ခုကျွန်တော်ပြောပြမယ့်အကြောင်းအရာက တစုံတယောက်ကို တခုခုထိခိုက်စေဖို့ ရည်ရွယ်တာမဟုတ်ပဲ ဖြစ်တတ်တဲ့ကိစ္စလေးကို ပြန်လည်အမှတ်ရမိလို့ စာအနေနဲ့ရေးတာပါ။ လုပ်ငန်းခွင်ထဲမှာ ဖြစ်တတ်တာလေးတွေကို သတိပြုမိနိုင်အောင်ပေါ့ဗျာ။ ပြန်သတိရမိတဲ့အကြောင်းရင်းက ဒီလို ... လွန်ခဲ့တဲ့ ၁ လလောက်က ရုံးမှာ ကွန်ပျူတာလေး ၂ စုံရယ်ကို delivery လုပ်ဖို့ရာမှာ ကျွန်တော်တို့ services ဘက်က technician လက်သစ်တွေ တစ်ယောက်မှမရှိကြချိန်ပေါ့ .. နောက်ပြီးတော့ သွားပို့ရမယ့် company ရဲ့ MD က သိပ်အပေါက်ဆိုးသတဲ့၊ အငယ်တွေလွှတ်ရင် အဆင်မပြေလောက်ဘူး ပြောတတ်ဆိုတက်သူကို လွှတ်ပေးပါတဲ့။ သူတို့ရုံးက ၀န်ထမ်းကိုယ်တိုင်က ကျွန်မတို့ရုံးက MD က သိပ်စရိုက်ကျတာနော် .. သူမေးတာကောင်းကောင်းဖြေနိုင်မယ့်သူ ထည့်ပေးပါတဲ့ မှာသွားပုံက။ အဲသလိုလဲဆိုရော ရုံးမှာထုံးစံအတိုင်း သူသွားခိုင်းလေ ဟိုလူလွှတ်ပါလားနဲ့ နောက်ဆုံးလူမရှိတဲ့နောက် ကျွန်တော်မဲပေါက်ပါတယ်။
သွားပေါ့ ဘာများခက်တာမို့လို့လဲ .. company နာမည်ကလဲ ဘိုလိုဆိုတော့ နိုင်ငံခြားသား MD များလားပေါ့ .. ဟိုကမေးရင် မဖြေနိုင်မှာစိုးလို့ ကိုယ့်လွှတ်တယ်တွေးပြီး နုတ်ဘုတ်လေးနှစ်လုံးဆွဲလို့ ချီတက်ခဲ့ပါတယ်။ ဟိုလဲရောက်ရော ဆီးကြိုပုံကလှသဗျ ...
အန်တီတစ်ယောက်က မိတ်ဆက်ပေးတယ်
ဒါကျွန်မတို့ MD ပါ .. (ဟင် နိုင်ငံခြားဒါးလဲ မဟုတ်ဘူး၊ ကိုယ်ကတော့ ဒီမှာ ဘိုလိုတွေစီထားတာ စကားပြောဖို့ .. )
ဟုတ်ကဲ့ခင်ဗျ တွေ့ရတာဝမ်းသာပါတယ်
အေး ...
မင်းတို့ကုမ္ပဏီမှာ မင်းက ဘာလဲ
ခင်ဗျာ ...
မင်းက ဘာရာထူးလဲလို့ မေးနေတာ
အော်ဟုတ် ကျွန်တော်ကတော့ (ဘာညာ) ပါ ခင်ဗျ
အေး အေး ဟုတ်ပြီ ထိုင် ...
ဟိုလူကရော ဘယ်ရောက်နေလို့လဲ
ဗျာ .. သူကတော့ရုံးအထိုင်ပါခင်ဗျ (ပြောပုံက ရုံးကသူဌေးကိုယ်တိုင် စက်ထမ်းပြီး သူ့ဆီလာပို့ရမယ့်ပုံ)
မင်းတို့ဆီက စက်ဝယ်ထားတာကြာလှပြီ ဘာလို့ဒီလောက်ကြာတာတုန်း
ဒါကတော့ ဒီလိုရှိပါတယ်ခင်ဗျ (တကယ်တော့ မနေ့ညနေကမှသိပြီး ဒီမနက်လာပို့တာ၊ ကြည့်ကောင်းအောင် ရွှီရွှိင်လုပ်လိုက်ရ ... )
ဆိုင်ကပြောလိုက်တုန်းကတော့ ပို့ပြီး ရှင်းပြပေးရုံဆိုသော်ငြား ထုံးစံအတိုင်း တခြားသော extra services တိုလီမုတ်စများကို မိတ်ဖြစ်ဆွေဖြစ်စေခြင်းငှာ လုပ်ပေးခဲ့ရပါတယ်။
အပေါ်စီးကနေ ဖိဟောက်မယ်ဆိုတာချည်းပဲဗျ ပထမပိုင်းမှာတော့၊ နောက်တော့ သူလိုချင်တာလေး ကိုယ်ပြောပြ၊ အဆင်ပြေအောင်လုပ်ပေးရင်းနဲ့ ကောင်းကောင်းမွန်မွန် စကားပြောဖြစ်သွားတာပါပဲ။ အခုဒီအကြောင်းပြောပြတာက မလုပ်ဖြစ်တာကြာလှပြီဖြစ်တဲ့ notebook နှစ်လုံး delivery လုပ်ခိုင်းခံရတာနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ နှစ်လောက်က ကိစ္စလေးတစ်ခု ခေါင်းထဲ အမှတ်ရလာတာကို ပြောပြလိုရင်းပါ ... ။ အဖြစ်က ....
