတော့ တော်သင့်ပြီမဟုတ်လား။ ကျွန်တော်တို့ ပြန်ဖို့ကို သင်္ဘောကြုံနဲ့ လိုက်အပ်ပေးကြပါတယ်။ ကုန်သင်္ဘောပဲဗျ၊ မြိတ်ကနေတက်လာတာ။ ရေကြောင်းအခြေအနေကြည့်ဖို့ မလိကျွန်းနားမှာ ခဏရပ်နေတာ။ အဲဒီသင်္ဘောဆီသွားဖို့ ငါးဖမ်းစက်လှေအကြီးနဲ့ သွားရပါတယ်။ ဒါမှ တွယ်တက်လို့ရမှာကိုး။ သင်္ဘောနားတဖြည်းဖြည်းကပ်လာတဲ့နောက် ကြည့်လိုက်တော့ လှေက သင်္ဘောကုန်းပတ်ကို မှီဖို့ အတော်လိုတယ်ဗျ။ မမှီမကမ်းတွယ်တက်ရမှာ။ ပထမဆုံး အရပ်ရှည်ရှည်နဲ့ကောင်၊ သူကကျွန်တော့်ထက်ပိုရှည်တယ်၊ အဲဒီကောင်က လှေကိုကန်ပြီးတက်သွားတော့ နောက်က လိုက်တက်မလို့လုပ်နေတဲ့ကျွန်တော့်မှာ လက်ကသင်္ဘောကုန်းပတ်ဘောင်ကိုကိုင်လျက်သား ခြေထောက်က လှေပေါ်မှာ၊ သင်္ဘောနဲ့ လှေကလဲ ဟိုသကောင့်သားကန်လိုက်လို့ တဖြည်းဖြည်းဟလာတာ ကန့်လန့်ကားယားကြီးဖြစ်နေတယ်။ ဘာလုပ်ရမလဲကို မသိတော့ဘူး၊ လုပ်ကြပါဦး ပြုတ်ကျတော့မယ်ဗျ .. ။ လှေပေါ်မှာကျန်နေသေးတဲ့ကောင်က ကျွန်တော့်ကို ဆွဲယူလိုက်တယ် ပထမတချက်မှာ မပါလာဘူး၊ ဒီအတိုင်းက ဒီအတိုင်းပဲ။ ကားပြီ ငါကားပြီ အား.. နောက်တချက် အားနဲ့ဆွဲချလိုက်တော့မှ လှေပေါ်ကို မူလအနေအထားအတိုင်း ပြန်ရောက်သွားပါတယ်။ ဟူး.. မလွယ်ပါလားနော်။ လှေနံနှစ်ဘက်နင်းတယ်ဆိုတာ မကောင်းတဲ့အရာမှန်း အဲဒီတော့မှ ပိုပြီးမြင်မိသလိုပါပဲ။ ဟိုကောင့်ကို စိတ်ရှိလက်ရှိ ထောပနာပြုလိုက်ပြီး ကျွန်တော့်ကို ဆွဲတင်ခိုင်းတော့မှပဲ ချောချောမောမော သင်္ဘောပေါ် ရောက်သွားပါတော့တယ်။


သင်္ဘော ပေါ်ကနေပြီး လိုက်ပို့ကြတဲ့ ကျွန်းသားတွေကို လက်ပြနုတ်ဆက်နေတုန်း ဟိုဂလန်ဂလားကောင်က ဇာတ်လမ်းစတယ် ဟယောင် ငါ့ပိုက်ဆံအိတ်ကျန်ခဲ့ပြီကွ တဲ့ ၊ သေစမ်း။ အဲဒါနဲ့ပဲ သူတို့ခမျာ ကျွန်းဆီပြန်သွား ပိုက်ဆံအိတ်ကို ကမန်းကတန်း ပြန်ယူပေးရရှာပါတယ်။ ပြီးတော့ နောက်တခေါက်ထပ်မံနုတ်ဆက်ကြတယ်ဆိုပါတော့ဗျာ။ ဒီသုံးကောင် မြန်မြန်ပြန်မှပဲ အေးမှာဆိုပြီး နေမှာနော်။ ဒါပေမယ့် သူတို့ဆုတောင်း ချက်ချင်းတော့ မပြည့်ရှာဘူးနဲ့တူပါရဲ့ဗျာ။ သူတို့တွေ ပြန်သွားပြီး သုံးနာရီလောက် သင်္ဘောပေါ်မှာ ငုတ်တုတ်ထိုင်နေတုန်း သတင်းထွက်လာတယ် သင်္ဘောက ရန်ကုန်မသွားတော့ဘူးတဲ့ မြိတ်ကိုပြန်တော့မှာတဲ့။ လမ်းမှာစစ်ဆေးရေးသတင်းရလို့ဆိုလား ဘာလားတော့ မသိပါဘူး၊ ကိုယ်နဲ့မဆိုင်တော့ ၀င်မပါတော့ပါဘူး။ ဘာမလွတ်ကင်းတဲ့ဟာတွေပါလဲ မသိတဲ့ဟာကို ကျွန်တော်ကလဲ လျောက်ပြောမနေတော့ပါဘူးနော်။ တကယ်ကိုမသိတာဆို။ ရေကြောင်းအခြေအနေမကောင်းလို့ လှည့်ပြန်သွားတယ်ပဲ ထားလိုက်ပါတော့ဗျာ .. နော်။


အဲဒါနဲ့ လိုုက်ပို့ကြတဲ့သူတွေလည်း နောက်ထပ်တခါ ပြန်လာကြပါရောဗျာ။ သူတို့စိတ်ထဲ ဘယ်လိုနေမယ်တော့မသိဘူး ကျိန်ဆဲနေမှာတော့ မဟုတ်လောက်ပါဘူးလေ လို့ ကိုယ့်ဘက်ကိုယ်ယက်တွေးလိုက်ကြတာပါပဲ။ နောက်သင်္ဘောရောက်ဖို့ တစ်ညပြန်အိပ်ပြီး စောင့်ရဦးမယ်မဟုတ်လား။ ကျွန်းပေါ်ကို ပြန်ဆင်းခဲ့ရပါလေရောဗျာ။ အဲဒီညက စိတ်ညစ်ညစ်နဲ့ ကာယာအိုကေတောင် သွားဆိုကြသေးတယ်လေ ဟီး။ ကျွန်တော်ကတော့ မဆိုဘဲနဲ့ နားဒုက္ခလိုက်ခံရတာဗျ။


သင်္ဘော ထပ်ရောက်ပြီ၊ ဒီတခါတော့ သေချာပါတယ်။ နုတ်ဆက်တဲ့လူတွေခမျာလဲ အားရပါးရတောင် နုတ်မဆက်နိုင်ကြတော့ဘူး။ သင်္ဘောက ခုတခါ ပိုကြီးလာတယ်ဗျ။ ဒါပေမယ့် ကုန်တွေက အပြည့်အသိပ်ပဲ။ ဆီးဆားဗစ်ယူနေတဲ့ သင်္ဘောသားတွေတောင် နေရာကိုယ်စီရကြတာမဟုတ်ဘူး။ ကျွန်တော်တို့က သာဆိုးတာပေါ့။ ကျပ်သိပ်နေတဲ့ အတွင်းခန်းမှောင်ကြုတ်ကြုတ်ထဲ မနေချင်လို့ သင်္ဘောနောက်ဘက် ကုန်းပတ်က အသက်ကယ်လှေ တင်ထားတဲ့ စင်အောက်နားလေးကို ရွေးပြီးနေရာယူလိုက်ကြတယ်။ ပုလင်းခွံအလွတ်တွေကို မြွေခွံအိတ်တွေနဲ့ထုတ်ထားတာ ကုန်းပတ်အပြည့်ပဲဗျ။ လက်တန်းထက်တောင် ကျော်သေးဗျာ။ အဲဒီတော့ ကျွန်တော်တို့နေရာကနေ ၀ါးတီးဆွဲဖို့သွားတဲ့ခါ သင်္ဘောနံရံဘက်ကို ကိုယ်ကြီးယိမ်းပြီး လျောက်ရတာ။ နို့မဟုတ်ရင် ပလုံစွပ်သွားမှာပေါ့။ စက်သံနဲ့ဘာနဲ့ဆိုတော့ ဘယ်သူမှတောင်သိလိုက်မှာမဟုတ်ဘူး။ ဇနကလဲ မဟုတ်တော့ ခုနှစ်ရက်နေနေသာသာ ခုနှစ်မိနစ်တောင် ခံမယ်မထင်ဘူး။ ငါးတွတ်တာနဲ့ လုံးပါးပါးမှာ။


