Friday, December 16, 2011

နုတ်ခမ်းခြောက်တော့ တံတွေးဆွတ်ပြီးပြုံးရတယ်

မီးပူမထိုးပဲနဲ့ ခေါက်ရိုးကျိုးနေတဲ့ဘဝက
မှန်ကြည့်တာတောင် ကိုယ့်ကိုကိုယ်မမြင်တော့ဘူး
လုပ်ကြည့်ရင်ဖြစ်တယ်ဆိုပေမယ့်
ဖြစ်မြောက်အောင်မလုပ်သေးတဲ့ ရည်ရွယ်ချက်တထွေးက
သပ်သပ်ရပ်ရပ် ခေါက်သိမ်းထားတဲ့
နိစ္စဓူဝ ယူနီဖေါင်းအထပ်ထပ်အောက်မှာ မလှုပ်နိုင်မရှားနိုင်…

ဘာမှမပြီးတာဟာ ဘာမှမလုပ်လို့ဆိုရင်
ဘာမှမလုပ်တာဟာ ဘာမှမဖြစ်လာလို့ပဲလို့ ပြောရမှာလား
တခုခုတော့ လုပ်ခဲ့သားပါပဲ
တခုခုတော့ ဖြစ်ခဲ့သားပါပဲ
သို့သော်….. တခုခုကလွဲလို့ ဘာတခုခုမှမရှိသေးတာက
နောက်ကြောင်းချည်းပြန်နေတဲ့ ရုပ်ရှင်ကားလို
ဇွတ်အတင်း ဇာတ်ရည်လည်ခိုင်းခံနေရတာမျိုး။

ဆိုတော့ကာ … ဆိုတော့ကာ
ကြီးကျယ်မြင့်မားတဲ့ ဒဿနတွေကိုစားသုံးပြီး
လည်ချောင်းမှာနင်လို့ မျိုမရခဲ့ရင်
မိုးခါးရေနဲ့ကြိတ်မျှောချရတာ ရှက်စရာဟုတ်မဟုတ်
မဲဆန္ဒခံယူကြည့်လိုက်ရင်
ဂုဏ်သိက္ခာမြောက်အဖြေတွေချည်း ခန့်ညားလေးစားဖွယ် ဖြည့်စွက်ကြမှာပေါ့ ဟုတ်ဘူးလား။

ယုံကြည်တဲ့အကြောင်းပြောတော့ ရာဇဝင်
မယုံကြည်တဲ့အကြောင်းပြောတော့ ပုံပြင်
ကိုယ်အောင်မြင်ခဲ့တာတွေပြောရင် သမိုင်း
အဲဒီလို…
ယဉ်ယဉ်ကျေးကျေး ရိုင်းနေကြတဲ့လူတွေက
သိုင်းဝိုင်းထွားကြိုင်းလာလိုက်ကြတာ
ဘယ်ဟာရိုင်းမှန်းဘယ်ဟာယဉ်မှန်းတောင် မခွဲတတ်တော့တဲ့အထိ။
နှမ်းကောင်းကောင်းမဖြူးတတ်ခြင်းက
မွေးရာပါချို့ယွင်းချက်လို့ဆိုရင်လဲရှိပါစေ
အိမ်တွင်းမှုသင်တန်းတော့ သွားတတ်မနေတော့ဘူး။

ခုနောက်ပိုင်းနှစ်တွေမှာ
ဆောင်းတွင်းဟာ နေ့တာရောညတာရော တိုလာသလားမသိ
ဘာမှကိုမလုပ်ရခင် နေဝင်
ဘာမှကိုမလုပ်ရခင် နေထွက်
ပုစ္ဆာမရှိပဲ ထွက်လာတဲ့အဖြေတွေရယ်
အဖြေရှိလျက်နဲ့ အလွတ်ချည်းဖြစ်နေတဲ့ စာရွက်တွေရယ်
မေးခွန်းနံပါတ်လွဲသွားတဲ့ အဖြေလွှာတွေရယ်
ခုံနံပါတ်မေ့မေ့သွားတတ်တဲ့ ကျွန်တော်မောင်ကျောင်းသားရယ်
နေ့ချာချာလည် ညချာချာလည်
မေးစေ့ကို ပွတ်ကြည့်လိုက်တော့
မရိတ်ဖြစ်သေးတဲ့ တွေဝေခြင်းငုတ်စိတွေ ထပ်မံထိုးထွက်နေပြန်တယ်။

