အချို့မှာကား ၁ပတ်ခန့်သွားရမည့် ခရီးစဉ်အတွက် ယောက်ျားနောက်ခိုးရာလိုက်မည့်ပမာ အလွန်တရာကြီးမားလှစွာသော ခရီးဆောင်အိတ်ကြီးများ ယူဆောင်လာပြီးလျှင် မနိုင်မနင်းနှင့် ခရီးစဉ်တစ်လျှောက်လုံး သူတပါးအားဒုက္ခပေးကာ သယ်ယူပေးစေလိုလေရာ ကျွန်တော်တို့ကား ရှောင်လေဝေးဝေး နေကြရလေသည်။ မည်သူနည်းဟုမေးလျှင် မဖြေပါ။ :D အမျိုးသမီးများသည် အလွန်တရာပင် ခက်ခဲလှချေသည်တကား။ ထိုကဲ့သို့ လုံးချာလိမ့်ကာပင် Express ကားပေါ်တွင် တစ်ညကြာကာ မနက်စောစောတွင် မန္တလေးသို့ရောက်ပါသည်။
၁၀.၄.၂၀၁၀ ဖြစ်သည်။ Mandalay Swan Hotel တွင် အလုအယက် ရေမိုးချိုးအဝတ်အစားလဲခြင်းများ ပြုလုပ်ကြရပါသည်။ သင်္ကြန်ရက်နီးပြီဖြစ်သဖြင့် ဆောက်လက်စရေကစားမဏ္ဍပ်များကိုလည်း ကျုံးပတ်လည်တွင်တွေ့မြင်နေရသည်မှာ ရေမစိုရတော့မည်ဖြစ်သော သင်္ကြန်တစ်နှစ်စာအတွက် လွမ်းဆွတ်မိသလိုလိုပင် ခံစားမိပါသေးသည်။ ထိုနှစ်ရန်ကုန်၌ပေါက်သော ဗုံးများ၏ရန်မှ လွတ်လွတ်ကင်းကင်းဖြစ်သွားသည်ဟု ကြိုတင်မသိခဲ့သေးပေ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisg4VK4S8ZnHvHC-2kEz3HmK9mECEkUV9fkeShNsCE-VKq1Bb5kP1xIxADUpt0pR39QjGDg9yP117LgEctNwZFYdxcHNLyXc5H-yyxxOx-DVigiTSuCcXhXeCXquwpDWfZjxrK1BdoTJhV/s1600/24968_1423614188906_6598351_n.jpg) |
ကျုံးပြမယ် တွေ့လား ... ဟိုးနောက်မှာ :) |
ဓါတ်ပုံအမြန်ရိုက်ခရီးစဉ်မှာ ဤတွင်စတင်ပါပြီ။ ကျံုးရှိရာသို့ အပြေးကူးကာ အမှတ်တရဓါတ်ပုံများရိုက်ကူးပြီးသကာလ ဟိုတယ်သို့အမြန်ပြန်လာကာ အထုပ်အပိုးများကို မူဆယ်သို့သွားမည့်ကားပေါ်သို့ ပြောင်းရွှေ့တင်ကြရပါတော့သည်။ နေကား ပူလောင်လှချေသည်၊ AirCon နိုင်၍သာ အနည်းငယ်သက်သာပါသည်။ ရှေ့ဆက်မည့်ခရီးစဉ်ရှည်လျှားသဖြင့် ဟေးလားဝါးလား သောင်းကျန်းခြင်းကို အနည်းငယ်လျှော့ချလိုက်ကာ ခန္တာကိုယ်ကို တက်နိုင်သမျှအနားပေးလျှက် လိုက်ပါလာကြပါသည်။ ပိုးလိုးပက်လက် အိပ်ပျော်သူကပျော်၊ ငူတူတူ ဟိုသည်ကြည့်သူကကြည့်၊ နားကြပ်တပ်လျှက် ငြိမ့်သူကငြိမ့်ဖြင့် အသီးသီး ကိုယ့်အာရုံနှင့်ကိုယ် ကားပေါ်တွင်ငြိမ်သက်လျှက် စီးနင်းလိုက်ပါလာကြလေသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1BSRS_7MTRjx5acF1MCV5FyIct8TtNUUBQggNdtLp2j4akbRLSnCMDEfipaE7AL10JVyLGxf3nvx5SMy7ln5DARJ-CwLwRsQrZfkvy33LQX6bhBG7JeqiCvohKOOVJ04xTHyK3qSG47_D/s1600/24968_1423614348910_771767_n.jpg) |
ဖဲမူး ကားမူးလျှက် သက်သာလိုသက်သာငြား ဓါတ်ပုံဆင်းရိုက်ကြလေသည်
|
ဂုတ်ထိပ်သို့မရောက်မီ အနည်းငယ်အလိုတွင် ကားဘီးပေါက်လေသည်၊ ထိုအခါ ယောက်ျားလေးများ ထလာကြပြီး အားကြိုးမာန်တက်စွာ … ဖဲထရိုက်ကြပါသည်။ ကားမောင်းနေစဉ်ဖဲရိုက်ခြင်းသည် ခေါင်းကိုလျှင်မြန်စွာမူးစေတက်ကြောင်း အတွေ့အကြုံများအရ သိခဲ့ပြီးသည့်အားလျှော်စွာ ကားရပ်သည့်တခဏ တစ်ပွဲနှစ်ပွဲခန့် ဆွဲလိုက်ကြပါသေးသည်။ နောက်တစ်အောင့်ကြာသော် ကားဘီးလဲလှယ်ပြီး ဆက်လက်ထွက်ခွာရာ ဂုတ်ထိပ်သို့ရောက်ပါသည်။ ဓါတ်ပုံဆင်းရိုက်ကြပြန်ချေပြီ။ အဝေးရှုခင်းကား လှသော်လည်း ခရီးသွားကားများ (မဟုတ်ပါ) ခရီးသွားများကြောင့် ဗျူးပွိုင့်နေရာမှာ အမှိုက်စုတ်များစွာပြန့်ကြဲနေခြင်းကြောင့် ဓါတ်ပုံရိုက်ရသည်မှာ သိပ်တော့ အရသာမရှိလှပါ။ တဖြပ်ဖြပ် သူဗြင်းကိုယ်ဗြင်း ဗြင်းကြပြီးသည့်နောက်တွင် နီးစပ်လာပြီဖြစ်သော မူဆယ်ဘက်သို့ ထပ်မံရွေ့လျှားလာခဲ့ကြပါတော့သည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNA4450LySNtfsAcOUscQeLKbxhAM8QcCMwK83bhxfKk-BKw-Rhyphenhyphen189ivmgHG2MrNNKzn_XvDsaYTUzNcesUDsI9tKMoOElY70I9ADF48AGDDoXhC7Npp9LiTt5yP4ITQcsqH13PDk4mnA/s1600/24249_1369996923265_261666_n.jpg) |
ကားဘီးပေါက်တုန်း ခြေဆန့်လက်ဆန့် ဘလားဘလားကြစဉ်
|
ကားဘီးပေါက်သောကြောင့် ခရီးစဉ်ဖင့်သွားသဖြင့် မှန်းထားသောအချိန်ထက်နောက်ကျကာ တည်းခိုရမည့်ရိပ်သာစခန်းသို့ ဆိုက်ရောက်လေသည်။ မထင်မှတ်ထားပဲ လွန်စွာအေးသောရာသီဥတုပင်တည်း။ အချိန်မှာ ညအတော်မှောင်နေပေပြီ။ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိရိပ်သာများမှာ နေရာမရတော့သောကြောင့် မိမိတို့မှာ ခန်းမဆောင်ထဲ၌ပင် အိပ်စက်ခြင်းကိုပြုရလေသည်။ ကြိုတင်မတွက်ဆမိသောကြောင့် ရုတ်တရက်အအေးဒါဏ်ကို အလူးအလိမ့်ခံစားကာ မိုးမြန်မြန်လင်းပါစေဟုဆုတောင်းလျှက် အိပ်စက်ရပါချေသည်။ တစ်ချို့မှာကား အနွေးထည်ကို ကားအောက်ထဲရှိအိတ်တွင် ထည့်ထားသောကြောင့် ညမှောင်မှောင်မဲမဲတွင် ထုတ်ယူဖို့ရာလည်းမလွယ်ကူတော့၊ အအေးဒါဏ်မှာလည်း မေးတဆတ်ဆတ်တုန်အောင် နှိပ်စက်သောကြောင့် ကျွန်တော်တို့အနက်မှတစ်ယောက်မှာ "သေချင်သေပစေကွာ" ဟု အော်ဟစ်ကာပေါက်ကွဲသည်အထိ ဖြစ်ယူရပါသည်။ ခုထိတော့ ထိုလူမသေသေးပါ၊ မိန်းမပင်ယူထားပါသေးသည်။ အဆင်ပြေသလို တိုးကာကပ်ကာ အိပ်စက်ရင်း မိုးလင်းခဲ့ချေပြီ။ မိုးလင်းသော်လည်း မထူးလှပေ၊ အေးစက်မြဲရေနှင့် အေးစက်မြဲလေနှင့် မျက်နှာသစ်သွားတိုက်ခြင်းကို ခက်ခဲပင်ပန်းစွာ လုပ်ဆောင်ရလေသည်။ ဖြစ်ချင်တော့ သူများဆီကယူတိုက်သော သွားတိုက်ဆေးမှာ မန်သော်များစွာပါသဖြင့် ရှိန်းဖိန်းအေးမြခြင်းကို ထူးကဲစွာခံစားလိုက်ရသေးသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3gjb409bsoiTCcNDrVe7578y8l9O4_Ktsct5O3LXpgXgDNGS145-VeVzgIeI03_iwzLnzIn_xPbw-L8Itp9h7nB_DVrn3S-BIqiYSaBMoi1a7c8HFVgtOoEKLPOZoweg-RkMQXWIHlOIn/s1600/263184_2131192357918_8128278_n.jpg) |
မနက်စာ ပူပူနွေးနွေးကို ချမ်းချမ်းအေးအေး စားသောက်ခဲ့ကြပြီးသကာလ အာလူးဖုတ်ကြစဉ်
|
ခရီးဆက်ထွက်တော့ မူဆယ်သို့မနက်ပိုင်းတွင်ပင်ရောက်လေပြီ၊ မနက်စာကို တို့ဟူးနွေး၊ မြီးရှည် စသည်တို့ စားသောက်ကြပြီးသောအခါ မူဆယ်မြို့စပ်သို့ထွက်ခွာခဲ့ကြပါသည်။ ဆိုင်ကယ်များကား အစုံတည်း။ လမ်းညွှန်၏နောက်မှလိုက်ရင်းလိုက်ရင်း ယာယီပတ်စပို့များလုပ်ကာ နိုင်ငံခြားမြေသို့ခြေချရန် တာစူနေကြပေပြီ။ တရုတ်မြန်မာနယ်စပ်၌ ရောက်ရှိနေသောကျွန်တော်တို့ ဟိုဘက်သည်ဖက်ကွာခြားမှုများကို ပွစိပွစိပြောဆိုနှိုင်းယှဉ်ကာ ဂိတ်ပေါက်ဝကြီးမှ လှမ်းမြင်နေရသော တရုတ်ပြည်ကို အဝေးမှလေ့လာနေကြပါသည်။ စာရွက်စာတမ်းကိစ္စများ လုပ်ပြီးသောအခါ မြန်မာ့မြေမှ ထွက်ခွာရန် ဂိတ်ထဲသို့တန်းစီဝင်ကြပါလေသည်၊ ကွိစိကွစအသံများ စတင်ကြားရပါလေပြီ၊ ဘာမှလည်းနားမလည်ပါ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLgw8AlHY_IyeiiSq24fa9t781vHauHCsLUNb-_1NOJwLcj8QgfZLgiOMfRauGbXOQMm0UPgmNztHafb2RDFQ_hweIlDa4023HemrG77eqGb4GqsxLbajUJXkSiAWbC4tdxmhxG3blvRh_/s1600/24249_1371730926614_6628437_n.jpg) |
ရှေ့ကလူလုပ်တာကြည့်ပြီး မီးစင်ကြည့်က၊ ကွိစိကွစ ဘာမှလဲနားမလည်၊ ယာယီ ပတ်စပို့လုပ်ရန် တန်းစီနေစဉ်
|
သူများလုပ်သလိုလိုက်လုပ်ရင်းနှင့်ပင် တရုတ်ပြည်၏နယ်စပ်မြို့ ဂျယ်ဂေါင် သို့ ရောက်ရှိခဲ့ကြပြီ။ တရုတ်များ စရိုက်ကြမ်းလှသည်၊ ဤသို့ဆိုသော် အားလုံးကို သိမ်းကြုံး၍ပြောသကဲ့သို့ ဖြစ်ပေမည်၊ ကျွန်တော်ကြံုတွေ့ခဲ့သော တရုတ်များကိုသာ ဆိုလိုပါသည်။ Taxi သမားများ ခရီးသည်လုရင်း ရန်ဖြစ်ကြသည်မှာ အလွန်တည်း။ တရုတ် Taxi များကား ပုံစံမျိုးစုံဖြင့် စုံလင်လှပေသည်။ လူစုခွဲကာ ဖြန့်ကာစီးကြရင်း တည်းခိုရမည့် hotel သို့ရောက်ချေပြီ။ တရုတ်ပြည်သို့ရောက်ပြီဖြစ်သော်လည်း ဟိုတယ်နှင့် အခြားဆိုင်အချို့မှာ တရုတ်အမည်နှင့်တွဲလျှက် မြန်မာအမည်ကိုပါ ပေးထားသည်ကို တွေ့ရလေသည်။ မြန်မာဖေါက်သည်များကိုပါ ဆွဲဆောင်ရန်ရည်ရွယ်လျှက်ပေးထားသည်ဟု ယူဆရပါသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyo7zshXKf8IpEm_SHKV9dN3Rqp2yqUVCJNtt4ZYAYHK5CWF45ByXCTQOQr30wGjtkrEJPCn_-dzbFJjnyticMnHZ7QnB9FmX_SLJOHV_t0ce7OqBAKeRM8dcmSQx0sEW8wEbYBg4-c7oY/s1600/24968_1423614468913_8379709_n.jpg) |
တရုတ်ပြည်အတွင်းသို့ သင်္ကြန်ပြေး မြန်မာများ ၀င်ရောက်စီးနင်းမှု မပြုမီ
|
တရုတ်ပိုက်ဆံများကို လဲလှယ်နိုင်လေပြီ၊ ကိုယ့်ဒေါသနှင့်ကိုယ် လဲလှယ်လိုသော ပမာဏကိုလဲပေးသောကြောင့် ကျွန်တော်တို့လည်း ကိုယ့်အထွာနှင့်ကိုယ် ယူငင်ထားကြလေသည်။ သို့သော် မြန်မာငွေများကိုကား ရန်ကုန်သို့ပြန်ရောက်မှသာ ပေးရမည်ဆိုသောအခါ ကျွန်တော်တို့၏အိတ်တွင်း၌ ထိုကျပ်ငွေများမှာ ခရီးစဉ်တစ်လျှောက်သုံးစွဲရန် မလိုပဲ ရှိနေပါတော့သည်။ တရုတ်ပြည်၌ အတုများကားပေါလေသည်၊ သို့သော် စျေးမှာ အကုန်ပေါသည်ဟုမဆိုသာပေ။ ဖိနပ်ခရေဇီဖြစ်သောကျွန်တော်သည် မိတ်အင်ချိုင်းနားဟူသော branded ဖိနပ်များကို စျေးသက်သက်သာသာနှင့် ရလိုရငြားလိုက်ကြည့်လေရာ စာလုံးပေါင်းဆင်တူရိုးမှားနှင့် အတုပြုလုပ်ထားသော တရုတ်ဖိနပ်များကို တံဆိပ်အစစ်၏စျေးနှင့်အတူပင် ရောင်းချနေသည်ကိုသာ စိတ်ပိန်စွာ တွေ့ရလေသည်။ ခဏတစ်ဖြုတ်သာ အနီးအနားလည်ပတ်ဖြစ်ကြပါသည်၊ ကူမင်းမြို့သို့ ထွက်ခွာရန် ဟိုတယ်သို့ ကားဆိုက်ရောက်နေခြေပြီ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnnxg9V6oN9X0GRDIIMK70eey1N088OpJtVnRG4rttEw_JAM3xMOMFR77BSqiHdO9RBEyyck1LfEaS5AFiWZsxPHTfFLIoGZ38VuyFbdXtNMO8XQGKzgkbF0ltUS_cwUsZeQFcN8GLgvUv/s1600/24968_1423620949075_2543884_n.jpg) |
ကားပေါ်တွင် ဤကဲ့သို့ စည်းလုံးညီညွတ်စွာ တိုးဝှေ့စီးနင်းခဲ့ကြသည် |
