Thursday, May 31, 2012

တခုခုဖြစ်နေတာ သေချာတယ်


မလွမ်းဘူးလို့ထင်ရင်လည်း
မလွမ်းဘူးပေါ့ဗျာ
သတိမရဘူးလို့ထင်ရင်လည်း
သတိမရဘူးပေါ့ဗျာ
မငိုပြတက်တာနဲ့ မငိုတက်တာက တူမှမတူတာပဲဟာ
လွန်ခဲ့တဲ့ နှစ်တွေကလိုမျိုး
နုရွမနေတက်တော့တာကလွဲလို့
အရင်ကကျုပ်နဲ့ အခုကျုပ်
တူတူပဲ
ကျွတ်ဆတ်လာတယ်၊ မာကျောလာတယ်
အေးစက်လာတယ်၊ ပြတ်သားလာတယ်
ဟုတ်တယ်
ကျုပ်ကို ပြက္ခဒိန်တွေက ဆွဲစုတ်သွားရာမှာ
ဘာကျန်ခဲ့သလဲတော့ မမေးပါနဲ့
ကျန်စရာရှိတဲ့ စိတ္တဇနာမ်တွေ ကျန်မယ်ဗျာ
ကျန်စရာရှိတဲ့ အတိတ်ကအသံတွေ ကျန်မယ်ဗျာ ...
လှုပ်ရှားမှုများသွားလို့ ဒါဏ်ဖြစ်နေတဲ့စိတ်က
အထိုင်အထလဲ မကောင်းတော့ဘူး
အရင်တုန်းက ဆိုတဲ့တံဆိပ်နဲ့ အရက်ခွက်ကိုကိုင်
ခုချိန်လောက်ဆို ဆိုတဲ့တံဆိပ်နဲ့ ဆေးလိပ်ကိုဖွာရင်း
ပုခုံးဘေးကပ်နေတဲ့နံရံကို အဝေးကြည့်မျက်မှန်တပ်ကြည့်နေမိတာ
မြင်တယ်ဆိုလဲယုံ မမြင်ဘူးဆိုလဲမယုံနဲ့ပေါ့လေဗျာ
ဘယ်အရာကိုမှ ဆုပ်ကိုင်ထားလို့မရတာ
ကျုပ်မူးနေလို့နေမှာပေါ့...
လူ့ဘဝဆိုတာ
ဓါတ်လှေခါးထဲဝင်ပြီး
သွားချင်တဲ့အထပ်နှိပ်လိုက်ရုံနဲ့ ရောက်သွားတာမျိုးမဟုတ်တဲ့ဟာပဲ
မြေညီထပ်လား ပထမထပ်လား ဒုတိယထပ်လား
မသိဘူး
ခု အိမ်ကိုပြန်လို့ရတဲ့အထပ်ကို နှိပ်ပေးပါ။

(ဂယက်)

No comments:

Post a Comment