(ဂယက်)

Sunday, December 11, 2011

ဆူးလေည

နေ့ရက်တွေရှည်ကြာသလောက် ဘဝကတိုတောင်းလှတယ်၊
ရိုးရာမပျက်ရအောင် ပြုံးနေတဲ့ကောက်ကျစ်ကျစ်လမ်းမတွေ...
ပိုက်ဆံတောင်းနေတဲ့ မီးပွိုင့်အပျက်တွေ...
အယုတ္တအနတ္တတွေ မှုတ်ထုတ်သွားတဲ့ အိတ်ဇောတွေ…
ကျေးဇူးသစ္စာမစောင့်သိတတ်တဲ့ အကျင့်ပျက်မြစ်လက်တက်တွေ…
အပေါ်မှာရှိနေတဲ့
တလကိုတခါ ပြည့်ပြည့်သာတဲ့လက
သမန်းဝံပုလွေတွေအတွက်လား
သွေးစုပ်ဖုတ်ကောင်တွေအတွက်လား
ကလေးသူငယ်တွေအတွက်လား
သမီးရည်းစားတွေအတွက်လား
အိမ်ပြန်ချိန်နောက်ကျတဲ့ ၀န်ထမ်းမလေးအတွက်လား
မျက်စိသိပ်မကောင်းတော့တဲ့ ညစောင့်အဖိုးကြီးအတွက်လား
မသိဘူး.. ကျွန်တော့်အတွက်မဟုတ်တာတော့သေချာတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဘာမှတော့မဖြစ်ဘူး လမ်းလျှောက်ရတာ အိန္ဒြေနဲနဲပျက်ရုံလေး…
ဆူးလေလမ်းပေါ်က မီးတိုင်အဝါတွေ
ဆူးလေမှတ်တိုင်က ကွမ်းယာဆိုင်တွေ
ဆူးလေကုန်းကျော်တံတားပေါ်က အခြောက်တွေ
အစာနံ့ရမှထွက်လာတတ်တဲ့ ကျောက်တံတားရဲစခန်းထဲက ကြွက်တွေ
ညဖက်ဆိုမရှိတော့တဲ့ ဆူးလေမီးပွိုင့်အောက်က ဘဲဥတွေ
နေ့တမျိုးညတမျိုး စည်းကမ်းလိုက်နာကြပုံတွေ … ထားလိုက်။
ကျုပ်တို့ရဲ့ .. အသက်ငင်နေတဲ့ ဥဝဲပေါက် မက်ထရိုပိုလီတန်ဧရိယာရဲ့
အဆီတထပ် အသားတထပ် ခုတ်သားတွေ
စျေးကွက်မှာဘယ်လောက်ပေါက်စျေးရှိနေပြီလဲ၊
ချိန်ခွင်လျှာ မြောက်တက်လာတာနဲ့ ၀ိုင်းအာမယ့် ကျီးကန်းတွေရှိမယ်
အရိုးအရင်းမက လိုချင်နေကြတဲ့ ခွေးဝဲစားတွေ အမှီးနံ့မယ်
အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး သမာဓိက ဂုဏ်သတ္တိကွာခြားတယ်။
ကဲလေ…
လမ်းပန်းဆက်သွယ်ရေးကကောင်းမွန်တော့
ကျောက်တံတားနဲ့အလုံက ည၁၀နာရီကျော်ရင် သေခန်းပြတ်၊
တက္ကစီမီတာကို စျေးညှိပြီး စီးဖို့သာပြင်
မဟုတ်ရင် ရွှေဝါရောင်တော်လှန်ရေးတုန်းကလို လမ်းလျှောက်ပြန်ရုံပဲ….
ပြောလို့ဆိုလို့ကတော့ ကောင်းခဲ့တာပါပဲ
ပြောရုံပဲပြောရတာကိုး
ပြောရင်းဆိုရင်းနဲ့
အပြောတမျိုးအလုပ်တမျိုးလူတွေအကြောင်း ပြောဖြစ်တယ်
မပြောပဲလုပ်တာကတမျိုး
မလုပ်ပဲပြောတာကတမျိုး
ကျွန်တော်ကတမျိုး ခင်ဗျားကတမျိုး သူကတမျိုးဆိုတော့ကာ
ပြည်ထောင်စုကြီး စည်ကားလှပေသည် ဆိုတာလိုပေါ့…
ဘာပဲဖြစ်ဖြစ်
ဆူးလေညတွေကို ဆက်ချစ်ခွင့်ရှိနေသေးတာကိုတော့
ကံကောင်းတယ်လို့ပဲ ပြောရပါလိမ့်မယ်
နေ့ရက်တွေရှည်ကြာသလောက် ဘဝကတိုတောင်းလှတယ်လေ…။