ကားမှာ နှစ်ထပ်ကားတည်း၊ အယောက် ၃၀ ခန့် အိပ်စက်လျှက် စီးနင်းနိုင်သောကားမျိုးဖြစ်သည်။ အစပိုင်းတွင် ပေးထားသော စောင်များကို ခြုံရန်မရွံ့မရဲဖြစ်နေကြသော်လည်း နောက်တွင်ကား စောင်နှင့်လူ လုံးကာထွေးကာဖြင့်နေလေတော့သည်။ မည်မျှပင် ငြိမ့်ငြောင်းသောကားနှင့် ပြေပြစ်သောလမ်းဖြစ်စေကာမူ အရှည်သဖြင့် ဖဲရိုက်၍ကားမရနိုင်သည်မှာ အမှန်ဖြစ်သည်။ လူးလှိမ့်အိပ်စက်ရင်း မရောက်သေးသောခရီးစဉ်များကို ကြိုတင်မှန်းဆလျှက် တစ်ယောက်တစ်ပေါက် ထင်ကြေးပေး ပြောဆိုနေကြပါသည်။ မမှန်းဆထားနိုင်သည်များကား ကျွန်တော်တို့အား စောင့်လျှက်ရှိနေသည်ကို မည်သူမှကြိုသိမနေခဲ့ပေ။ ဟိုင်းဝေးလမ်းပေါ်တွင် နှစ်ထပ်ကားကြီးကား အရှိန်ရနေလေပြီ၊ ညမှောင်ရီပျိုးစတွင် စားသောက်ရန်ဆိုင်တစ်ခု၌ရပ်ပါသည်။ အဲဒီမှာတင် တရုတ်၏ရိုးရာနှင့် မြန်မာတို့ စတင်ကာ ထိပ်တိုက်တွေ့လေသည်။ အပေါ့အလေးသွားရန်နေရာမှာ တစ်ကန့်လျှင် နှစ်ပေခန့်သာ ကာထားပြီး အောက်တွင်မြောင်းတစ်ခုဖေါ်ထားခြင်းသာဖြစ်လေသည်။ မျက်စိသာမမှိတ်ထားလျှင် တစ်ယောက်နှစ်တစ်ယောက် ဘွင်းဘွင်းကြီးတွေ့နေရမည်သာဖြစ်လေသည်။ ဒုက္ခတော့ရောက်ကြပါလေပြီ။ ထိပ်ဆုံးအကန့်မှပဂ္ဂိုလ်၏ စွန့်ပစ်ပစ္စည်းသည် တဖြည်းဖြည်းခြင်း တခြားသော့ အကန့်များအောက်ရှိမြောင်းမှ စီးဆင်းကာ ပြင်ပသို့ထွက်ခွာသွားမည်ဖြစ်သောကြောင့် အခြားအကန့်တွင်သုံးသူများအနေဖြင့် အောက်သို့ငုံ့ကြည့်လျှင် မိမိပစ္စည်းအပြင် သူတပါး၏ပစ္စည်းကိုပါ စိတ်နှလုံးမကြည်လင်ဖွယ် မြင်တွေ့ရမည်ဖြစ်လေသည်။ ကျွန်တော်တို့ကား သိပ်မထောင်းသာလှပေ၊ ယောက်ျားလေးဖြစ်သည်ကတစ်ကြောင်း၊ မှောင်နေပြီဖြစ်သည်ကတစ်ကြောင်းကြောင့် လမ်းဘေးတွင်သာ အဆင်ပြေသလို ဖြေရှင်း၍ရလေသည်။ မိန်းကလေးများ၏အမှုကိုတော့ သေသေချာချာမသိပါလေပြီ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDdt5PXuYV7aB76oyHA1ehIasgxk45yLl9SgHS6Ss6fRmmcqhqUFjQC5YCpvfYd2PhudGQ6EAbiLKcrf2aMpGq9DQUPPs0VKwCxbF6CAQm9Qggb4dOWMntwIy4sENSf2f1iu9nzDcViNHw/s1600/24968_1423620989076_4426600_n.jpg) |
မနက်စောစော ကားလမ်းပိတ်၊ အိပ်ချင်မူးတူး ဓါတ်ပုံဆင်းရိုက်
|
ခရီးကားဝေးလှချေသည်။ နောက်တစ်နေ့ ၁၂.၄.၂၀၁၀ မနက်စောစောတွင် ကားမှာ လမ်းခုလတ်နေရာတွင်ရပ်ထားသည်မှာ ကြာနေသဖြင့် စူးစမ်းကြည့်ရာ ရှေ့တွင်လည်း ကားများစွာ ပိတ်လျှက်တန်းစီရပ်နေကြလေသည်။ ဖရဲသီးကားမှောက်ကာ လမ်းပိတ်နေခြင်းကြောင့်ဖြစ်ပြီး ဟိုင်းဝေးလမ်းများမှာ အလယ်လမ်းအပိတ်ဖြစ်သဖြင့် တစ်ဖက်လမ်းကြောမှ ကျော်မောင်း၍လည်းမရပေ။ ခရီးထပ်မံဖင့်ပြန်ချေပြီ။ အပေါ့အလေးပြဿနာများ ဖြေရှင်းကြရပြန်လေပြီ၊ တောပိုင်းမို့ ကုန်းစောင်းမှတစ်ဆင့် ဆင်းကာ ခြုံခိုတိုက်ပွဲများ ပြုလုပ်ကြပြန်လေသည်။ ကျွန်တော်တို့မှာကား ခုချိန်ထိတော့ ကြီးကြီးမားမား ပြဿနာမရှိသေးချေ။ နေ့လည်ချိန်လောက်တွင်မှ လမ်းပြန်ပွင့်သွားပြီး ခရီးဆက်နိုင်ပါသည်။ မွန်းလွဲလာခဲ့လေပြီ၊ ထိုအချိန်တွင် ပြဿနာများကား အစပြုလျှက်ရှိကြပြီ။ ဆီးချုပ်ဝမ်းချုပ်ပြဿနာတည်း။ ဟိုင်းဝေးလမ်းများမှာ ကားရပ်တန့်၍မရနိုင်သည်ကတစ်ကြောင်း၊ ခရီးစဉ်မှာ မှန်းထားသည်ထက်နောက်ကျနေသည်ကတစ်ကြောင်း လမ်းတွင် ရပ်နားခြင်းမရှိပဲမောင်းနှင်နေပါသည်။ မျက်နှာများရှုံ့မဲ့ကာ မလှုပ်မယှက်နေနေကြရသည်။ လှုပ်လိုက်လျှင် အပေါ့သွားချင် အလေးသွားချင်စိတ်များ လွန်စွာဖြစ်ရသောကြောင့်တည်း။ ကားပေါ်တွင်ပါရှိသော အိမ်သာမှာလည်း တံခါးဆွဲဖွင့်သည်နှင့် တစ်ကားလုံး အနံ့များနံသည့်အပြင် အတွင်းတွင်လည်း ညစ်ပတ်ကာ အသုံးပြုရန်မဖြစ်နိုင်ပေ။ ထိုစဉ် ရေငတ်တုန်းရေတွင်းထဲကျသည့်နှယ် ကားသည် ဓါတ်ဆီထည့်ရန် ဆီဆိုင်တစ်ခုသို့ ခေါင်းထိုးလိုက်လေသည်။ ကားသမားက အိမ်သာရှိသည်ဟုပြောလိုက်သည်နှင့် ၀ုန်းကနဲ အလုအယက်ပြေးဆင်းကြသည်မှာ ကြည့်၍ပင်မကောင်းပေ။ ယောက်ျားလေးများ အကုန်နီးပါးပင် ဆင်းသော်လည်း အလေးအင်မတန်သွားလိုနေကြသော ၅ ယောက်ခန့်မှာ ပိုဆိုးလေသည်။ ကျွန်တော်ကား အပေါ့သွားခြင်းကြောင့် ကိစ္စမရှိသော်လည်း သူတို့မှာကား အိမ်သာခန်းများ၍ ကိစ္စများကိုဖျောက်ဖျက်ရန် ရေဆွဲချစရာသာပါပြီး ကိုယ်လက်သန့်ရှင်းစရာ ရေပိုက်မရှိခြင်းကိုပင် မရုမပြုနိုင်ပဲ အတွင်းတွင် လက်နက်ကြီးများ စက်သေနတ်များ အကြီးအကျယ်ပစ်ခတ်နေကြလေသည်။ အဆင့်မြင့်ဆီဆိုင် ဖြစ်သဖြင့် အိမ်သာမှာ အခန်းများဖြင့်ဖြစ်သော်လည်း basin မှာ အိမ်သာ၏အပြင်ဘက်တွင်သာ ရှိသဖြင့် ဆေးကြောလိုလျှင် အပြင်သို့ထွက်ဆေးရန်သာရှိတော့သည်။ ထိုသူများ ကံကောင်းသွားရှာပါသည်၊ ထိုအထဲမှ တစ်ယောက်သာ တစ်ရှူးထုပ်ကလေးတစ်ခုပါသဖြင့် တစ်ယောက်နှင့်တစ်ယောက် လက်ဆင့်ကမ်းကာ ဖြေရှင်းခဲ့ကြသည်ဟု ဆိုလေသည်။ သို့မဟုတ်ပါက မတွေးရဲစရာပင်တည်း။ ကျွန်တော်ကား မှင်မပျက်လှသေးပေ၊ ကူမင်း ရောက်ရန်လည်း သိပ်မလိုတော့သည့်အတွက် ဟိုတယ်ရောက်မှသာ အေးရာအေးကြောင်း ဖြေရှင်းမည်ဟု ကြံရွယ်လျှက် ငြိမ်ငြိမ်လေး လိုက်ပါလာလေသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn-6LPrIYceUdlZAz95sNmK-uqYWRW6vwxPFIxli3T63_VH1PV-xeeFKW72z6y3uguPmVg50gidAIXlIWPVQmjiOJ6T4XPdzX08Y_m33M80f7H4ZYOvXlt8bMy3FL8LzC-8MftLIGeeVdc/s1600/24968_1423632269358_6753307_n.jpg) |