ပြောရဦးမယ် အဲဒီတုန်းက ဘီယာကိုတောင် အချိုရည်ရောသောက်ရတဲ့ အဆင့်ရှိ ဆရာတွေက အပြန်သင်္ဘောပေါ်မှာ သောက်ဖို့ဆိုပြီး စစ်တပ်ထဲကနေ ရမ်တလုံး ခိုးဝယ်လာသေးတယ်လေ။ တကယ်တမ်းလဲ ပင်လယ်ထဲရောက်ရော ပုလင်းကိုဖွင့်ဖို့နေနေသာသာ ကြမ်းပြင်နဲ့ ခေါင်းနဲ့ကပ်နေရတယ်။ လှိုင်းမူးတယ်ဆိုတာ အတော်ခံရဆိုးတာမျိုးကိုးဗျ။ ကျွန်တော်တို့ထဲမှာ ဖိုက်တာအကျဆုံး၊ ကရာတေးတွေဘာတွေကစားတဲ့ကောင်၊ အခုရဲအုပ်ဖြစ်နေတဲ့ကောင် ပထမဆုံး ကျဆုံးသွားတာပဲ၊ မျက်နှာလေးက အိုလို့၊ နံရံနဲ့ ခေါင်းနဲ့ ခွာလို့မရဘူး၊ ခွာတာနဲ့မူးတာပဲ။ ကျွန်တော်တို့နှစ်ယောက်ကတော့ သူနဲ့စာရင် နဲနဲ ထူထူထောင်ထောင်ရှိသေးတယ်။ သူ့အတွက်ပါ ထမင်းခူးပေးရ ရေခပ်ပေးရ လုပ်ရလို့ နောက်တယောက် ကတော့ ပွစိပွစိနဲ့ပေါ့။ ဟိုကောင်ကလဲ မူးသာမူးနေတာ သူ့အိမ်အတွက် လက်ဆောင်ရလာတဲ့ ဒညင်းသီးတွေကို ဂလန်ဂလားကောင်က ဖွင့်စားလို့ဆိုပြီး စိတ်ကောက်ပြန်ပါရော။ ညစ်တယ် ညစ်တယ်။ ထမင်းစားဖို့ ငါးခြောက်တွေ ထုတ်ရင်လဲ မင်းအထုပ်ထဲကလဲ ထုတ်ဦးကွ ငါ့ထဲကပဲ ယူတာများနေပြီ ဘာညာနဲ့ စကားက များနေကြပါသေးတယ်။ အလကားရလာတဲ့ဟာတောင်မှ စမန်ခုတ်နေကြတာ။


ညဖက်အိပ်ရတဲ့နေရာကလဲ ပုလင်းခွံတွေထိုးထိုးထောင်ထောင်နဲ့ဆိုတော့ နေသားကျအောင် ပုံစံအမျိုးမျိုး ပြောင်းလဲခွေခေါက်ပြီး စမ်းသပ်အိပ်ကြည့်ရတယ်ဗျ။ အဆင်ပြေတဲ့ အနေအထားလေးရတော့မှပဲ စိတ်ချလက်ချ မှေးနိုင်တော့တယ်။ မနက်လင်းတဲ့အခါမှာတော့ ကျောကုန်းမှာ ပုလင်းရာလေးတွေနဲ့ပေါ့ဗျာ၊ ခြေမွှေးမီးမလောက် လက်မွှေးမီးမလောင် နေလာရတဲ့ ကောင်တွေမဟုတ်တော့ ဒါလောက်ကတော့ စကားထဲထည့်မပြောပါဘူး စာထဲသာထည့်ရေးတာပါ ဟဲဟဲ။ နှစ်ရက်လောက်လဲ ရှိရော ကျွန်တော်တို့နေရာက ပုလင်းတွေကလဲ နင်းပါများလို့ကွဲတဲ့ဟာ ကွဲကုန်တယ်။ ကျွန်တော့် လေခေါင်းအုံးလေးတောင်မှ ပေါက်သွားတယ်ဗျာ။ အန္တရယ်ရှိတယ်ဗျ လူပျိုနုနုလေးတွေ ဖင်ပြဲလို့ကတော့ ပင်လယ်ထဲမှာ ဆားငံရည် စိမ်ဖို့ပဲရှိတယ်။ တဖြည်းဖြည်းနဲ့ အသားကျလာတော့ အကာမရှိတဲ့ ကုန်းပတ်ပေါ်မှာလဲ အေးဆေးပဲသွားနိုင်လာတယ်။ အရင်နေရာမှာ အိပ်လို့မရတော့ ကုန်းပတ်အစပ်နား ပုလင်းအိတ်ပေါ်မှာ ဖြေတဘက် လက်တဖက် လေထဲတန်းလန်းနဲ့လဲ အေးဆေးပဲ အိပ်တက်လာတယ်။ သင်္ဘောသားတွေကတောင် ခဏခဏလာပြောနေရတယ် ဆင်းဆယ်မယ်တော့ မထင်နဲ့နော်တဲ့။


ကမ်းမမြင်လမ်းမမြင် ပင်လယ်မှာ နှစ်ရက်လောက်ပဲ နေရသေးတယ်၊ လူက အူကြောင်ကြောင်ဖြစ်လာသလိုပဲ။ ပျင်းလိုက်တဲ့အမျိုးဗျာ။ ဖဲရိုက်မယ် ဆိုတဲ့စကားလဲ ဘယ်ကောင်မှ မစတော့ဘူး။ တရက်မှာ ကောင်းကင်မှာ ကြယ်တွေပျောက်နေတယ် စိတ်ကူးယဉ်စရာမကောင်းတဲ့ ပင်လယ်ညပဲဗျ။ အဲ့လိုဖီလင်ပျက်နေတုန်းရှိသေး မိုးရွာရောဗျို့။ ကျွန်တော်တို့နေရာက မိုးကမလုံဘူး တဖြည်းဖြည်း ရွှဲစိုလာတယ်။ သင်္ဘောသားတွေ အခန်းကိုလဲ ခုချိန်မှ သွားမဝင်ချင်ဘူးလေ။ အိုင်တင်ခံလိုက်အုံးမယ်ပေါ့။ လက်ဆောင်ပေးထားတဲ့ တယောက်စ နှစ်ယောက်စကတော့ လာခေါ်ရှာပါတယ်။ တာဝန်ကျေလေးပေါ့။ သွားလဲ တစ်ယောက်စာပဲ နေရာရှိတာဆိုတော့ စိုလဲ အကုန်အတူအစိုခံကြတာပေါ့ဗျာ။ အတော်လေး အခြေအနေဆိုးလာတော့မှ ကပ္ပတိန်အခန်းမှာ သွားဝင်ခွေကြရပါတော့တယ်။ သင်္ဘောသားအခန်းလောက်တော့ ဘာလုပ်မှာလဲနော့။


ကျွန်းကနေ ကျွန်တော်တို့ကို လက်ဆောင်ပေးလိုက်တာ အများကြီးပဲဗျ ဘူးသီးအကြီးကြီးအရွယ်လောက်ရှိတဲ့ နာနတ်သီးကြီးတွေရော။ ငှက်ပျောခိုင်ကြီးရော၊ ငါးခြောက်တွေ၊ ရေဘဝဲခြောက်တွေ၊ နှစ်ချို့ပျားရည်တွေရော၊ လမ်းမှာစားဖို့ အခြောက်အခြမ်းတွေရော စုံလို့ပဲ။ ဒါပေမယ့် လမ်းမှာ အနေအစားချောင်အောင်လို့ သင်္ဘောသားတွေကို မျက်နှာလုပ်ရတာနဲ့ ရန်ကုန်လဲရောက်ရော ပျားရည်လေး တယောက်တပုလင်းပဲ ကျန်ပါရောလား။ ဟိုပုလင်းတလုံးကိုလဲ ကိုယ်မသောက်နိုင်မှတော့ သူများကိုလဲ လှုဒါန်းသမှုပြုလိုက်ရတာပေါ့လေ။


မော်တင်ဆိပ်ကမ်းကိုရောက်တဲ့အခါ ရန်ကုန်မှာဘာသတင်းတွေ ကြားထားလဲတော့မသိဘူး အစစ်အဆေးတွေက ရစ်လိုက်တဲ့အမျိုးဗျာ။ ရဲရော စစ်တပ်ရော၊ လဝကရော အကုန်ပေါင်းစစ်တာ ဗျ။ ဒီတချီတော့ အခြေအနေမကောင်းဘူးပေါ့။ လဝက ကလူပါစစ်တယ်ဆိုတော့ ငါ့မှတ်ပုံတင်လေးတော့ နာပြီဆိုပြီ ရင်ခုန်ရပြန်ရောဗျို့။ ဒါပေမယ့် သိတယ်မဟုတ်လား လက်ရာသိပ်မြောက်တော့ ဘယ်သူမှမသိကြဘူးလေ။ ဒါပေမဲ့ ရဲတွေက ကျွန်တော်တို့ကို မယုံဘူးဗျ၊ မလိကျွန်းကိုအလည်သွားတာ ဆိုတာကို ဘာသွားလုပ်တာလဲချည်းပဲမေးနေတာ။ ပုလဲမွေးတဲ့ကျွန်းဆိုတော့ ဘာတွေမသင်္ကာဖြစ်သလဲမသိဘူး ကျွန်တော်တို့အိတ်တွေကို အကုန်ဖွင့်ချစစ်တာဗျာ။ အိတ်တွေထဲကနေ မလျော်ရသေးတဲ့ အတွင်းပစ္စည်းတွေရော လုံးလိပ်ထွက်လာတာပေါ့၊ ပုရွက်ဆိတ်တွေတောင်တက်လို့၊ ပျားရည်တွေကို ပြောတာနော်။ ဟင်း .. ရှက်လိုက်တာ။ အဲဒါနဲ့ ကျွန်တော်က ၀ူးဝါးနဲ့ ဟန်ကိုယ့်ဖို့ လျောက်ပြောရတာပေါ့။ ဟိုကောင် အခုရဲအုပ်လုပ်နေတဲ့ကောင်က အထစ်အထစ်နဲ့ သူ့ဘိုးအေတွေကို ဘာတွေ ကြောက်နေမှန်းကို မသိဘူး။ သူဦးဆောင်ပြီးခေါ်သွားတဲ့ခရီးစဉ်ကို သူရေရေလည်လည် မပြောနိုင်ဘူး။ တော်သေးတယ် ဒီတခါတော့ ရဲစခန်းမပါသွားတာပဲ ကျေးဇူးတင်ရမလိုလို။