လွန်ခဲ့သော ၂၀၀၈ ခုနှစ်လောက်ကပေါ့ဗျာ .... ။
ကျွန်တော်အလုပ်ဝင်တာ လပိုင်းပဲရှိအုံးမယ် ... မျက်စိသူငယ်နားသူငယ်လေးနဲ့ စီနီယာတွေနား ဟိုကပ်ဒီကြည့်နဲ့ ပေါ့လေ။ အဲသည်အချိန်မှာပဲ .. delivery လုပ်ရမယ်တဲ့ ကွန်ပျူတာတစ်စုံ၊ ပရင်တာလဲပါသတဲ့၊ စီနီယာမမတစ်ယောက်နဲ့ သွားပို့ရမယ်တဲ့ဗျ။ ပထမတစ်ရက်က ဆိုင်မှာလာဝယ်တဲ့အချိန် သူလိုချင်တာတွေသူ့ဟာသူ ရွေးဝယ်သွားတာပါ၊ ရှင်းပြတုန်းကလဲ ကျွန်တော်မပါပါဘူး သို့သော်လည်းပေါ့လေ .. ပစ္စည်းသွားပို့တော့ အထုပ်လေးထမ်းလို့ နောက်ကလိုက်ပေါ့။ အဲဒီတုန်းက မြန်မာတပြည်လုံး လျှမ်းလျှမ်းတောက်ထွက်နေပါတယ်ဆိုတဲ့ အဆိုတော်မပေါ့။ သူနေတာက ထိုစဉ်က ရွှေဂုံအိမ်ယာမှာ ကွန်ဒိုလိုမျိုးပုံစံပေါ့လေ။
အထုပ်အပိုးတွေထမ်းရင်း သူမအိမ်ထဲရောက်ပါပြီ ... စီနီယာမမက သူနဲ့ deal လုပ်ပါတယ်။ အမမှာတဲ့စက်ရောက်ပါပြီ .. ဘယ်မှာဆင်ပေးရမလဲ ဘာညာပေါ့။
ညီအမနှစ်ယောက်သား အခန်းစည်းလိုက်ကာစ အထူကြီးတွေကို ညအိပ်ဝတ်စုံလိုပုံစံမျိုး တစ်ယောက်ကပန်းရောင် တစ်ယောက်က ခရမ်းရောင်ထင်တယ် .. အဲလိုမျိုးကြီးဝတ်ထားကြတယ်။ အေး ဟုတ်ပြီညီမလေး ဒီကိုလာ... ။ သူ့အိပ်ခန်းထဲမှာဆင်ခိုင်းတာဗျ၊ အခန်းထဲမှာလဲ လေးဖြူ ဓါတ်ပုံကိုမှန်ဘောင်တွေသွင်းထားလို့ ခေါင်းရင်းမှာ တင်ထားတယ်။ စားပွဲလွတ်လေးမှာ အားလုံးလဲ ဆင်ပေးပြီးရော ပြဿနာကစရှာရော ။
ဟင် ကျွန်မပုံကြီးက ဘယ်လိုကြီးဖြစ်နေတာနဲ့ ပုပုပြဲပြဲကြီးဖြစ်နေတယ်။ (နဂိုကလဲ ပုပုမဲမဲဟာကိုများ)
မဟုတ်ပါဘူး အမ အဲဒါ widescreen ကြောင့်ဖြစ်တာပါ။
ဒါတော့လက်မခံဘူးလေ ဒါဆို ratio တွေပျက်နေတာကြီးက ဘယ်လိုမှအဆင်မပြေဘူး။
ကျွန်တော်တချက်လောက် လုပ်ကြည့်မယ်နော် ( resolution ကို ကစားပေးလိုက်တော့ ratio အဆင်ပြေသွားသော်လည်း icon တွေက သေးတယ် ဘာညာ နဲနဲတော့ ထပ်လုပ်ပါသေးတယ်)
monitor ကတော့ပြီးသွားပြီ .. printer လဲစမ်းရော ..