ကူမင်း ကားဂိတ်သို့ ဆိုက်ရောက်ခဲ့ပါလေပြီ။ ထိုမှတဆင့် ကားပြောင်းစီးကာ ဟိုတယ်သို့ ချီတက်ပါသည်။
|
ညဦးပိုင်းတွင် ကူမင်းသို့ရောက်ပါပြီ။ ဟိုတယ်သို့ရောက်သောမှသာ ခြေပစ်လက်ပစ် အနားယူကာ ကိုယ်လက်သန့်စင်ခြင်း ကိစ္စဝိစ္စများကို ဖြေရှင်းရပါသည်။ ကူမင်းကား မြို့ပြညနှင့် ကျွန်တော်တို့အားမိတ်ဆက်ပါသည်။ တရုတ်လူငယ်များကို အမည်းရောင်ဖက်ရှင်များဖြင့် အတော်များများတွေ့ရပါသည်။ အုပ်လိုက်ကြီးသွားလာနေသော ဆိုင်ကယ်များမှာ မည်သည့်အသံမျှပင်မကြားရပေ၊ အကြောင်းမှာ ဘက်ထရီဆိုင်ကယ်များဖြစ်သောကြောင့်ပင်။ လမ်းကူးလျှင် တစ်ဖက်တည်းကြည့်ကာ ဘာသံမှမကြားလျှင် ဘာမှမလာဟုယူဆပြီးကူးလျှင်ကား ဆိုင်ကယ်တိုက်ခံရဖို့ နီးစပ်လေသည်။ တရုတ်လမ်းပြကား အလွန်တည်း၊ ခရီးစဉ်ဖင့်လေးခဲ့သောကြောင့် ပင်ပန်းကာအနားယူလိုကြသော ကျွန်တော်တို့အား သူတို့စီစဉ်ထားသော စားသောက်ဆိုင်သို့သာ အတင်းသွားခိုင်းလေရာ စကားများကြရသေးသည်။ နောက်တွင်မှ အစားအသောက်များကို ဟိုတယ်သို့လာရောက်ပို့ဆောင်ပေးလေသည်။ တရုတ်အစားအသောက်များကား ကျွန်တော်တို့ ထင်မှတ်ထားသလို အရသာမရှိလှပါချေ။ မြန်မာပြည်ရှိ တရုတ်စာများနှင့်လည်း မတူပေ။ အရသာများမှာ လွန်စွာပေါ့ရွှတ်လျှက်ရှိပြီး ဟင်းများမှာ အသားနည်းလှချေသည်။ ကြက်သွန်နှင့် ပဲပြားကဲ့သို့အရာများ၊ ကော်ရည်ကဲ့သို့အရာများ၊ အရွက်များသာ မြင်ရလေသည်။ ပေါက်စီမှာ အစာမပါပဲ အနှစ်ကသက်သက်ဖြစ်ပြီး ထိုအနှစ်မှာလည်း အရသာမကောင်းပေ။ အားခဲထားသော ယူနန်အစားအသောက်များမှာ မှန်းချက်နှင့်မကိုက်ရုံမက တက်တက်စင်အောင်လွဲချော်နေလေတော့သည်။ ယမ်ယမ်ထုပ်တွေ ယူလာခဲ့ရင်အကောင်းသားဟု တွေးမိလေတော့သည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL9pSlCNQ0piC6f6r-dqpvVeuRZAdHqj6Pn96UGDiTXbqro5GB6hD8ywrh4_y9NhdOyo-dlhdDQZJLXQFOqY-myH6rbu1UFh47jIh9t0ZSYyLAal-svd_6GdtL0P_MyRdOueQsC9RmiXJO/s1600/24968_1423640829572_2169225_n.jpg) |
ကူမင်း (သို့) ကွမ်းမင် ည
|
၁၃.၄.၂၀၁၀ .... ကူမင်းမနက်ခင်းကား စိုပြည်လှပေသည်။ ကျွန်တော်တို့မှာ ညက ဖဲရိုက်ထားသဖြင့် ဖဲကိုက်ဖဲငိုက်ဖြစ်ကာ မနဲကုန်းရုန်းထကာ အလည်အပတ်သွားရန် ပြင်ကြဆင်ကြ အလျှင်အမြန် ဖြီးလိမ်းကြရပေပြီ။ ပထမဆုံးသွားရောက် လည်ပတ်သောနေရာကား STONE FOREST ဟုခေါ်သော နေရာပင်ဖြစ်သည်။ ထိုနေရာမှာ ကျွန်တော်တို့ ငယ်စဉ်က အသည်းစွဲ ဂန္ဒဝင် စွန်းဝူခုန်း (အနောက်သို့ ခရီးသွားခြင်းမှတ်တမ်း) Journey To The West ဇာတ်ကားရိုက်ကူးသော နေရာဟုဆိုလေသည်။ ပင်လယ်အောက်ကြမ်းပြင်မှ ကျောက်ဆောင်များသည် ငလျှင်ဒါဏ်ကြောင့် မြင့်မားထိုးထောင်တက်လာပြီး ကျောက်ဆိုင်တောအုပ်သဖွယ် ဖြစ်နေသဖြင့် ခရီးသွားများ လာရောက်လည်ပတ်စရာ နေရာပင်ဖြစ်တော့သည်။ ကျွန်တော်တို့အုပ်စုမှာကား ဟိုငေးဒီငေးချိန်ပင် သိပ်မရ၊ သူ့ထက်ငါ ဓါတ်ပုံဦးအောင်ရိုက်ဖို့ရန် မြင်ကွင်းနေရာ အကွက်အကွင်းကောင်းကို လုနေရသည်။ ခက်တော့လည်းခက်ပါသည်၊ အရှေ့မှာ သူများတွေရိုက်နေ၍ စောင့်ဆိုင်းနေရသည်၊ ထိုသူတို့ အားရအောင်ရိုက်ပြီးချိန် ကျွန်တော်တို့ ၀င်ရိုက်မည်လုပ်လျှင် လာကြဟေ့ ရှေ့ကိုဆက်သွားမယ် မြန်မြန်လာ လူစုမကွဲစေနဲ့... လို့ တကြော်ကြော်အော်နေပြန်ရော.. အဲဒါနဲ့ ကျွန်တော်တို့မှာ ပတ်စပို့ရုံးက ဓါတ်ပုံအမြန်ရိုက်သလို လာတစ်ယောက် ဖျတ်ဖျတ် နဲ့ အလှည့်ကြ အမြန်ဆော်ပြီးသကာလ မနှေးအမြန် နောက်တနေရာကို ရွှေ့ခဲ့ကြပြန်ပါလေရောပေါ့။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjHSnLYggqRWbxMVUOcFo-EEZCGEN5hKU8Rx14TrHQbXycoT6dsOjdTXZEo8R09FSeax3WiXQ6XzT81Pas5MRtd6rqXhv12AZql86vbbAWsOU5O92kKLVxL2U8xTtOF07qpRzy2BdRejIH/s1600/261339_2131210118362_4949568_n.jpg) |
မည်သူက မည်သူ့ကိုရိုက်၍ မည်သည့်ကင်မရာကို ကြည့်ရမည်မှန်းမသိသော သူတလူငါတမင်း ရိုက်ကွင်း
|