အဲဒီလိုနဲ့ တကျွန်းပြန်ကြီး သုံးယောက်သား ရန်ကုန်ကို ခြေပြန်ချခဲ့ကြတယ်ဆိုပါတော့ဗျာ။ သုံးရက်လောက် ရေလဲမချိုးထား၊ ငါးခြောက်တွေနဲ့ လုံးထွေးအိပ်လာတဲ့ ကျွန်တော်တို့ကို တက်စီဆရာကတောင် ရှုံ့မဲ့မဲ့နဲ့ မောင်းပို့ရပါတယ်။ သုံးရက်လောက်ရှိတဲ့အထိ လှိုင်းမူးတဲ့အရှိန်က မကုန်သေးပဲ လမ်းလျောက်ရင် ယိုင်ယိုင်သွားတက်သေးတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ရဲ့ အားအားယားယား ခရီးစဉ်တခုကတော့ အလွဲလွဲအချော်ချော်နဲ့ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတော့တယ်။­­­




စိတ်ရှည်လက်ရှည် မပျင်းမရိ ဖတ်ရှုအားပေးမှုကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။


မလိကျွန်းခရီး (၁)



ကျွန်တော်က ခရီးသွားရတာ ရေလည်ကြိုက်တဲ့ကောင်ပါ။ ဘော်ဒါတွေနဲ့ အေးရာအေးကြောင်း လျောက်သွားနေရရင် ပျော်နေရော။ အဲဒီလို သွားခဲ့တဲ့ခရီးစဉ်တွေထဲက အမှတ်ရစရာလေးတွေကို ဖေါ်ကောင်လုပ် အဲလေ ဖေါ်ပြချင််ပါတယ်။


အချိန်က ကျွန်တော်တို့တွေ ဘွဲ့ရပြီးကာစ ဆိုပါတော့၊ ဘော်ဒါတစ်ကောင်က သူ့အဒေါ်ရှိတဲ့ မြန်မာနိုင်ငံအောက်ပိုင်းက ကျွန်းတစ်ကျွန်းကို သွားဖို့ အဆိုပြုလာတယ်။ နောက်တစ်ကောင်ကလဲ လိုက်ပြီးသားပဲ ဆိုတော့ကာ ကျွန်တော်နဲ့ဆို ပေါင်း သုံးယောက်ပေါ့။ ဒီကောင်နှစ်ကောင်က ရန်ကုန်ကို ဘွဲ့ယူဖို့ဆိုပြီး ထွက်လာကတည်းက အဲ့ဒီအစီအစဉ်ကို ဆွဲလာခဲ့ပြီးသားလေ။ ရန်ကုန်ရောက်တော့မှသာ ကျွန်တော့်ကိုပြောတာ၊ ဒါပေမယ့် ကျွန်တော်ကလဲ နှစ်ခါခေါ်ရတဲ့ကောင်မဟုတ်တော့ကာ ဒီကောင်နှစ်ကောင်ဘွဲ့ယူပြီး နောက်တနေ့မှာပဲ ရထားလတ်မှတ်သွားဝယ်ကြပါတယ်။


ဖြစ်ချင်တော့ လက်မှတ်က ထားဝယ်အထိမရတော့ဘူး၊ ရေး အထိပဲရတော့တယ်ဗျာ ဒါတောင် ရိုးရိုးတန်းရယ်။ ကျွန်တော်တို့ကလဲ မရဘူး သွားချင်ပြီဟေ့ဆိုရင် ဇွတ်ပဲဆိုတော့ကာ နောက်ရက်လဲ မဆုတ်တော့ဘဲနဲ့ ရိုးရိုးတန်းနဲ့ ရေး အထိစီးမယ် အဲ့ဒီကနေမှ လက်မှတ်ဆက်ဝယ်ကြမယ်ပေါ့၊ တခါမှ မသွားဖူးပဲနဲ့ ဖြစ်ချင်ရာဖြစ် စီစဉ်ကြတာလေ သိတယ်မလား။


သွားမယ့်နေ့ရောက်တော့ မြန်မာ့မီးရထားအကြောင်းလဲ မသိတာမဟုတ်ဘဲနဲ့ အစောကြီး ရောက်နေကြတယ်။ ဒါပေမယ့် သိတယ်မလား ဟိုဟို ဒီဒီ လေ့လာလို့ရတာပေါ့လေ။ နှစ်နာရီကျော်လောက် ငမ်းပြီး အဲလေ စောင့်ပြီးတဲ့အချိန်မှာတော့ မီးရထားကြီး စတင်ထွက်ခွာပါတော့တယ်။ ပြောရရင်ဗျာ တသက်နဲ့တကိုယ် ရိုးရိုးတန်း တခါပဲစီးဖူးပါတယ်၊ တကယ်တော့ ရှယ်တန်းဗျ ကလေးတွေက ကျွန်တော်တို့ ခေါင်းမှီတဲ့ တန်းပေါ်တက်ထိုင်လိုထိုင်၊ အဒေါ်ကြီးတွေက အလယ်လူသွားလမ်းမှာ ဖျာခင်းအိပ်လိုအိပ်၊ အိမ်သာကလဲ ချောင်းကြည့်ပေါက်ကလေးတောင် ပါသေး။ ဘယ်ကလာ ရိုးရိုးတန်းဟုတ်ရမှာလဲ ရှယ်ဗျရှယ်။ လူကြိုက်များလွန်းလို့ လှေခါးထစ်မှာတောင် ငုတ်တုတ်စီးတဲ့လူပါသေးတယ်။ အဲ့လိုနဲ့ပေါ့လေ သစ်သားခုံပေါ် မရမက ခွေခေါက်အိပ်ရင်း ဟန်ဒီကမ်လေးတလုံးနဲ့ ဟိုဟိုဒီဒီရိုက်ရင်း ရေးကို ဆိုက်ရောက်ခဲ့ပါတော့တယ်။


အဲ့မှာစတွေ့တော့တာပဲဗျို့ ၊ လက်မှတ်ရဖို့နေနေသာသာဗျာ ဘယ်မှာဝယ်ရမှန်းတောင် မသိ၊ ရထားကလဲ ခုပဲ ပြန်ထွက်တော့မှာ၊ လူတွေကလဲများလိုက်တဲ့အမျိုး။ ကျွန်တော်တို့နေရာကတော့ ဖယ်ပေးလိုက်ရတယ်ဗျာ၊ ပိုက်ဆံထပ်ပေးပြီး အဲ့ဒီအတွဲမှာပဲ တွန်းတိုက်ခွေခေါက်တိုးဝှေ့ပြီး စီးကြတာပေါ့။ ဒါပေမယ့် မခံစားနိုင်ဘူးဗျာ ပထမအခြေအနေထက် ရှယ်သည်ထက်ရှယ်လာတဲ့အခါမှာ အကြံကုန်တော့ ငထုံ ဆားချက်ရမှာပဲဆိုပြီး သုံးယောက်စလုံး ရထားပေါ်ကဆင်းလိုက်တယ်။ စိတ်ကူးတာက အခြား လူချောင်တဲ့အတွဲမှာ သွားပြောင်းစီးမယ်ပေါ့။ ဒါပေမယ့် တွဲစေ့ ဒါမျိုးချည်းပဲဆိုတော့ ဒီကောင်တွေ တိုင်ပတ်နေတာပေါ့ အထုပ်အပိုးတွေ ကိုယ်စီနဲ့ ယောင်လည်လည်လုပ်နေတုန်း ရထားက ဘီးစလိမ့်ပြီ … အား… ဟိုးထား အော်လဲမရဆိုတော့ မထူးဘူး ရထားခေါင်းတွဲရှေ့က မိုင်းခံတွဲဆိုတာရှိတယ်။ အဲ့ဒီဘက်ဒေသတွေက လုံခြုံရေးအရ မိုင်းခံတွဲ တပ်မောင်းကြတယ်။ မိုင်းထောင်ထားရင် ခေါင်းတွဲကို စမထိအောင် ရှေ့ကခံထားတဲ့ တွဲလွတ်ကြီးပေါ့။ အကာအရံမရှိဘူး သံပြားချည်းပဲ။ အဲ့ဒီအပေါ်မှာ စစ်သားတွေရယ် ရဲတွေရယ် ပစ္စည်းအချို့ရယ် လူနည်းနည်းရယ်ရှိတယ်။ အဲ့ဒီတွဲကိုပဲ မဲပြေးရတာပေါ့ ကျွန်တော်တို့ အဲ့ဒီမှာ စီးချင်လို့ပါ။ ရမလားဆိုပီး မေးမြန်းတက်စီးရတယ်ဗျာ။ ကိုကိုစစ်သားကြီးက ပိုက်ဆံထပ်တောင်းလို့ ပေးလိုက်ရသေးတယ်လေ။ မောင်အေးသုံးကောင် နှစ်ခါနာတာပေါ့။ သံပြားခင်း မိုင်းခံတွဲပေါ်မှာ ထမင်းထုပ်ကလေးတွေ ၀ယ်စားလို့ ဖြစ်ပျက်နေကြတာဗျာ ပျော်စရာတော့ကောင်းပါရဲ့၊ မိုင်းပေါက်ရင်တော့ သကြားမင်းဖင်ကို ခေါင်းနဲ့ပြေး ဆောင့်မိဖို့ပဲရှိတယ်။