 (ဂယက်)

Saturday, October 29, 2011

ယိုယွင်းဥတု (သို့) ညစ်နေတဲ့ မု(ဒ်)

လက်ငါးချောင်း ဆန့်ထုတ်ပြီး ယိုးစွပ်လိုက်မယ်
ညွှန်ခံရသောခင်ဗျားတို့ဟာ
အပြစ်သားတွေဖြစ်တယ်။
မမှားယွင်းဖူးရင်ပြော
မလိမ်ညာဖူးရင်ပြော
မညစ်ညမ်းဖူးရင်ပြော
မကောက်ကျစ်ဖူးရင်ပြော
ထိုင်ရှိခိုးလိုက်မယ်။
အသက်၊ ညဏ်ပညာ၊ စိတ်သဘောထားဆိုတာ
အချိုးအစားကိုက်ညီတတ်တာမျိုးမှမဟုတ်တာ
ဘာကိုပုံသေပြဌာန်းစေချင်လဲ
ဘာကိုယုံကြည်ကိုးစားစေချင်လဲ
ဒိုင်ခွက်ပိစိကွေးလေးထဲက စက္ကန့်တံလိုပဲ
အချိန်မရွေး တက်ကျလည်ပတ်နေတဲ့ ဖြစ်စဉ်က
သံသရာလို့ပြောရင်တောင် စဉ်းစားနေရဦးမယ်
ဒါလုပ်လို့ ဒါဖြစ်နေတယ်ဆိုတဲ့လောကမှာ
ဒါလုပ်ပြီး ဒါမဖြစ်တာကို ဇောဒကတက်ကြည့်
ပြုံးရွှင်စွာ မျက်မုန်းကျိုးခံရမယ်။
နောက်ကျောကထိုးတဲ့ဓါးတွေကို
ပလ္လင်လုပ်ပြီးထိုင်ကြည့်နိုင်ရင်
ခင်ဗျားဟာ ကိုယ့်ဇာတ်လမ်းမှာ ကိုယ်ဘုရင်ပဲပေါ့
အပြတ်အသတ်ကို လေးစားဖို့ကောင်းလိမ့်မယ်။
နစ်မြုပ်ပျောက်ကွယ်ခြင်းအကြောင်းမှာ
မာလိန်မှုးဟာ သင်္ဘောခွံထဲမှာသေသလို
အတ္တကိုယ်ထဲမှာ သေမယ့်ကျုပ်တို့
ဘာဂုဏ်တွေရှိအောင် လုပ်ခဲ့ဖို့လိုလဲ
ဘာသမိုင်းတွေကျန်အောင် ရေးခဲ့ဖို့လိုလဲ
ဘာအပြစ်တွေကို ဖုံးဖိခဲ့ဖို့လိုလဲ
ဘာနောင်တတွေကို မေ့လျော့ပစ်ခဲ့ဖို့လိုလဲ
ဘာဆန္ဒတွေကို မျိုသိပ်ခဲ့ဖို့လိုလဲ
ဒီလိုပဲ
လေကို ရိုးမယ်ဖွဲ့
မိုးကို ရိုးမယ်ဖွဲ့
လှိုင်းကို ရိုးမယ်ဖွဲ့ရင်း
အသာတကြည် နစ်မြုပ်လိုက်ရမလား
အဲဒါဆို ဇာတ်ကွက်က ခပ်ညံ့ညံ့ဖြစ်လိမ့်မယ်။
ဘဝက ဆိုးလှတယ်လည်း မဟုတ်ပါဘူး
အနည်းဆုံးတော့
ကိုယ့်အပြစ်တွေကို
သူများကို လွှဲချခွင့်ရှိနေသေးမှပဲ
မြန်မာကားထဲက မင်းသားလောက် ဇာတ်မနာတော့ဘူးပေါ့လေ။
ဟာသကားရိုက်ချင်ပေမယ့်
ပါရမီမပါတဲ့ ဖိုက်တင်မင်းသားလိုပဲ
ကျုပ်တို့ဘဝတွေက ရယ်ချင်ပေမယ့် မကြာခဏ အရိုက်အနှက်ခံရလေ့ရှိတယ်
သူတို့ပြောသလိုဆို
စန်းကြောင့်ပေါ့လေ။
ကိုယ့်လက်သီးကိုယ်ဆုပ်ခြင်းက ပြဿနာမရှိပေမယ့်
အချိန်နဲ့နေရာအရ
သူများလက်သီးနဲ့ ကိုယ့်မျက်နှာ တွေ့သွားနိုင်သေးတာမို့
သရုပ်ဆောင်ခြင်းအတတ်ပညာဆိုတာ
လူတိုင်းမှာလိုအပ်တယ်။
မှားရင်လည်း မှားသလို
မှန်ရင်လည်း မှန်သလို
အပြောအဆိုလွတ်မယ်ထင်သလား
စွပ်စွဲခြင်းအနုပညာမှာ
လူတိုင်းက ခံစားမှုသိပ်နက်ရှိုင်းတတ်တာ
နေရာတကာမှာ မမေ့နဲ့
ဘယ်တော့မှ မမေ့ကြပါနဲ့။