တစ်ချို့တွေကြတော့လည်း တရုတ်ရိုးရာဝတ်စုံတွေဝတ်လို့ ဓါတ်ပုံအရိုက်ခံကြပါတယ်။ ကျွန်တော်တို့မှာမူ သူများအဝတ်တွေ ၀တ်ရတာမကြိုက်လို့ မဝတ်ပဲ တခြားနေရာတွေ လျှောက်သွားရင်း ဆောင်ကြာမြိုင်လိုလို ဘာလိုလိုနေရာရှေ့မှာပဲ ဓါတ်ပုံရိုက်ဖြစ်ပါကြလေသည်။ တရုတ်တွေက ခရီးသွားတွေကို ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ စိတ်ဝင်စားအောင် လျှောက်ပြောတဲ့နေရာမှာတော့ အလွန်ပင်။ ကျောက်တုန်းတွေ သူ့ဘာသာသူ ရေအောက်ကနေ အပေါ်ထောင်ထွက်လာတာက ထားလေဦး၊ နာမည်တွေပေးထားတာစုံလို့ပင်။ သမိုင်းကြောင်းတွေလည်း ပြောသေးသည်။ ရှုခင်းတွေလောက် စိတ်ဝင်စားဖွယ်မကောင်း၍ နားထဲတော့ သိပ်မဝင်ပါ။ ဟိုဟိုဒီဒီနေရာတွင် စျေးသည်များ စုံလင်လှသည်။ စျေးနှုန်းရိုက်ချက်မှာလည်း အတော်ပင် ပြင်းထန်လှလေသည်။ ပစ္စည်းတစ်ခုကို ၃၀၀ နှင့် အော်ရောင်းနေပြီး အနားနားသွားလျှင် ၂၅၀ နှင့် ပေးမည်။ နည်းနည်း အင်တင်တင်လုပ်လျှင် ၂၀၀ နှင့်ပေးမည်။ လှည့်ထွက်လာလျှင် ၁၅၀ နှင့်ပြောမည်။ နည်းနည်းဝေးလာလျှင် ၁၀၀ အထိချပေးမည်။ လှည့်မကြည့်လျှင် လိုက်လာပြီး ၅၀ နှင့် ပေးမည်။ ၃၀ နှင့်ပေးမလားမေးလျှင် အရောင်းအဝယ် ဖြစ်ပါသည်။ ထိုမျှ ခရီးသည်များ၏ အိတ်တွင်းမှ ပိုက်ဆံကို မရအရယူသော တရုတ်များပင်။ သိပ်တော့ ကိစ္စမဟုတ်ပါ၊ အဘယ့်အကြောင့်ဆိုသော် ကျွန်ုပ်တို့မှာလည်း အမှတ်မရှိသော မြန်မာများဖြစ်သောကြောင့်ဖြစ်ပါသည်။ တနေရာတွင် ၅၀ နှင့် ၀ယ်ယူထားသောပစ္စည်းသည် နောက်တနေရာတွင် ၂၅ ကျပ်သာရှိသောအခါ နောက်တစ်ဦးက ငါမှ တန်တာရသည်ဟု မှတ်ကာဝယ်သည်။ နောက်ထပ်တစ်နေရာတွင် ထိုပစ္စည်းသည် ၁၅ ကျပ်သာ ကျန်လေ၏
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAzFrS1w8BUrK3LP_a-P1oUU2P9m_99ZuFVH_9mZ2RQZyikFQ5PkLalJgWL_cg07EuZcqNxE2H6CKd1UmvvwRj3zHcYsUxEX1XYmIs3fAPbL65BoP_1k4xgBf6obgHmH-kg803gtoaI9kn/s1600/24968_1423665430187_3450996_n.jpg) |
ဟိုအိမ်ရှေ့မှ ဟိုလူများ၊ အနားယူနေစဉ်
|
ကျောက်တုံးတောအုပ်မှအပြန် လက်ဆောင်ပစ္စည်းများချည်း ရောင်းသောနေရာတစ်နေရာသို့ ကျွန်တော်တို့တစ်သိုက်အား လိုက်ပို့ပြန်ပါသည်။နာမည်တော့ မမှတ်မိတော့။ တိုလီမုတ်စလေးများ ဟိုဝယ်ဒီဝယ်လုပ်ပြီး ယောက်ျားလေးများပီပီ ၀င်းဒိုးရှော်ပင်ထွက်နေသည်မှာ အတန်ငယ်အချိန်လင့်ကာ မိမိတို့အား တစ်ကားလုံးမှ စောင့်ဆိုင်းနေရသည်ဟုဆိုကာ ထိုထိုသော အမျိုးသမီးများမှ ပွစိပွစိ ပြုလုပ်ခြင်းခံရသဖြင့် ရှူးရှဲရှူးရှဲ ဖြစ်ရပြန်ပါသေးသည်။ အော်.. အမျိုးသမီးများ တယ်လည်းနားလည်၍မရသော လူသားအမျိုးအစားပါပင်တကား။ နောက်ခဏကြာတော့ ၀ယ်ယူလာခဲ့သော တရုတ်လက်ဆောင်ပစ္စည်း ထွေလီကာလီ အထူးအဆန်းလေးများကို အပြိုင်အဆိုင်ကြွားလျှက်နှင့်ပင် Yunnan Grand Theater သို့ ရောက်ခဲ့ကြလေပြီ။ ပြဇာတ်ကြည့်ရန်တော့မဟုတ်၊ သူအောက်တွင်ရှိသော restaurant တွင် ညစာစားရန်ဖြစ်ပါသည်။ အရသာအတွက် သိပ်ကြီးမျှော်လင့်မထားသော်လည်း ခံတွင်းတွေ့တာလေးများ ပါလိုပါငြား ငံ့လင့်မိနေကြသေးသည်။ စောင့်ဆိုင်းနေရင်းနှင့်ပင် .... လာပါချေပြီ ဟင်းပွဲများ..။ ဘဲကင်၊ ပေါက်စီ၊ အသီးအရွက်ကြော်များ၊ နောက် ဘာတွေလည်းမသိတော့ပါ။ ဗိုက်ဆာလို့သာ ၀ါးရင်းမျိုချလိုက်ရသည် မိမိတို့စားနေသည်မှာ စားသောက်ဆိုင်ကြီးမှာဟု ဘယ်လိုမှခံစား၍မရခဲ့ပါ။ သြော် ... မြန်မာပြည်ဖွား တရုတ်များ၏ လက်ရာကို တောင်းတမိပုံများ။
စားပြီးသောက်ပြီးသောအခါ ဟိုတယ်သို့ ပြန်ကြလေပြီ။ ပထမပိုင်းမှာပြောခဲ့သလို မိမိ၏ ဆုံးဖြတ်ချက်အမှားအယွင်းကား အတော်ကြီးမားနေပြီဖြစ်လေသည်။ အကြောင်းမှာ အသုံးပြုစရာမလိုသော မြန်မာပိုက်ဆံများဖြင့် ညတိုင်း ဟိုတယ်ခန်းတစ်ခုတွင်စုကာဝိုင်းကာ ဖဲဝိုင်းဖြစ်နေသောကြောင့် ဖြစ်သည်။ ကျွန်တော်သည် မည်သည့်အခါမျှ လောင်းကစားနှင့် အကျိုးမပေးခဲ့ဖူးပါ။ သို့သော်လည်း အံစာတုန်းခေါက်သည်ကိုပင် ကြေးကလေးပါမှ အရသာတွေ့တက်သော ဇ ကို ထိန်းမရသောကြောင့် တညတည မိုက်လုံးကြီးရင်းနှင့် သိန်းဂဏန်းနီးပါးအထိ ရှုံးခဲ့လေသည်။ ဒါသည်ပင် ဟိုဝယ်ဒီဝယ် ကိစ္စများမပါသေး။ ထိုညက ရှုံးရှုံးညစ်ညစ်ကြီးနှင့်ပင် နောက်တနေ့မနက်အတွက် ပြင်ဆင်ရသည်။ ကူမင်းဟိုတယ်မှ မနက်ပိုင်း checkout လုပ်ပြီး နောက်တစ်နေရာသို့ အထုပ်အပိုးများနှင့် ထွက်ခွာရမည်ဖြစ်သဖြင့် ပွထနေသော အဝတ်အစားများကို ထိုးသိပ်ထည့်ကာ အိပ်ယာဝင်ခြင်းအမှုကို ပြုခဲ့ရပါသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd3v01whAOhwCwHZwgkLEIpT4w1zkNpq9HmIkoI8vrlP3fYohV_6_8or1Qez_JaBjCsXZT7sKWooUs1HCbMsFAOh1NQQ9EUAZ4M7T8V_cOHe1eqHByeEEYhCzPFjvt-XyEjvYPkfKD9Rex/s1600/24249_1370026364001_305834_n.jpg) |
Expo 99 ရှေ့မှ ASC ကိုကိုများ ဂိုက်ပေးကြမ်းသွားခြင်း သည်းခံပါ
|
၁၄.၄.၂၀၁၀ သင်သည် တရုတ်ပြည် ယူနန်ပြည်နယ်သို့ ခရီးသွားလမ်းညွှန် အကူအညီဖြင့် သွားရောက်မည်ဆိုပါက မလွဲမသွေ ပို့ဆောင်ခြင်းခံရမည်ဖြစ်သော နေရာတစ်နေရာမှာ Expo 99 ပင်ဖြစ်သည်။ ကျွန်တော်တို့ ရောက်ရှိနေကြပါပြီ။ မနေ့ညကအထိ ကျွန်တော်တို့ ထင်မှတ်ထားသည်က Expo 99 ဆိုသည်မှာ တရုတ်ပြည်၏ ထုတ်ကုန်များကို ရောင်းချသော အကြီးစားကုန်တိုက်တစ်ခုဟူ၍ ဖြစ်ပါသည်။ ပိန်းသည်ဟု ဆိုလည်း ဆိုကြပါလေကုန်၊ မိမိတို့ အင်တာနက်မှာ လိုက်လံဖတ်ကြည့်ထားမိသမျှတွင် Expo 99 မပါသောကြောင့် မသိခဲ့ကြခြင်းပါ။ အထဲဝင်၍ လျှောက်လည်ပတ်နေသည့် အချိန်အတန်ကြာသည်အထိ Expo ၏ အနှစ်သာရကို မတီးခေါက်မိသေးပဲ ရှိကာ အူလည်လည်ဖြစ်နေသေးသည်။ နောက်ကျတော့မှ အော် ဒီလိုပါလား ရယ်လို့ သဘောပေါက်တော့သည်။ နိုင်ငံပေါင်းစုံ၏ ယဉ်ကျေးမှုများ၊ အထိမ်းအမှတ်များ၊ နည်းပညာများ၊ အထင်ကရများ၊ ထုံးတမ်းစဉ်လာများ ကူးလူးယှက်နွယ် ဖလှယ်ရာ နေရာပင် ဖြစ်တော့သည်ကိုး။ အတော်ပင် ဝေးခဲ့ကြပုံများ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3U5tQa1F7idJVTQHApfAyRB9vV7FOiYxw4hC8wU8rF_7Hlk0Qsw1SKrsh-VnAB7CiJi6Qi-baIoVtjETrjzoIyps3ohQ69hFMNoAEqfd_cchwuIuQk3j88zKDfzN45rrY6mozFaaJHJYX/s1600/24249_1370027284024_3437436_n.jpg) |