တဖြည်းဖြည်းက နေကလဲ ၀င်လာပြီး လေကလည်း အကာအကွယ်မဲ့ တိုးနေတော့ ချမ်းလာပြီ ဒီတော့ ပုဆိုးလေးတွေထုတ်ပြီး ခြံုထားကြရတယ်။ ဒေသခံအဒေါ်ကြီးတွေက ကျွန်တော်တို့ကို ကြည့်ပြီး ဖျားနေကြလို့လားတဲ့၊ ပြောထားပေါ့ သူတို့ကသွားနေကြကိုး ဘယ်မှုပါ့မလဲ။ ဒီမှာ ဘယ်ခံစားနိုင်ကြပါ့မလဲ .. အေးချက်က ဟူးဟူး…။ ထူးခြားတာကဗျာ အဲ့ဒီဘက်က မီးရထားက ရန်ကုန်ကဘတ်စ်ကားလိုပဲဗျ ဘူတာမဟုတ်လဲ ဘယ်နေက တားတား ရပ်တာပဲ … ကျွီအီအီ ဆိုပြီး တားသမျှ အကုန်တင်တာပဲဗျ။ ၀ါးပင်က အချွန်တွေကလဲ မျက်နှာဘေး ၀ီှးကနဲဝှီးကနဲ ဖြတ်ဖြတ်သွား နေကြတာ ဘယ်အချက်ထိမလဲပဲဗျို့။ ဒါပေမယ့် ကျွန်တော်တို့က အလယ်နေရာနား ယူထားကြတော့ သိပ်မှုစရာမလိုဘူးပေါ့လေ။


အဲ့ဒီ ဒါပေမယ့်က ကြာကြာမခံလိုက်ပါဘူးဗျာ၊ ဘူတာတခုကိုရောက်တော့ တိုင်ကီပုံးကြီးတွေ အများကြီးပဲ မိုင်းခံတွဲပေါ်တင်ပါလေရောဗျာ။ ကျွန်တော်တို့တွေ ဘုံပျောက်ပြီ။ တိုင်ကီတွေပေါ်တက်ထိုင်တော့လဲ မထိုင်ရဘူးတဲ့ နောက်က စက်ခေါင်းတွဲက ရှေ့ကိုမမြင်ရလို့တဲ့။ ဘော်ဒါတယောက်ကတော့ စိတ်လျော့ပီး စူပါရှယ် လူစီးတွဲထဲ ပြန်လည်ခိုလှုံဖို့ ပြန်သွားပါတယ်။ ကျွန်တော်ရယ် နောက်တစ်ယောက်ရယ်ကတော့ ပေကပ် ပြီး တိုင်ကီဘေးက တစ်ပေလောက်စာ နေရာလေးမှာ ငုတ်တုတ်ထိုင်စီးကြပါတယ်။ အမေသာသိရင် ဆဲလို့တောင်လောက်မှာမဟုတ်ဘူး။ ကိုင်တွယ်ထားစရာလဲ မရှိဘူး တိုင်ကီတွေက ဆီချေးတွေနဲ့ ချွဲနေတာ၊ ဒါပေမယ့် ကျွန်တော်က ရောက်တဲ့နေရာမှာ ဖြစ်သလိုအိပ်တက်တဲ့ အကျင့်ရှိတော့ အဲ့ဒီ တစ်ပေသာသာ သံပြားပေါ်မှာ မရမက ငိုက်လာပါရောဗျာ၊ ၀ါးချွန်တွေကလဲ တဝှီးဝှီး ပါးကိုခြစ်သွားလိုက် ပုခုံးကို ခြစ်သွားလိုက်နဲ့ ဘာမှမဖြစ်လို့သာ တော်တော့တယ်။ ဒဲ့သာ ထိုးလို့ကတော့ ခုဆို တစ်လုံးကန်းဖြစ်ပြီ။ ဘေးလက်တန်းမပါတဲ့ တံတားတွေဖြတ်တဲ့ချိန်ဆို အဆိုးဆုံးပဲဗျို့ ရထားကလဲ အကာမရှိ တံတားကလဲ အကာမရှိနဲ့ အသည်းကိုအေးရော။ ပြုတ်သာကျလို့ကတော့ ချောင်းထဲဗွမ်းဖို့ပဲရှိတယ်။ ဒီလိုနဲ့ ထားဝယ်ကို ညအတော်မှောင်မှ ရောက်ခဲ့ကြပါတယ်။


အဲ့ဒီအချိန်က အလုပ်သမားတွေ တရားမဝင် သွားလာမှုများတဲ့ကာလမို့ အစစ်အဆေးတွေ အတော်များတယ်ဗျ။ ကျွန်တော်က အဲဒီတုန်းက မှတ်ပုံတင်ပျောက်နေတော့ ကိုယ့်ဘာသာကိုယ် ပုံစံတူလေးလုပ်ထားတာလဲရှိတော့ အဲဒါလေးနဲ့ သုံးနေရတာ။ ဘူတာက အထွက်မှာ မှတ်ပုံတင်စစ်တာတင် သုံးဂိတ်တောင်ရှိတယ်ဗျာ။ အဲ့မှာတင် လက်ဖျားကအေးလာပြီ ဟဲဟဲ ချမ်းလို့ပါ။ အသိအကျွမ်းမရှိတဲ့ဒေသမှာ တခုခုတိုင်ပတ်လို့ကတော့ မလွယ်ဘူးလေ။ ဒါပေမယ့် သိတယ်မဟုတ်လား ခပ်တည်တည်ပဲပေါ့။ ကျွန်တော်တို့အရှေ့မှာ လူငါးယောက်လောက်ကို ဖမ်းခေါ်သွားပါတယ် မှတ်ပုံတင်မပါတာရော.. မေးတာကို ရေရေရာရာမဖြေနိုင်တာရောပါတာပေါ့။ ရဲတွေက အဲဒီလူတွေကို လိုင်းကားတစ်စီးပေါ်တင်ထား ပါတယ်။ ကျွန်တော်တို့အလှည့်ရောက်တော့ အေးဆေးပါပဲ မှတ်ပုံတင်ပုံစံတူလေးက လက်ရာသိပ်မြောက်တယ်လေ ဟဲဟဲ ဖေါင်းကြွတံဆိပ်ကအစ ကျွန်တော့်လက်ရာကိုးနော်။ ဂိတ်တွေကနေထွက်လာတဲ့နောက် လိုင်းကားတွေကလဲ ကုန်ပြီ၊ ခုနက ဖမ်းထားတဲ့လူတွေ တင်ထားတဲ့ကားပဲကျန်တယ်ဗျာ။ အဲ့ဒါနဲ့ မေးကြည့်တော့ ရတယ်တဲ့ လိုက်ပို့ပေးမယ်တဲ့။ အကြာကြီးစောင့်ပြီးမှ ခုနက ဆရာသမားတွေကို ထပ်မံစစ်ဆေးဖို့ရန် ရဲစခန်းကိုပင့်သွားတာ ကျွန်တော်တို့လဲ အချောင်ရဲစခန်းထဲ ပါသွားကြပါလေရော။ နဂိုထဲကမှ ကျောမလုံရတဲ့အထဲ ရုံးရောက်ဂတ်ရောက်နဲ့ စိတ်ကိုညစ်ရောပဲဗျာ။


မြို့ထဲရောက်တော့ အနီးဆုံးတည်းခိုခန်းကို ပို့ပေးပါပြောတော့ ကားဆရာက တကယ်ကိုအရောက်ပို့သွားပါတယ်။ တကယ်ကိုပို့သွားတာပါ။ ပထမတစ်ညက ခရီးပန်းတာနဲ့ ဘယ်လိုအိပ်ပျော်သွားမှန်းတောင် မသိပါဘူး။ နောက်နေ့မနက်အတော်နောက်ကျတဲ့ထိ အိပ်နေကြတုန်းပဲဗျာ၊ အဲဒီအချိန်အထိ ဘာမှမသိသေးဘူး၊ နောက်တော့ရေမိုးချိုး ပုလောကိုဆက်သွားဖို့ ကားလက်မှတ်သွားဝယ်၊ ဟိုဟိုဒီဒီလျောက်သွား လက်စွပ်လေးတွေ ဖြတ်ရောင်းစား နဲ့ပေါ့။ တည်းခိုခန်းဘေးက နံရံမှာ အရက်သေစာမသောက်စားရလို့ ကပ်ထားတော့ကာ ကျွန်တော်တို့ခမျာ ဆန့်ငင်ငင်ကြီးဖြစ်နေတယ်ဗျာ။ ဒါပေမယ့် သေချာကြည့်လိုက်တော့ တည်းခိုခန်းအောက်ထပ်မှာ ပိုင်ရှင်ကိုယ်တိုင်က အရက်ဆိုင်ဖွင့်ထားသကိုးဗျ၊ ဘယ်လိုနားလည်ရမလဲတောင် မသိတော့ ပါဘူးဗျာ။ ထားပါတော့ အဲလိုနဲ့ပဲ နဲနဲပါးပါးသောက်ကြတယ် ဆိုပါစို့။