ဟာ ဒီပရင်တာကြီးက အန်းတစ်ဂ်ကြီးပဲ ..
ရှင် မဟုတ်ပါဘူးအမ ဒါနောက်ဆုံးပေါ်ပါပဲ
ဒါဆိုဘာဖြစ်လို့ တဒေါက်ဒေါက်အသံထွက်ပြီး ဒါလောက်နှေးနေရတာလဲ
ဒါ inkjet printer အမျိုးအစားပါအမ .. သူကတော့ ဒီအမြန်နှုန်းပါပဲ။
အိုး ရုပ်ထွက်ကလဲ ဖွယ်လိုက်တာ .. စိတ်ညစ်စရာကြီး (သူ့အမ ၀င်ပြော)
ဒီအမပဲ စိတ်ကြိုက်ရွေးထားတဲ့ ပစ္စည်းတွေပါ ..
အို ညီမလေးက ဘာမှနားမလည်ဘူးလေ .. မင်းတို့က သေချာရှင်းပြပေးရမှာပေါ့ .. ဒါလိမ်ရောင်းတဲ့သဘောဖြစ်မနေဘူးလား (သူ့အမ ၀င်ကော)
ကျွန်တော်က printer ရုပ်ထွက်ကောင်းအောင် best quality နဲ့လဲ ထုတ်ပေးရော အရှိန်နှုန်းက ပိုနှေးသွားတော့ ...
ကြည့်ပါလား ဒီလောက်နှေးနေမှတော့ ဘာအလုပ်ဖြစ်မှာတုန်း ဆိုပြီး printer ကို လက်နဲ့ ရိုက်ပစ်ပါရော ..
ဒေါသထွက်လိုက်တာများဗျာ ...
အဲလိုလဲလုပ်လိုက်ရော စာရွက်က စောင်းဝင်ပြီး jam ဖြစ်သွားတယ်
တွေ့လား ပြောရင်းဆိုရင်းနဲ့ စာရွက်ညှပ်ပြီ အစုတ်ကြီးကိုလာထိုးရောင်းနေတယ် .. မလိုချင်ဘူး ပြန်ယူသွားပါ ...
ပြန်ယူသွားလို့တော့မရဘူးအမရယ် .. ပစ္စည်းတွေက မှင်ဘူးဖေါက်ပြီးသားမို့ ..
ကျွန်တော်လဲ ညှပ်နေတဲ့စာရွက်ကိုပဲ ဆွဲထုတ်လိုက်ရင်း အလုံးသေးလေးလေးဖြစ်တဲ့အထိ လုံးခြေပြီး စားပွဲဘေးပစ်ချလိုက်တယ် .. (ဒေါသက သိပ်ကိုထွက်သွားပြီ .. အကောင်းဆုံးလုပ်ပေးထားတာတောင်)
ကိုယ်တွေဘူနေမှန်းသိတော့ သူမက ထားလိုက်ပါတော့အမရယ် (သူ့အမကို ပြန်ပြောနေ)
နောက်တော့ ...
သူ့အဖေကြီးပါ၀င်လာပြီး ကိုယ်တွေကို ငပိန်းတွေမှတ်နေလားမသိ ဘိုလိုတွေ အတင်းပြောနေပါရောလား ... (They are not professional, you should blame to their manager or boss .. စသဖြင့်ပေါ့လေ၊ ဘလိုင်းကြီး ထိုင်နားထောင်နေလိုက်ရတယ်)
စီနီယာမမလဲ ဆိုင်ကိုဆက်ပြီး ဘာလုပ်သင့်သလဲမေးရရော ... ကျွန်တော်တို့ သူဌေးမကလဲ စိတ်တွေဆိုးပြီး ပြန်ယူရိုးထုံးစံမရှိပေမယ့် ဒီတခါနောက်ဆုံးပဲဆိုပြီး ပြဿနာအရှည်ဖြစ်မခံတော့ပဲ printer ပြန်သယ်လာဖို့ ဆုံးဖြတ်ပေးပါတယ်။
အဲသလိုနဲ့ပဲ မောင်နေဇော်လေးဟာ customer site ထဲကနေ မျက်နှာအအိုသားနဲ့ မရောင်းလိုက်ရတဲ့ printer လေး ပြန်ထမ်းလာရင်း ရွှေဂုံတိုင်မီးပွိုင့်မှာ စိတ်လေလေနဲ့ စီနီယာမမနောက်ကနေ ရှုံ့မဲ့လို့ လိုက်ပါလာခဲ့ရဖူးတာလေးကို ... အကြောင်းတွေ ပြန်တိုက်ဆိုင်လာတုန်း ပြန်သတိရလို့ ရေးလိုက်ရပါတယ်။
ဘယ်တော့မှ မမေ့ဘူးလေ ဒါမျိုးအဖြစ်အပျက်တွေက ... :)