တနေရာမှတနေရာသို့ battery car များဖြင့်သွားရပြီး အမျိုးသမီးများသာ မောင်းနှင်လေသည်။ ရှေ့ခန်းတွင် ကိုအောင်ပြုံးဖြီးနေပုံကို ရှု |
ထိုမှသည် တစ်ထောက်နားလို့ ယူနန်၏ အခြားမြို့ဆီ ခရီးဆက်ခဲ့ကြပြန်ချေပြီ။ လီဂျင်းမြို့သို့ ညဖက်မှောင်ရီအဝင်တွင် ရောက်ရှိခဲ့ကြသည်။ ရာသီဥတုကား အေးစိမ့်လာလေပြီ။ ဟိုတယ်တည်ဆောက်ထားပုံမှာ တရုတ်ရိုးရာ သစ်ဝါးများဖြင့် အလှဆင်ထားသောကြောင့် အမြင်လှသော်လည်း အပေါ်ထပ်တွင် လမ်းလျှောက်သံသည် အောက်ထပ်တွင် ကကျွီကကျွီ ဂျွတ်ဂျွတ်ဖြင့် မည်နေသောကြောင့် အောက်ထပ်တွင် အိပ်သူများ အဆင်မပြေလှပါ။ ကျွန်တော်တို့မှာ အပေါ်ထပ်တွင်နေရာရသောကြောင့် ထုံးစံအတိုင်း အခန်းတစ်ခုတွင်စုကာ သောက်စားခြင်းအမှုကို ပြုလုပ်ကြပါသည်။ ဟိုတယ်သို့မရောက်မီ စားသောက်ဆိုင်တွင် ၀ယ်ယူထားသော alcohol 50% ပါသည်ဟုဆိုသော တရုတ်မီးတောက်အရက်ကို မြည်းစမ်းရန် ပါးစပ်ပြင်နေကြသည်။ အမြည်း ၀ါးစရာ စီစဉ်ပြီးသောအခါ ပုလင်းဖွင့်ပြီးသောက်ကြသည်။ ပူလိုက်သည့်အမျိုး။ ပူသာပူသည် မမူးပေ။ ကျွန်တော်တို့မှာ တစ်ကိုယ်လုံး လုံးနေအောင် အထပ်ထပ်ဝတ်ထားသော အနွေးထည်များကြားမှ လက်များထုတ်ကာ မူးမူးလေးနှင့် အိပ်မည်ကြံရွယ်လျှက် သောက်ကြသော်လည်း မှန်းချက်နှင့်နှမ်းထွက်မကိုက်သောကြောင့် ရွာလည်နေကြသည်။ ထင်တော့ထင်သည် ထိုအရက်ဝယ်စဉ်က တရုတ်ကလေးများ မိမိတို့ကိုကြည့်ကာ ပြံုးစိပြံုးစိဖြင့် ရီနေကြသည်မှာ တခုခုတော့ တခုခုဖြစ်မည်ဟု။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmUXvTMKq1lfnRM_0rNN0QOuo2RrAwwCotUdNuMv9CoRLBJ53rZJjclX6Zs5d1T9tD4kSL7x7ICderlJ8p6EpUk096wRMB-DJDpd_xRlnJ27gr9V2g5nMng2BF0DI7OJGtyi4pAN8udd82/s1600/24968_1423677310484_6827701_n.jpg) |
Alcohol 50% နှင့် မမူးကြလေသော အအေးလွန်ည
|
၁၅.၄.၂၀၁၀ မနက်စောစော ထကြပြီ....။ မနက်စာကို ဘဲဥပြုတ်များ၊ ပေါက်စီနှင့် နာမည်မသိသော အနှစ်များ အရွက်ကြော်များ စားသောက်ကာ ဗိုက်ကိုဖြည့်တင်းထားကြရသည်။ မကြာခင် ကျွန်တော်တို့ တခါမျှ မရောက်ဖူးသည့် ရေခဲတောင်ကို တက်ကြရတော့မည် မဟုတ်လား။ ကျွန်တော်တို့၏ သူဌေးကလည်း ကျန်းမာရေးကောင်းသူများသာ တောင်ပေါ်သို့တက်ရန်၊ ကိုယ့်အခြေအနေမဟန်ပါက ပြောပြရန် မှာကြားရာ၊ ကျွန်တော်တို့မှာ စိတ်လှုပ်ရှားစွာဖြင့် ရေခဲများကို ဆုပ်ကာပေါက်ကစားရန် စိတ်ကူးယဉ်လျှက်ရှိသည်။ ကိုယ်တစ်ခုလုံး ဖေါင်းနေအောင် ၀တ်ထားသော အနွေးထည်များနှင့် ဓါတ်ပုံရိုက်ကြသည်၊ ရန်ကုန်တွင် တသက်လုံး ၀တ်ရမည်မဟုတ်သော အဝတ်အထည်များ ဖြစ်လေသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoqSMNyJS86noGs7_cEv0iLE2xGBsBnizny7tKdTLxOc9sca8VwTCrb8KG37r1Xv79qJXfpri3kejUDHuz0i6rbcPjPkKY_RjYDX9gCRcKBDykqALzwzizKJDc19tMXW5eBnVx0dyEldME/s1600/24968_1423677510489_2371865_n.jpg) |
ကျန်းမာရေးနှင့် ပြည့်စုံသူများ ရေခဲတောင်သွားရန် အဆင်သင့်ဖြစ်နေကြလေပြီ
|
အအေးဒါဏ်ကို ကြောက်ရွံ့ကြရကား ဟိုတယ်အနီးမှ မာဖလာများ လက်အိတ်များ ၀ယ်ယူဝတ်ဆင်ကြရပါသေးသည်။ ဟိုလုပ်သည်လုပ်ဖြင့် လူစုံကာ ကားပေါ်ကိုတက် ရေခဲတောင်ဆီသို့ ချီတက်ခဲ့ကြလေပြီ။
တရုတ်လမ်းညွှန်ကား အလွန်တည်း။ ထိုစဉ်က ကျွန်တော်တို့ ရေခဲတောင်သို့ သွားရာလမ်းတစ်လျှောက်တွင် မြူများဆိုင်းနေသောကြောင့် ရေခဲတောင်ထိပ်ကို မမြင်ရပါ။ နေရောင်ပင် ကောင်းကောင်းမွန်မွန် မပွင့်တတ်သေး။ သူကပြောသည်မှာ ရိလုံရွှေစမ်း (အသံထွက်မှားနိုင်ပါသည်) ဟုခေါ်သော ရေခဲတောင်ထိပ်မှာ ကံကောင်းသော စိတ်ထားဖြူစင်သော သူများသာ မြင်နိုင်သည်ဟု ဆိုလေသည်။ ကျွန်တော်တို့မှာ မမြင်ရလျှင် နေရင်းထိုင်ရင်း စိတ်ထားမကောင်းသောသူ ဖြစ်ရမည့်ကိန်းသို့ ဆိုက်လေပြီ။ လမ်းတောက်လျှောက် ကြည့်သာကြည့်လာသည် ရေခဲတောင်ထိပ်ကား မမြင်ရပေ။ လွန်ခဲ့သော နှစ်ပေါင်းဘယ်လောက်က တရုတ်ပြည်၏ နိုင်ငံရေးခေါင်းဆောင်ကြီး မည်သူဆိုလား ရေခဲတောင်သို့ လာခဲ့ဖူးကြောင်း၊ ထိုစဉ်က ရိလုံရွှေစမ်းသည် သူ့ကို မနုတ်ဆက်ခဲ့ကြောင်း။ ထိုခေါင်းဆောင်ကြီးက ပြန်တော့မည်ဆိုကာ ရေခဲတောင်ကြီးအား လက်ပြလိုက်သောအခါမှသာ ရေခဲေတောင်ကြီး၏ ဘေးမှ မြူများဖယ်ခွာကာ ထွက်၍နုတ်ဆက်ကြောင်းများလည်း ပြောလေသည်။ ကားပေါ်မှနေပြီး မြင်ရလိုမြင်ရငြား လက်ပြနေကြသူများလည်း ရှိလေသည်။ ထိုစဉ် .... နေရောင် တစ်စ ထွက်လာကာ မြူနှင်းများကြားမှ အဖြူရောင် အစွန်းအစလေး တစ်ခု မြင်ရသည်။ ဟား... တွေ့ပြီ... ဟေး ဟား.. အသံမျိုးစုံ အော်ဟစ်ကြကာ ဓါတ်ပုံရိုက်သူကရိုက်၊ ဗွီဒီယိုရိုက်သူကရိုက်ဖြင့် ဆူညံပွက်လောရိုက်ကုန်သည်။ လမ်းညွှန်ကလည်း ယခုခရီးစဉ်မှ မြန်မာများသည် လွန်စွာ ဘုန်းတခိုး ပြည့်စုံလျှက်၊ ကံကောင်းသူများ ဖြစ်ကြကြောင်း အမွှန်းတင်ကာ ပြောဆိုလျှက်ရှိလေသည်။ မင်္ဂလာရှိလှပါပေသည်။ (သို့သော် အပြန်ခရီးတွင် ထိုတောင်ထိပ်ကြီးအား မည်သည့်နေရာမှ မည်သူမဆို မည်သည့်အချိန်ကြည့်ကြည့် မြင်နေရလေသည်။ မည်သို့ပင်ဖြစ်စေ ခရီးသွားလမ်းညွှန်၏ ပျော်စေလိုသော စေတနာကိုသာ ကျေးဇူးတင်လိုက်ပါတော့သည်။)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHF_9QuUsT1voCwwcTE-Tm9lrsy7UcG3fUdnUfm61zPrbJ_G0UKVgxaRxTJCUPS8y20SbKixVm9A69KFfrFZQRV-_YrMmyrLrdkIzVBV6CiSZ43oppUH5QdX7R9wuCQqrRs6wJxWf37A1j/s1600/24249_1370041364376_2311296_n.jpg) |
ရေခဲတောင်ခြေသို့ အောင်မြင်စွာ ခြေချခဲ့ကြပါလေပြီ ...
|
ရေခဲတောင်ခြေသို့ ရောက်ပါပြီ။ ကျွန်တော်တို့မှာ တခါမှမမြင်ဖူးသော ရှုခင်းများကို မြင်ရသောကြောင့် ဟိုငေးသည်ငေးဖြင့် လျှောက်သွားနေကြတော့သည်။ တောင်ခြေမှနေ၍ လှမ်းမြင်နေရသော ရေခဲဖြူဖြူများနှင့် နီးရာသို့ အမြန်ဆုံး သွားရောက်လိုစိတ် ဖြစ်နေကြပါသည်။ တောင်တစ်ဝက်သို့ ကြိုးရထားဖြင့် တက်ရမည်ဟုဆိုသည်။ ထိုမှတစ်ဆင့် အထက်သို့ လမ်းလျှောက်တက်ကြမည်။ ပင်လယ်ရေမျက်နှာပြင်အထက် အလွန်မြင့်သောကြောင့် အသက်ရှူကြပ်ခြင်း၊ ခေါင်းမူးခြင်းများ ဖြစ်ပါက လမ်းညွှန်သို့ပြောရန် မှာပါသည်။ ရေခဲတောင်ပေါ် ရောက်တော့မည်။ လျှောက်ကာလျှောက်ကာဖြင့် cable car စီးရာနေရာသို့ ရောက်ပါပြီ။ တိုးကာဝှေ့ကာ တက်ရင်းနှင့် တောင်တစ်ဝက် (တကယ်က တောင်ခြေသာသာ) ကို ရောက်ခဲ့ပါပြီ။ အပေါ်သို့ ရောက်သောအခါမှာကား တောင်ပေါ်သို့တက်သော လမ်းများ ရေခဲပြိုကာ ပိတ်နေသဖြင့် တက်၍မရပါကြောင်း ဟု။ စိတ်အားလျော့ကျ ဖွယ်ရာပင်တည်း။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUnEe-G9M__V3pL6yHkLaBU6PDxEoyaCoYRGnofFosDi48p-z6_gzR_FpUSg6AVjNMFg4R9uh-3_4xRXuiKBUJKxIIIx29_3POh9_tCn3x9ca-dcou5OmFZ5iASGcSw2FGGj-TjOlg039F/s1600/24249_1370790383101_8360897_n.jpg) |
နုတ်ဆက်ခဲ့ပါတယ် ရေခဲတောင်(ခြေ) ရယ် ....
|
သြော် ရိလုံရွှေစန်းရယ်.. ဟုသာ ညည်းကာ မရောက်တော့ပြီဖြစ်တဲ့ ရေခဲတောင်ဖျားများဆီ မျှော်ငေးလို့ တောင်တန်းနောက်ခံနဲ့ ဓါတ်ပုံများကိုသာ ရိုက်ယူခဲ့ကြရပါသည်။ တက်လိုက်ဆင်းလိုက် လုပ်နေရသဖြင့် အဝတ်များထူထဲစွာ ၀တ်ဆင်ထားခြင်းက ချွေးများပင် စို့လာစေလေသည်။ ရေခဲတောင်ခြေတွင် ချွေးပျံခြင်း အမှတ်တရ ဖြစ်ခဲ့ရသည်။ ထိုမှအပြန်တွင် ယူနန်ပြည်နယ်၏ တွင်းထွက်ကျောက်များကို
ပြသထားသော ပြတိုက်တစ်ခုသို့ ၀င်ရောက်ကြည့်ရှုကြပါသည်။ ကျောက်တုံးကျောက်ခဲများကို သိပ်ကြီး စိတ်ဝင်တစား မရှိရကား ခဏမျှပတ်ကြည့်ပြီးသည်နှင့် အပြင်သို့ ပြန်ထွက်ခွာလာဖြစ်ပါသည်။ စိတ်ထဲတွင်မူ ရိလုံရွှေစမ်းအား လွမ်းတုန်းပင်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge2ezYRwtzBhOJu8FvQipuoacJmMmZn3TtLIhuLM7HyWajWbQNsUm1jSMWt0Vt_qhcCDFnEEPHmtkCmF-DwCbq1MER-obo1EvdwNZyAAs8IbLhrLqlsV-uJ4TTMsK3iwTHU4S-wlRP_RiO/s1600/24968_1423766952725_6913526_n.jpg) |
တလီမြို့ဟောင်းမှ ခြောက်ခြားဟိုတယ် - ညဖက်ဆို နေရင်းထိုင်ရင်း တရုတ်သရဲကားထဲ ရောက်သွားသလိုမျိုးကို ခံစားရလေသည်။ |
ညဖက် တည်းခိုရန်နေရာ ရောက်လေပြီ။ တလီမြို့ ရှိ ဟိုတယ်မှာ တရုတ်သရဲကားများ ရိုက်ကူးလေ့ရှိသော ပုံစံမျိုးနှင့် ဆင်ဆင်တူလေသည်။ မည်သည့် စေ့ဆော်မှုကြောင့်မျှ မဟုတ်ပဲ လူတိုင်းနီးပါး စိတ်ထဲတွင် မသိုးမသန့် ခံစားရလေသည်။ ညမှောင်မှောင် ဟိုတယ်လျှောက်လမ်းများတွင် မီးများက လာလိုက်ပျက်လိုက်။ ဟိုတယ်ဝန်ထမ်းများ၏ ယူနီဖေါင်းကအစ ရာဇဝင် သရဲကားများထဲမှ ဇာတ်ပို့ဇာတ်ရံများ အသွင်နှင့် တူသောကြောင့် တမျိုးကြီးဖြစ်သည်။ အခြားဟိုတယ်များမှာ ရှုခင်းပုံပန်းချီကားများ အခန်းတွင်းချိတ်ဆွဲလေ့ ရှိသော်လည်း ထိုဟိုတယ်မှာ လူပုံများကို ဆွဲကာ ကုတင်ဘေးတွင် ချိတ်ထားသောကြောင့် ပိုဆိုးသည်။ အိပ်ယာဝင်ခါနီး စိတ်မသန့်သောကြောင့် အခန်းစည်းများအားလုံးကို လှန်လှော ဟိုဒီချောင်းကြည့်ပစ်ပြီးမှ စိတ်သက်သာရာရကာ အိပ်နိုင်ပါသည်။ ကိုယ်တစ်ယောက်တည်း ခံစားရသည်မဟုတ်ပဲ လူတိုင်းနီးပါး ထိုသို့ စိတ်မသန့်မှုများ ဖြစ်ကြကြောင်း နောက်တနေ့ နံနက် ကားပေါ်တက်မှ ပြောဆိုဖြစ်ကြတော့သည်။