စိတ်ညစ်တယ်ဗျာ၊ အရက်ဆိုတာ မူးချင်လို့ ခါးခါးအရည်တွေကို ကြိတ်မှိတ်သောက်တာဗျ၊ ခုတော့ ခါးသာခါးတာ မမူးဘူးဖြစ်နေတယ်၊ သောက်တာလဲများပြီ၊ ကျွန်တော်တစ်ယောက်ထဲဖြစ်နေတာထင်လို့ ဟိုနှစ်ကောင်ကို မေးကြည့်တော့လဲ သူတို့လဲ အတူတူပဲတဲ့ မမူးဘူးတဲ့ ကောင်းရော။ ဆရာသမားက ဘယ်လိုလုပ်ချလိုက်ပြီလဲမသိဘူး။ သူ့တည်းခိုခန်းမှာတည်းနေတာဆိုတော့ ပြဿနာလဲ မရှာချင်တော့တာနဲ့ အေးရာအေးကြောင်း အခန်းပြန်ပြီး ဖဲရိုက်ကြပါတယ်။ မူးလဲမမူးကြဘဲနဲ့ ဟယောင်ငါနိုင်ဘီကွ .. ပေးရမ်း .. လက်ငင်းဘဲ .. အေ့ .. လာထား တွမ်တီဝမ်း .. ဟားဟား မင်းလန်ဘီ အဲဒီလို လုပ်မူးကြီးမူးနေရပါတယ် နို့မို့ဆို ဘယ်တန်မလဲနော်။


ခုနက ဇာတ်လမ်းပြန်စရရင် ပထမညက ပင်ပန်းလို့သာအိပ်ပျော်သွားတာ ခုတော့ ယားသလိုလို မကြာမကြာဖြစ်နေတာတော့ သိတယ်။ ဒါပေမယ့် သိပ်အာရုံထဲမထားဖြစ်ဘူး။ ဘော်ဒါတကောင်က …ယားပြီးတော့ ခေါင်းအုံးစွပ်ကို သွားချွတ်လိုက်တဲ့အချိန်မှာ အား………………………………. ခေါင်းအုံးစွပ် ထောင့်တစ်ထောင့်စီမှာ ဟဲဗီးဆိုက်ကြမ်းပိုးတွေ ရာဂဏန်းရှိတယ်ဗျာ၊ အိုး.. ဆိုးဝါးချက်။ သူက မနေနိုင်မထိုင်နိုင် မီးနဲ့လိုက်ရှို့နေတယ်၊ ကျွန်တော်တော့ ရွံလွန်းလို့ တည်းခိုခန်းပြောင်းဖို့လုပ်တယ် ဒါပေမယ့် ဒီနေက ကားဂိတ်နဲ့လဲ နီးတယ် ချက်ခြင်းပြောင်းဖို့ကလဲ မှောင်နေပြီ၊ မနက်ဖြန်မနက်အစောကြီး ကားစီးရတော့မှာ စတာတွေကို စဉ်းစားလိုက်ပြီးတော့ ပြန်ငြိမ်နေလိုက်ရပါတယ်။


အဲ့ဒါတောင် ဟိုကောင်က အငြိမ်မနေနိုင်သေးဘူး။ မွှေ့ယာကို ထပ်ဖွတယ် အိုး………….. သေသင့်တယ် သေသင့်တယ်.. ခေါက်ချိုးထောင့်ကြား တိုင်းမှာ ရာပေါင်းများစွာသော ကျက်သရေမဲ့ ကပ်ပါးကောင်များ နန်းတော်တည်ထားတာ။ လုံးဝကို မရတော့ဘူး အဲ့ဒီည ဧည့်ခန်းမှာသွားအိပ်ကြတယ်။ ခြင်ကလဲ ကိုက်လိုက်တဲ့အမျိုးဗျာ။ တည်းခိုခန်းက နာမည်နဲ့ လိုက်ပါပေတယ် ။ အသားတွေ နီလာ အောင်ကို နာမည်နဲ့ လိုက်ဖက်ပါပေတယ်။ တကယ်ကို နီလာပါတယ်ဗျာ။ နောက်နေ့ မနက် ကားဂိတ်သွားတော့ ဂိတ်ကလူတွေကမေးတယ် ညီတို့ဘယ်မှာတည်းကြတာလဲတဲ့ ကျွန်တော်တို့က နာမည်လဲပြောပြ လိုက်ရော သြော် ကြမ်းပိုးဂိုထောင်မှာကိုးတဲ့ … တခါထဲ သေချင်စိတ်ကိုပေါက်ရော .. ကားဆရာကျွန်တော်တို့ကို ပို့သွားပုံများပြောပါတယ်။


ပုလောမြို့ကို ဆက်စီးရတဲ့ကားက မီနီဘတ်စ်လေးနဲ့ပါ၊ အပြင်ကကြည့်တော့ ဟုတ်မလိုလိုနဲ့ အတွင်းဘက်လဲဝင်ရော လမ်းလျောက်စရာ နေရာလဲ မရှိဘူး၊ ကုန်စိမ်းတွေ ကုန်ခြောက်တွေ ပြည့်လို့ပဲ။ ကုန်းကွကျော်ခွပြီး ကိုယ့်နေရာကိုယ်ယူရတာ။ အဝင်ခက်အထွက်ခက်ကြီးဗျ မလွယ်ဘူး။ ပိုဆိုးတာက ကျွန်တော့ဘေးမှာ ပိန္နဲသီးကြီးတွေ လက်နဲ့ခဏခဏ ထိုးမိတယ်။ အန့ံတွေကလဲ အီနေတာပဲ။


လမ်းမှာ ထမင်းစားနဲ့တဲ့အခါမှာတော့ ထူးခြားတဲ့ဓလေ့လေးတခုကိုလဲ တွေ့ရသေးတယ်ဗျ။ ထမင်းကြော်မှာစားကြတယ်ဗျာ အဲဒီမှာ ကြက်သားစွပ်ပြုတ်လဲ လာချပေးတယ်ဗျ။ ဒါပေမယ့် ကြက်သားတုံးက တစ်တုံးပဲပါတော့ မျက်စောင်းထိုးနေကြတယ် ငါဦးအောင်ခပ်မှဆိုပြီးတော့ပေါ့။ အဲလိုကြံစည်နေတုန်းမှာပဲ တစ်ဝိုင်းတည်းထိုင်တဲ့လူက ကျွန်တော်တို့ကို ဒီနယ်ကမဟုတ်မှန်းသိလို့ထင်ပါရဲ့ ညီလေးတို့ ကြက်သားဟင်းရည်သောက်ချင် သောက် ဒါပေမယ့် ကြက်သားတုံးကို မစားနဲ့တဲ့။ ဘာလို့လဲမေးတော့ သူက ဟင်းရည်သောက်ရင် ပိုက်ဆံမပေးရဘူး အသားတုံးစားရင် တပွဲစာရှင်းရတယ် တဲ့၊ အဲ့လိုလား ဒါဆို ဘယ်စားမလဲ ကြက်စွပ်ပြုတ်ဆိုတာ ဟင်းရည်သာအရသာရှိတာ အသားက ပေါ့ရွှတ်ကြီးဟာကိုနော်။ ဟင်းရည်ချည်း လှိမ့်သောက်ကြတာပေါ့။


ထားဝယ်ကလူတွေ စကားဝဲတာများ လွန်တယ်ဗျာ။ ထမင်းစားပြီးတော့ အအေးမှာတာ စပါကလင် မှာတဲ့ဟာကို ပြန်ပြောတာ လာကပ်ဆဲသွားသလိုပဲ မိန်းကလေးတန်မဲ့နဲ့။ သုံးခါလောက်ပြန်မေးမှ စပါကလင်မရှိဘူး လီမွန်ပဲရှိတယ် လို့ပြောတာတဲ့.. ဟူး မလွယ်ပါလား။ ပုလောမြို့ လဲရောက်ရော ခဏတဖြုတ်နားကြပါတယ်။ ဘော်ဒါရဲ့ အသိလက်ဖက်ရည်ဆိုင်မှာပေါ့လေ။ လှေကြံုစောင့်ရင်း နှပ်ကြတာပေါ့။ ကျွန်တော့်သူငယ်ချင်း တယောက်က ရေဆာလို့ ဆိုင်မှာခိုင်းတဲ့ ကောင်မလေးကို ရေသောက်ချင်တယ်လို့သွားပြောတော့ ဟိုက တိုင်ကီပြတ်ကြီးကို လက်ညှိးထိုးပြပြီး ရေချိုးခွက် ကြီးကမ်းပေးတယ်။ ဟိုကောင်လဲ ယောင်နနနဲ့ တိုင်ကီထဲသွားကြည့်တော့ အောက်ခြေမှာ ရေညှိစိမ်းတွေတောင် တက်နေတဲ့အနေအထားဖြစ်နေတယ်။ ရေကတော့ ကြည်တယ် ဆီလေးတော့ နဲနဲ ဝေ့သယောင်ယောင်။ ဒါပေမယ့် ခုမှ မသောက်တော့ဘူး ငြင်းလိုက်ရမှာလဲ အားနာပြီး ဘယ်ညာတချက်လောက် ရေကိုလှုပ်လိုက်ရင်း အသက်အောင့် သောက်ပါတော့တယ်။ သူ့ဓလေ့နဲ့ သူကိုးလေ ဘာတက်နိုင်မလဲနော်။ ဟိုကောင်ကတော့ မျက်နှာကြီးရှုံ့မဲ့ပြီး ကျွန်တော်တို့အနားပြန်လာပါတယ်။ ကျွန်တော်တို့ကတော့ ရေဆာလဲ ခုတော့အောင့်ထားလိုက်အုံးမယ်လေး ဆိုပြီး ငြိမ်နေလိုက်ပါတယ်။


