ကမ္ဘာကြီးက ကျဉ်းလာပြီဆိုတာ
အိမ်အပြန် ဘတ်စ်ကားပေါ်တက်လိုက်တာနဲ့သိတယ်
ခင်ဗျားရဲ့သောကတွေကျုပ်ကိုမစွန်းပါစေနဲ့
ဘေးကိုနဲနဲဖယ်….
ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်တဲ့ဖိနပ်ဖြစ်လည်း
သူများကို အလကားလိုက်နင်းဖို့တော့ မကြိုးစားနဲ့
နားကားသွားမယ်….
ဒီနိုင်ငံ၊ ဒီမြို့နဲ့ ဒီလူတွေရဲ့အကြောင်း
ဘယ်သူက ဘယ်လောက်များ သဘောပေါက်နိုင်မလဲ
ကားကလဲ မျဉ်းကြားမှာ အရှိန်မလျှော့ဘူး
လူကလဲ မီးစိမ်းမှာ အရှိန်မလျှော့ဘူး
အဲဒီတော့ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး….
ရေခဲတောင်တွေ အရည်ပျော်တာရယ်
ကျုပ်တို့လမ်းရေကျော်တာရယ်က
ဆက်စပ်မနေဘူးလို့ ဘယ်သူပြောလဲ
လမ်းထိပ်ကခြင်္သေ့ရုပ်တောင် တဆတ်ဆတ်တုန်နေတယ်….
အရေးမပါတဲ့လူတွေ ဆိုက်ကားလဲမစီးကြဘူးတဲ့
မူးနေလို့မစီးကြတာလား မစီးကြလို့မူးတာလားမသိပဲ
ဘဝနဲ့ဆိုက်ကား သံသရာလည်….
ပလက်ဖောင်းပေါ်ကဘဝတွေကိုကယ်တင်ဖို့
ပလက်ဖောင်းပေါ်မှာစျေးတောင် ပေးမရောင်းတော့ဘူးဆိုပဲ
သောကအခိုးတွေအူတက်လာတယ်….
မပြောပါဘူး
ကောင်မလေးချောချောတွေ များလာတဲ့အကြောင်းက
စကားထဲထည့်မပြောလဲ ကောင်းနေတဲ့ကိစ္စပဲဆိုတော့ကာ
မြေနီကုန်း၊ လှည်းတန်း၊ ဘားလမ်း၊ နီးစပ်ရာစခန်းတွေမှာ
အချိန်တွေကို လက်ကြားညှပ်ရင်း
လေကြီးလေကျယ်တွေပဲ ပြောတော့မယ် နားထောင် ……….
(ဂယက်)
No comments:
Post a Comment