(ဂယက်)

Sunday, October 2, 2011

သံသယကို ပီကေလိုဝါးနေကြသူများအတွက်

ခင်ဗျားမှာ သံသယတွေ သိပ်များနေတဲ့အခါ...
ဘီယာသောက်တာတောင် တော်ရုံနဲ့မမူးနိုင်တော့ဘူး၊
အိပ်ယာနိုးရင်တောင် စိတ်လက်မမြူးနိုင်တော့ဘူး၊
မီးနီနေရင်တောင် လမ်းဖြတ်မကူးနိုင်တော့ဘူး၊
အဲဒီလိုမှမဟုတ်ရင် ခင်ဗျားသံသယဟာ အတုများလား၊
နောက်ဖြစ်နိုင်တာက ခင်ဗျားလျှောက်တဲ့လမ်း ပျောက်သွားမှာစိုးနေတဲ့
ခင်ဗျားရဲ့ကြောက်စိတ်ပဲလို့ ကျုပ်ကလဲ သံသယပြန်ဖြစ်လိုက်တော့မယ်။
လက်ခုပ်တီးသင့်တဲ့အချိန်မှာတီး
လက်ညှိုးထိုးသင့်တဲ့အချိန်မှာထိုး
ဒီနိုင်ငံမှာနေရင်
အမျိုးသားရေးစိတ်ဓါတ်နဲ့အတူ ဦးနှောက်လဲရှိဖို့လိုမယ်
မဟုတ်ရင် သံသယ အဖြစ်ခံရတတ်တယ်။
ခင်ဗျားမှာ သံသယတွေ သိပ်များနေတဲ့အခါ...
ဖြစ်နိုင်ချေကို မစဉ်းစားတက်တော့ဘူး၊
ဖြစ်နေတာကို လက်မခံတက်တော့ဘူး၊
ဖြစ်ခဲ့တာတွေကို မချင့်ချိန်တက်တော့ဘူး၊
ခင်ဗျားမှာ တကယ်တော့ ကြောက်စိတ်တွေသာ များနေတာမို့လို့
သင်္ကာရှင်းစေချင်ရင် ကြည့်လုပ်။

(ဂယက်)