ညနေစောင်းလောက်ရောက်တော့ ရေချိုးမယ်လုပ်တော့ စားပွဲခင်းလေးတွေလာပေးတယ်ဗျ။ ဘာလုပ်ဖို့လဲမေးတော့ အဲဒါပတ်ပြီး ရေချိုးဖို့တဲ့လေ ကောင်းရော။ ကျွန်တော်တို့မှာ မလုံ့တလုံလေးနဲ့ စက်စီကျကျရေချိုးရတာပေါ့ဗျာ။ ဒီဇိုင်းကွက်လေးတွေကလဲ လန်းတယ်လေ။ အဲ့လိုနဲ့ ဖလန်းဖလန်း ဖြစ်သွားတဲ့ခါ လှေဆိပ်ကိုဆင်းကြရော၊ အစက စစ်တပ်လှေကြံုဆိုတော့ မှန်းထားတာ သံဘော်ဒီနဲ့ စတင်းဂန်းလေးဘာလေး ချိတ်ထားတဲ့ ဟာမျိုးလားပေါ့။ နောက်တော့ဘယ်ဟုတ်မှာတုန်း ရိုးရိုးစက်လှေပဲ ဘာမှလဲမထူးဘူး။ အဲ ဒါပေမယ့် နောက်တော့မှ ထူးမှန်းသိတာဗျ။ စက်လှေက အင်ဂျင်နှစ်လုံးတပ်လေ ဒါပေမယ့် တလုံးကပျက်နေတယ်။ မောင်းနေရင်းနဲ့ တစ်လုံးထိုးရပ်သွားတဲ့အခါ လှေက ပတ်ချာလည် ၀လုံးပုံကြီးသွားနေရော။ ပဲ့ကို အင်ဂျင်တစ်လုံးစာ ပြန်ချိန်ပြီး မောင်းနေရင်း ဟိုတစ်လုံးပြန်ကောင်းသွားတဲ့အခါ နောက်တဖက်ကို လည်သွားပြန်ရော။ တစ်စီးထဲ ဖြစ်ပျက်နေတာပြောပါတယ်။ အဲဒီလိုနဲ့ ပြန်ချိန်လိုက် ပြန်ပျက်သွားလိုက်နဲ့ ကျွန်တော်တို့ရဲ့ ဦးတည်ရာ မလိကျွန်းကို ရောက်ရှိခဲ့ပါတော့တယ်။ ကျွန်းက ထင်တာထက်ကို တော်တော်ကြီးတာကိုး။


ပင်လယ်စာ တွေဆိုတာကတော့ အမုန်းပဲဗျို့ ၊ ကျွန်တော်လို အစာသိပ်မစားတဲ့ကောင်တောင် သုံးပန်းကန်လောက် ပုံမှန်စားဖြစ်တယ်။ ဒူးရင်းသီး ဆိုတာ ခြံတွေထဲမှာ ကိုယ့်ဘာသာသွားကောက် ကြိုက်တာရွေးစားရုံပဲ။ အခေါ်တွေကလဲ အစုံပဲဗျ။ အရသာရယ် အသီးပုံစံရယ်ကိုလိုက်ပြီး ခေါ်တာထင် ပါရဲ့။ အစားအသောက်ကတော့ မီးလိုတောက်ကြတာပေါ့ဗျာ။


ဟဲဟဲ ပြောရဦးမယ်။ ကျွန်တော်တို့တည်းတဲ့အိမ်မှာ သာလိကာတစ်ကောင်ရှိတယ်။ စကားအတော်အတန်ပြောတက်နေပြီပေါ့။ သူ့အိမ်ကလူတွေ က ယဉ်ကျေးအောင်သင်ထားတော့ စားပြီးပြီလား ဘာလုပ်နေလဲ ပြန်ပြီလား မင်္ဂလာပါ သြကာသ စသဖြင့် နာပျော်ဖွယ် စကားတွေပြောတာပေါ့ဗျာ။ ကျွန်တော်တို့ ရောက်ပြီး တစ်ပတ်လောက်လဲကြာရော ကြက်တူရွေးဆီက ချီးပဲ မင်းဘာကောင်လဲ ခွေးမသား မိုက်လား အဲလိုအသံတွေထွက်လာတော့ အိမ်ရှင်တွေခမျာ အတော် စိတ်မသက်သာပုံ ရပါတယ်။ တက်နိုင်ဘူးလေဗျာ သူက လိုက်နားထောင်နေတာကိုးနော်။


သူများဒေသမှာဆိုတော့ အနေအထိုင်ဆင်ခြင်ရပါတယ်။ ဖြစ်ချင်တော့ တနှစ်နေလို့ တခါသူခိုးမရှိတဲ့ကျွန်းက ကျွန်တော်တို့ရောက်တဲ့နေ့မှာပဲ စစ်တပ်ထဲက တီဗွီတစ်လုံးပျောက်သွား တယ်ဆိုပါရောလား။ ကိုယ့်ကိုများ ယုန်ထင်ကြောင်ထင်ရင် ဒုက္ခဆိုပြီး အသွားအလာ ဆင်ခြင်နေရပါသေးတယ်။ဒါပေမယ့် ညနေဘက်ကိုတော့ ဘော်ရုံသွားပီး ဘော်ထိုးကြပါတယ်။ ဘိလိယက်ခုံကို သူတို့က ဘော်ခုံလို့ ခေါ်ကြပါတယ်။ အဲ့ဒါသွားသွားဆော့ကြတယ်ဆိုပါတော့၊ ဧည့်သည်ဆိုတော့ တခါတလေ အားနာပါးနာနဲ့ အလကားပေးထိုးသေးတယ် မဟုတ်လား။ ကောင်းလေစွ။


ကျွန်တော်ကိုက ကံဆိုးတယ်ဗျာ၊ တညမှာပေါ့ အိပ်ပျော်နေတုန်း လက်ကိုစူးကနဲဖြစ်ပြီး လန့်နိုးလာတယ် ညာဘက်လက်ခလယ်မှာ … အား….. သေမတက်နာတယ်ဗျာ.. လူကိုဆတ်ဆတ်တုန်ရောပဲ.. မှောင်မဲနေတာ ဘာမှလဲမမြင်ရဘူး လျပ်စစ်မီးကလဲ မရှိ၊ ဟိုကောင်တွေလဲ နိုးလာပြီး ဘာလုပ်ရမလဲမသိ ဖြစ်နေတယ်။ အိပ်အောက်ထပ်ကို တုန်တုန်ချိချိနဲ့ဆင်းလာရော ကျွန်တော့်သူငယ်ချင်းအဒေါ်က မေးတယ် ဘာကောင်လဲတဲ့ ကျွန်တော်က ဘာကောင်မှန်းကိုမမြင်လို့ ပိုလန့်တာပေါ့ဗျာ။ နာတာလဲသေတော့မယ်။ သူက ထပ်မေးတယ် ခု ဘယ်ထိနာလဲတဲ့၊ ဖြစ်တာက လက်ခလယ် တချောင်းလုံးနာနေပြီ၊ ဒီမှာအန်တီဆိုပြီး ထောင်ပြရင်လဲ မကောင်းဘူးလေ။ အံကြိတ်ပြီး တအစ်အစ်ဖြစ်နေတာပေါ့။ ခဏနေတော့ ထပ်မေးတယ် ဘယ်ထိနာနေပြီလဲတဲ့ အဲဒီအချိန်မှာ လက်ကောက်ဝတ်နားထိ အဆိပ်ကတက်လာပြီ။ ဘာလုပ်ရမှန်းကိုမသိဘူး။ သူတို့ကတော့ အေးဆေးပဲ။ ကျွန်တော့်ကို ဆေးတစ်လုံးပေးတယ်။ ကျွန်တော်လဲ အားကိုးတကြီးနဲ့သောက်တာပေါ့။ နောက်ခဏနေတော့ထပ်မေးတယ် ဘယ်ထိရောက်ပြီလဲတဲ့။ ကျွန်တော်က လက်ဖျံတဝက်ထိရောက်လာပြီလို့ပြောတော့ အင်း တတောင်ဆစ်ကျော်ရင်တော့ အခြေအနေမကောင်းဘူး ခုလောက်ကနေ ကျသွားရင်တော့ ရိုးရိုးကင်းကိုက်တာနေမှာပါတဲ့။ အီးယား ဘယ်လိုလုပ်ရပါ့နော်… တံတောင်ဆစ်ထိအဆိပ်က တက်လာပြီ၊ ကွိုင်ပဲ လက်တော့ ပုပ်တော့မှာပဲပေါ့။ ဒါပေမယ့် ခဏနေတော့ တဖြည်းဖြည်းနဲ့ လျော့လျော့လာတယ်ဗျ။ ခုနက ဆေးတံခိုးကြောင့်နေမှာ၊ ဟင်း .. စောစောက မပေးပဲနဲ့ဗျာ .. နေနိုင်ကြတဲ့လူတွေ။ ဒီလိုနဲ့ နာနေတုန်းပေမယ့် အိပ်ငိုက်လာတာနဲ့ တဖြည်းဖြည်း အိပ်ပျော်သွားပါရော။


