တစ်ယောက်ထဲနေ
တစ်စိတ်ထဲ ထားတာပဲ
ဒါပေမယ့် အဲဒီစိတ်က တိမ် ……
လွင့်တယ်… လွင့်တယ်လေ
ဖမ်းရုတ်သိမ်းမမှီ ပုံစံပြောင်းတဲ့ တိမ်
ငွေရောင်အနားသတ်ကွပ်မထားတဲ့ တိမ်
ဘယ်အချိန်ရွာချရမှန်းမသိတဲ့ တိမ်
ဘယ်ရာသီလေနဲ့ လိုက်ပါမိမှန်းမသိတဲ့ တိမ်
ဘယ်ကောင်းကင်အောက် ရောက်နေမှန်းမေ့နေတဲ့ တိမ်
မျက်နှာတော်ညိုနေပါတယ်ဆိုမှ
အုံ့မှိုင်းချမိတဲ့အပြစ်နဲ့
လွင့်စေအမိန့်ခံ ခေါင်းငိုက်စိုက်ထွက်ပြေးရတဲ့ အပြစ်သား တိမ်
အမှောင်ကိုကြောက်စိတ်နဲ့ လမင်းဆီတိုးကပ်ခဲ့လို့ ငြိုငြင်ခံလိုက်ရတဲ့ တိမ်
ငါက ကြောက်မက်ဖွယ်ရာ မိုးတိမ်တောင်ကြီး မဟုတ်ခဲ့ပါဘူးကွယ်
ငါ့နောက်မှာ မိုးကြိုးမုန်တိုင်းတွေမရှိဘူး
ငါ့အထက်မှာ နတ်ဆိုးတွေမစီးနင်းကြဘူး
ငါ့အရိပ်ခိုသူမဲ့ ငါ့ခရီးတူသူမဲ့
ငါ့လမ်းကို ဘယ်သူတွေကြောင်းတယ်
ငါ့စိတ်ကို ဘယ်သူတွေအရောင်ပြောင်းတယ်
ငါသိတာပေါ့
ဒါပေမယ့် ငါက ဘာမှပြန်မပြောဖြစ်တဲ့ တိမ် …..
အိမ်ယာမဲ့ တိမ်တစ်ကောင်မှာ
အပြန်လမ်းနဲ့ အသွားလမ်းမတူတာ ပုံမှန်
ရည်ရွယ်ချက်နဲ့ ပြီးမြောက်မှုလွဲချော်တာ ထုံးစံ
ရိုးမယ်ဖွဲ့စရာ သဘာဝဆိုတာလဲ
ကိုယ်ပိုင်ပုံဆောင်ဂုဏ်သတ္တိမဲ့ တိမ်ဆိုးတစ်ကောင်ကို
၀တ်ကျေတန်းကျေ လက်ဆွဲနှုတ်ဆက်တာတောင်မဟုတ်ဘူး ….
စိတ်ပျက်လက်ပျက်
လမ်းလျှောက်ထွက်လာတဲ့တိမ်လမ်းတလျှောက်
ဘာမှ ခူးဆွတ်နမ်းရှိုက်ချင်ဖွယ်ရာ မတွေ့တဲ့နောက်
ဟိုး ခေါင်းတိုင်ရှည်ထဲက ထွက်လာတဲ့အခိုးအငွေ့များနဲ့အတူ
ကောင်းကင်အပျက်ထဲမှာ
အခြားသော နိဂုံးချုပ်ခြင်းများနည်းတူ ငါ့ကိုတခါထဲ သဂြိုလ်ပေးကြတော့ပေါ့ … ။
No comments:
Post a Comment