နောက်နေ့မနက်ရောက်တော့ သက်သာသွားပြီ ဒါပေမယ့် လက်က ထိလို့မရဘူး၊ ထိတာနဲ့ ၁၁၀ ဗို့လောက်ရှိတဲ့ လျပ်စစ်အားနဲ့ တိုု့သလိုပဲ ကျိန်းနေတာ .. အတော်ဆိုးတယ်ဗျ။ လူတွေကမေးရင် ဘယ်နားလဲပြဖို့ကလဲခက်တယ် ခဏခဏလက်ခလယ်ထောင်ပြနေရတာ မကောင်းဘူးလေဗျာ။ ဒါနဲ့ စကားမစပ် မနေ့က ကျွန်တော့်ကိုတိုက်တဲ့ဆေး ဘာဆေးလဲအရမ်းကောင်းတာပဲမေးတော့ သူငယ်ချင်းအဒေါ်ကပြန်ဖြေတယ် ဘာမီတွန်လေ တဲ့။ ဖြစ်ရမယ်… ဖြစ်ရမယ်။ ………….

(ဆက်ဖတ်ရန်)

Saturday, June 22, 2013

အထဲထဲက ကောင်းကင်

ပျော်နေတယ်လို့ထင်ရင်လဲ
ပျော်နေတယ်ပဲထားပါတော့
ထစ်ကနဲရှိသတိရချင်နေတဲ့စိတ်ကိုခုတ်ထွင်ရှင်းလင်းဖို့
သွေးခဲ့ရသောဓါးတွေများ
ရှို့ခဲ့ရသောမီးတွေများ
လေခဲ့ရသောညတွေများ
သွားခဲ့ရသောခရီးတွေများ
များသာများလာတယ် များတာကများတုန်းပဲ
ပျော်တယ်လို့ထင်ရင်လဲ ပျော်တယ်ပေါ့။

တခါတလေဆိုတာ တခါတလေပဲကောင်းတယ်
လိုတာထက် လိုလိုနေတတ်တဲ့ လိုအပ်မှုတွေထဲမှာ
အလိုဆုံးအရာကို မလိုတော့သယောင်ယောင်
ယူဆသတ်မှတ်ဆုံးဖြတ်ပုံဖေါ်အတည်ပြုကောက်ချက်ချ
တခါတလေမှာ
တခါတလေထက်ပိုတဲ့
တခါတလေများစွာ
တခါတိုင်းတခါတိုင်းလေခဲ့ရလွန်းလို့
တခါတလေတောင်
တခါတလေလောက်
မလေလိုတော့ဘူး.....။

ပိတ်ဆို့ရင်း ကာဆီးရင်း ငြင်းဆိုရင်း ကန့်ကွက်ရင်း ဖြတ်တောက်ရင်းနဲ့ပဲ
ပွင့်လင်းဖို့ကိုမေ့
ရှင်သန်ဖို့ကိုမေ့
ရုန်းကန်နေထိုင်မှုက
အဓိပ္ပါယ်ကောက်ကြောင်းယိုယွင်း
ငါမထွန်းထားထဲ့ကြယ်တွေ
ငါမခင်းထားတဲ့ညထဲ
ငါမခိုင်းပဲနဲ့တောက်ပ
ငါဘာမှမပြောရသေးဘူး ... ငိုနေကြပြန်ပြီ။

(ဂယက်)

Friday, June 21, 2013

မြို့ပျော် စာသူငယ်မလေးများ

မနက်မိုးလင်း နေတောင် မပွင့်ချိန်တန် ပွင့်ချိန်တန်
သူတို့က နုတ်ခွန်းဆက်နေပြီ … စိုးစီစိုးစီ
တိုက်ခန်းတွေကြားမှာ လူးလာပျံသန်းနေကြ သူတို့တွေက
မြို့သူတွေပီပီ အလှကြိုက်တက်ပုံများ
ဟိုနေရာနားလိုက် ပြူတင်းပေါက်မှန်ချပ်ကနေ မှန်ကြည့်လိုက်
တောင်ပံလေး တချီချီ ဟန်ရေးပြ ဟိုသည်ကြည့်လိုက်
ကျွန်တော်တို့ပတ်ဝန်းကျင်က နုတ်ခမ်းနီဆိုးတတ်တဲ့ စာသူငယ်မလေးများ
ကျွန်တော့်နားမှာ စိုးစီစိုးစီ
မိုးမလင်းသေးမီ အိပ်တန်းမှ နိုးထလို့ မိတ်ကပ်ပြင်သူ ပြင်ကြပြီ
လေတိုက်နှုန်းပြင်းတဲ့ ဒေသမှာပျံသန်းနေကျတောင်ပံတွေက သန်မာလှပကျော့ရှင်းနေ
တဖျပ်ဖျပ် ကွေ့ကောက် လှည့်ထွက် ရှောင်ဖယ် ထွက်ပြေး ရင်ဆိုင် စိုက်ဆင်း
ပညာစုံမှ လေထုမြင့်မြင့်ထဲ မျက်နှာပန်းလှလှ ၀ဲပျံနိုင်တဲ့ မြို့မှာ
သူတို့ နေ့စဉ် ပျံသန်းကြ .. သူတို့ ညစဉ်ပျံသန်းကြ ..ကျွန်တော်တို့ပတ်ဝန်းကျင်မှာ
သူတို့ အိပ်တန်းတက်ကြ တယ်
ဘုရားစောင်းတန်းနားက စာကလေးတွေက ဘုရားဝတ်ပြုတတ်ကြတယ်
စျေးနားမှာနေတဲ့ စာကလေးတွေက အရောင်းအဝယ်လုပ်တတ်ကြတယ်
ကျောင်းနားမှာနေတဲ့ စာကလေးတွေက ပညာတတ်ကြတယ်
ရုံးနားမှာနေတဲ့ စာကလေးတွေက စာရင်းတွတ်တတ်ကြတယ်
ဘီယာဆိုင်နားက စာကလေးတွေက ဧည့်ခံတတ်ကြတယ်
ကေတီဗွီနားက စာကလေးတွေက သီချင်းဆိုတတ်ကြတယ်
အနှိပ်ခန်းနားက စာကလေးတွေက အပြုအစုကောင်းတယ်
ရုပ်ရှင်ရုံနားက စာကလေးတွေက အမူအယာ လွန်ကဲတယ်
မှတ်တိုင်နားက စာကလေးတွေက အစာမရွေး စားတယ်
မြို့ပြရာသီဥုတုအနေအထားကြောင့် စာကလေးတွေ အိပ်တန်းတတ်ချိန် မမှန်တတ်တော့ …
ဒီလို .. သနားဖို့ကောင်းတဲ့ စာသူငယ်မလေးတွေကို
သနားတတ်တဲ့ သူတွေလည်း ရှိတာပေါ့ ..
သံဆန်ကာပုံးထဲ စာကလေးတွေအများကြီးတွေ့လို့ .. လွှတ်ကြဦးမလား .. လွှတ်ကြဦးမလား .. အော်သံကြားရင်
တစ်ကောင်ဘယ်လောက်လဲ မေးပြီး တတ်နိုင်သလောက်လွှတ်ပေးသူတွေရှိတယ်
ပန်းကုံးတစ်ကုံး ဘယ်လောက်လဲ မေးပြီး တတ်နိုင်သလောက် စွပ်ပြီး လွှတ်ပေးသူတွေရှိတယ်
တစ်ဆက်ရှင် ဘယ်လောက်လဲ မေးပြီး အဆင်ပြေသလို လွှတ်ပေးသူတွေရှိတယ်
ဘီယာတစ်ခွက် ဘယ်လောက်လဲမေးပြီး ကျသလောက်ထက် ပိုပေးကာ လွှတ်ပေးသူတွေရှိတယ်
မြို့ပြမှာ အဲဒီလို မေတ္တာရှင်တွေလည်း မနည်းဘူးဆိုတာ စာကလေးမလေးတွေ သိပါတယ် ..
၀ရန်တာတွေ .. ခြံတခါးတွေမှာ ချိတ်ထားလေ့ရှိတဲ့ စပါးတွဲတွေ စားနေကျအကျင့်ပါလို့
အစာရှာရမှာ ပျင်းနေကြတဲ့ စာကလေးမ တွေလဲ တွေ့ဖူးတယ် …
အသိုက်အမြုံလေးအတွက် အမျှင်အစတွေ စုဆောင်းရင်း ပြန်ထွက်ရခက်တဲ့ တိုက်ခန်းတွေထဲ
အရဲစွန့်ဝင်ကြတဲ့ စာကလေးမတွေလဲ တွေ့ဖူးတယ် …
၀မ်းနည်းဖွယ်ရာ .. အန္တရယ်တွေ့လို့ ဖျတ်ကနဲပျံပြေးပေမယ်
့ မှန်ချပ်ကို ၀င်တိုက်မိကြတဲ့ စာကလေးမလေးတွေလဲ
မကြာခဏ .. တွေ့ဖူးတယ် ..
နုတ်သီးကောင်းလျှာပါး စာမလေးတွေကြောင့် ကျွန်တော်တို့နားတွေညည်းလို့
တီတီတာတာ ပြောတတ်တဲ့ စာမလေးတွေကြောင့် ကျွန်တော်တို့မှာ နားဝင်ပီယံ ဖြစ်လို့
လှစ်ခနဲ လှပ်ခနဲ ရှောင်တိမ်း ပျောက်ကွယ်တတ်တဲ့ စာမလေးတွေကြောင့် ကျွန်တော်တို့မှာ ရင်တွေမောလို့
အကိုင်းကြီးကြီးရှာရင်း အိပ်တန်းပျောက်သွားရှာတဲ့ စာမလေးတွေ ဥပမာကြောင့် သံဝေဂတွေရလို့
ဒီ စာကလေးတွေနဲ့ ကျွန်တော်နဲ့ကတော့ မလွယ်ပါဘူး …
ခုလဲကြည့်လေ .. မိုးမလင်းသေးဘူး.. ကျလိကျလိ .. လုပ်နေကြပြန်ပြီ ...


Monday, March 15, 2010 at 12:26pm

Thursday, June 20, 2013

အမှာစာ

ငါက ဆပ်ပြာပူဖေါင်းလေးဆိုလည်း
အတွင်းထဲကလေက ငါ့လေပေါ့
ငါက ဂယက်တစ်ခုဆိုလည်း
လှိုင်းကြက်ခွပ်များစွာကို ဖန်ဆင်းသူပေါ့
ငါက အခိုးအငွေ့တစ်ခုလို့ဆိုလည်း
စိတ်ကူးစိတ်သန်းများစွာ ဖြန့်ကျက်သူပေါ့
ငါက မီးတောက်တစ်ခုဆိုလည်း
သုံးတက်ရင်နွေးထွေးမှုရှိတဲ့သူပေါ့
ငါက ရွံ့ဗွက်အိုင်သာဆို
လူနင်းခံရတာ သက်သာမှာပေါ့
ငါက လူဆိုးတစ်ယောက်သာဆို
လူစွမ်းကောင်းတွေကို စင်ပေါ်တင်ပေးသူပေါ့

ငါက လူသားတစ်ယောက်ရဲ့သွားတွေနဲ့ မြွေတစ်ကောင်
ငါက လူဆင်းရဲတစ်ယောက်ရဲ့စိတ်နဲ့ လင်းနို့
ငါက အဖိုးအိုတစ်ဦးရဲ့အားအင်နဲ့ သူရဲကောင်း
ငါက မိန်းမပျိုတစ်ဦးကိုချစ်တဲ့စိတ်နဲ့ ဖါး
ငါက ၀ိရိယမရှိတဲ့ လိပ်
ငါက ကံမကောင်းတဲ့ ယုန်
ငါက အကြံမရှိတဲ့ ဆင်
ငါက အဖြစ်မရှိတဲ့ ကျား
ငါက မပေါ့ပါးတဲ့ ကြောင်
ငါက ချိစ်မစားတဲ့ ကြွက်
ငါက အမြင့်ကြောက်တဲ့ မျောက်

နောက် ....

ငါက ဂီယာမပါတဲ့ ကား
ငါက တောင်ပံမရှိတဲ့ လေယာဉ်
ငါက သံလမ်းမရှိတဲ့ ရထား
ငါက ပဲ့မရှိတဲ့ သင်္ဘော
ငါက မှန်ပြောင်းပျောက်သွားတဲ့ စနိုက်ပါ
ငါက သရဲကြောက်တဲ့ သုဘရာဇာ

ငါကငါကငါက …
ငါက ငါဆိုလည်း ငါသည်သာ ငါပေါ့
ငါက တကယ်တော့ လောက်လောက်လားလား နာမ်စားအတိအကျမရှိတဲ့ ငါပေါ့ ….။

Wednesday, June 19, 2013

ကိစ္စ

ထားခဲ့ဖူးခြင်းမရှိတဲ့
သစ္စာတွေ အဖေါက်ခံရခြင်းအပေါ်
ဆပ်ပြာပူဖေါင်းလေး နေရောင်အောက် ကွဲသွားသလောက်တောင်
ရင်မခုန်လိုက်လေနဲ့ ....

လောဘရှိသလောက် သောကရှိမှာပဲ
ငါ့ လိုချင်တပ်မက်မှုနဲ့
ငါ့ တွေဝေမိုက်မဲမှုနဲ့
ငါ့ ညနေခင်းနဲ
ငါ့အေးစက်ဖန်ခွက်များနဲ့
ငါ အိပ်နေတုန်း
ဘယ်လိုအကြောင်းနဲ့မှ မနိုးထပါရစေနဲ့ ...

လူမို့လို့ လူကိုစွဲလမ်းတဲ့စိတ်နဲ့
လူနောက်ကိုလိုက် လူမိုက်ဖြစ်ခြင်း ကိစ္စဝိစ္စတွေပြီးပြီ
မှတ်ပလားလို့တော့မမေးနဲ့ပေါ့
ထုံးစံကိုမရှိတာ ....

ဥတုသုံးပါးမရွေး
ကွဲအက်တတ်တဲ့ စိတ်နှလုံးကိုပြုစုထိန်းကျောင်းရင်း
မလျှောက်တာကြာတဲ့လမ်းတွေများလာခဲ့
မသွားတာကြာတဲ့နေရာတွေများလာခဲ့
အကြောင်းမဲ့တော့ ဘယ်ဟုတ်မလဲ
လူညံ့မှာလဲ သူ့ဆင်ခြေနဲ့သူ ............ .

(ဂယက်)

Thursday, January 31, 2013

ပုဂံပေါ်မှ မိုးပျံပူဖေါင်းများ

ပုဂံမြို့ပေါ်က မိုးပျံပူဖေါင်းများဖြစ်ပါတယ်။ သူတို့တွေဟာ ပုဂံနံနက်ခင်း နေမထွက်ခင်လေးမှာ အမြင့်ကိုတက်ဖို့ စတင်အရှိန်ယူလေ့ရှိကြပြီး နေဝန်းထွက်ပြူလာတာနဲ့ တပြိုင်နက် ကောင်းကင်ပေါ်ကို စီတန်းလို့ ပျံတက်ကြပါတော့တယ်။

စတင်တက်လာရာကနေပြီး လေစီးကြောင်းအတိုင်း အလိုက်သင့်မျောလွင့်ကာ ပုဂံမြို့ဟောင်းရဲ့ အနုပညာ ဗိသုကာများနဲ့ ရှုမျှော်ခင်းများကို အပေါ်စီးကနေ ၄၅ မိနစ်ခန့် ရှုမြင်ခံစားနိုင်မှာပဲဖြစ်ပါတယ်။

သူတို့ကိုဓါတ်ပုံရိုက်ဖို့ဆိုရင်တော့ မနက် ၅ နာရီလောက်ကတည်းက ထပြီး နေရာယူထားဖို့တော့ လိုပါလိမ့်မယ်။ တကယ်တမ်းပျံချိန်က ၆ နာရီဝန်းကျင်လောက်မှဖြစ်ပါတယ်။
ရာသီဥတုကို ခုခံဖို့အတွက် အနွေးထည်နဲ့ လက်အိပ်တွေ ၀တ်ထားဖို့တော့ လိုတယ်ဗျ။ မဟုတ်ရင် ချမ်းကချမ်း ခြေတုန်လက်တုန်နဲ့ ဓါတ်ပုံရိုက်ရတာ သိပ်တော့ဟန်မကျလှဘူးလေ။ နဂိုကလဲ လက်ဆလက်န အကောင်းစားမဟုတ်လေတော့ ကြည့်ပျော်ရှုပျော်ပုံလေးတွေ ရဖို့က ကျွန်တော့်အတွက်တော့ သိပ်မလွယ်လှတဲ့ ကိစ္စပဲဗျ။
ဘာပဲပြောပြော ပုဂံမြေပေါ်မှာ အမှတ်တရ ဓါတ်ပုံလေးတွေရိုက်ဖြစ်ခဲ့တာကိုပဲ ကျေနပ်လှပါပြီလေ။
 မြန်မာတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာနေရာကို အခါအခွင့်သင့်တုန်း ရောက်ရှိခဲ့ကြောင်းနဲ့ တတ်သလောက်မှတ်သလောက် မှတ်တမ်းတင်ဖြစ်ခဲ့ကြောင်း ပြန်လည်ပြောပြလိုရင်းဖြစ်ပါတယ်။


More Photos Here >>>