ထို့ပြင် နေ့ညမရွေး မြင်တွေ့နေရသော တရုတ်ပြည်ရှိ ခေတ်သစ်ဆောင်ကြာမြိုင်များ၏ ပေါ်တင်ကျမှုကိုလည်း ဝေဖန်လေကန်လျှက် အပျော်စီးလှေစီးရန် နေရာသို့ ခရီးဆက်ခဲ့ကြပြန်ချေသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh42n3SMvtOaQqAy2iufzO-IHCMTd2aVG96nlpOxFvCAN_sT1KMemfFI8caLn9hZqzr3bBuK1K_8QQIDk-X5WxUtR4QTrbvQlnIL93sEv4J43ROiARvmBkzmDypCqRtHkfpiTfdfhQpMnxJ/s1600/24968_1423772912874_3499747_n.jpg) |
ရုပ်ကြမ်းသော်လည်း အသည်းနုသူများ ဖြစ်သည့်အားလျှော်စွာ ... သင်္ဘောလတ်မှတ်အဖြစ် ပေးသည့် အမှတ်တရဆွဲကြိုးများနှင့် အလှချင်းပြိုင်နေကြစဉ်ဝယ် |
|
အပျော်စီးလှေမှာ ယူနန်ပြည်နယ်ရှိ Erhai ဟုခေါ်သော ကန်ကျယ်ကြီးအတွင်း လှည့်ပတ်၍ ခုတ်မောင်းပေးခြင်းဖြစ်ပြီး ဖျော်ဖြေမှုများအဖြစ် ကပွဲများ၊ ကာရာအိုကေ၊ အစရှိသဖြင့် စိတ်အားသန်သလို အပန်းဖြေနိုင်ကြလေသည်။ ကျွန်ုပ်တို့မှာကား ထိုအရာများကို သိပ်ကြီးအားမသန်လှကား ပါလာသော ဖဲထုပ်ကိုဖွင့် ရှမ်းက ကကြလေပြန်သည်။ တရုတ်များကား မြန်မာပိုက်ဆံများ အထပ်လိုက်ထိုးနေပုံကို လွန်စွာစိတ်ဝင်စားလျှက်ရှိကြပြီး ၀ိုင်းအုံကာအားပေးကြလေသည်။ ကိုးမီးကစားနည်းအား နားလည်ပုံရသော တရုတ်အဖွားကြီးများက ဘေးမှနေ၍ ခြေဟန်လက်ဟန်ပြသူကလည်း ပြနှင့် ... အခြေအနေက သင်္ဘောပေါ်တွင် ဖုံးရှဲပြန်လေသည်။ သြော် .. လက်ထဲတွင် ထည့်မထားကောင်းသော မြန်မာပိုက်ဆံပါလား။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJltETwpV6NikClVpWwq1t7k9rNI8LTl27t_vEOPzg3XYcaeLqL5QA8vbxPt4c5zQ-fqpjxGOnTT-B4VMeaZzYQbrU7yoKyNXdoSFMc8k63QjkWRYAtwfos6FNwZR7wr-YMKIsEkPz3TfB/s1600/24249_1370830584106_2081401_n.jpg) |
ရေသူမအရုပ်ရှေ့မှာ သူပေါ ကိုယ်ပေါ အားလုံးပေါ ကြလေရာ
|
ခရီးသွားလုပ်ငန်းဖြင့် မည်သို့မည်ပုံ ပိုက်ဆံရှာရမည်ကို သိကြသော တရုတ်များသည် မြစ်ကြောင်းတလျှောက် အမှတ်တရနေရာများကို တည်ဆောက်ထားကြပြီး ခရီးသွားများ ၀င်ရောက်လည်ပတ်ရင်း တိုလီမုတ်စ အမှတ်တရပစ္စည်းလေးများအား အရင်းနည်းနည်း အမြတ်ထွားထွားနှင့် ရောင်းချကြကုန်လေသည်။ ကျွန်ုပ်တို့မှာလည်း တခါမှ မရောက်ဖူးသူများဖြစ်သည့် အားလျှော်စွာ မြင်မြင်လေသမျှ အသစ်အဆန်း စိတ်ဝင်စားစရာလေးများချည်း ဖြစ်သောကြောင့် ၀ယ်ယူလိုက်ရသည့် လက်ဆောင်ပစ္စည်းပေါင်း မျိုးစုံလှလေသည်။ တချို့နေရာများတွင်မူ လက်ဆောင်ရောင်းရာနေရာများကို စိတ်ကုန်လွန်းလှ၍ မြင်ပင်မမြင်ချင်တော့သည်အထိပင်။ အနားကိုမသီချင်တော့လောက်တဲ့အထိ ရောင်းချနိုင်သော တရုတ်များဖြစ်ချေသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8f9xslxKd4me3YNJ1vpwVTOsrLbqLZUVpBc5OiLkaUv8JWk-4iZjpxMKiTBnzwcCs-DURGmiw0p76GJ0FdxdH1x84iUPxH8xRToRCaMOEaNn-ZKKTV9ic0qTv9mTn8b9bkB_exuR97ILp/s1600/24968_1423774792921_2889214_n.jpg) |
သင်္ဘောခရီးစဉ်အပြီးတွင် တီးဝိုင်းများနှင့် သီဆိုတီးမှုတ် နှုတ်ဆက်ကြစဉ် ကျွန်တော်နှင့်မဖြူ
နောက်ပြီးတော့ ဆက်သွားတဲ့နေရာက လိပ်ပြာများ၏ပန်းဥယျာဉ်ဟု ဆိုရမည်ဖြစ်ထင်သည်။ ကျွန်တော့်မှာတော့ လိပ်ပြာများကို ထွေထူးပြီး စိတ်ဝင်စားသူမဟုတ်လေသောကြောင့် အခြားသူများကဲ့သို့ အချိန်ပေးကာ ဟိုဟိုသည်သည်လျှောက်မကြည့်ဖြစ်ပဲ နေသာရာနေရာတခုတွင် အနားယူနေဖြစ်လေသည်။ |
ထိုမှတဖန် သွားသည့်နေရာကား တရုတ်ဘုံကျောင်းဖြစ်သည်။ ချောင်ရှမ်း ဘုရားသုံးဆူဟု ခေါ်မလားမသိသော တလီမြို့ရှိ ChoungSheng ဘုရားကျောင်းဖြစ်လေသည်။ တရုတ်များသည် ရှေးရိုးစည်းကမ်းဘောင်များဖြင့် ပိကျပ်နေသောလူမျိုးများဖြစ်သည်။ တရုတ် နတ်ဘုရားများထားရှိရာ နန်းဆောင်များတွင် ဓါတ်ပုံပေးမရိုက်ပါ။ ထိုနတ်ရုပ်များပုံမှာလည်း ရုပ်ဆိုးလှသောကြောင့် မရိုက်ခဲ့ပါ။ စစ်နတ်ဘုရားများဖြစ်သဖြင့် ဘီလူးသရဲများနှင့်သာတူနေပြီး လက်နက်မျိုးစုံကို ကိုင်တွယ်လျှက် ပုံဆိုးပန်းဆိုးရှိလှသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQnNRGsbHNVtuj3VGavUMEluQD1hDvETj2QFFXciL0g86C0y5aqATmiELXmVS7cOJRahFSi65WNGVf1rNE5xE9N8cVwm3pMq3RgTsk0gShbFussHmRIeByOp1Oigy_buMSgxUHHmyYxk1l/s1600/24968_1423778033002_5233827_n.jpg) |
ဤကဲ့သို့ မရိုက်ရဘူးဟု ပြောလေသည်။ အခြားသူများ ဆင်ခြင်နိုင်ရန်အတွက် သရုပ်ပြခြင်းသာ
|
ထို့ပြင် ဘုရားကျောင်းထဲသို့ဝင်ရာတွင် သစ်သားတုံးကြီးကို ခလုတ်မတိုက်အောင် ကျော်ရပြီး တက်နင်းခြင်းလည်း မပြုရပါ။ တက်နင်းပါက သစ်သားတုံးပါး .. အဲလေ .. ကံမကောင်းခြင်းများ ဖြစ်တက်သည်ဟု ဆိုပြန်ပါသည်။ နောက်တဖန် ဘုရားကျောင်းပုံနှင့် လူပုံကိုတွဲမရိုက်ရဟု ဆိုပြန်သည်။ တွဲရိုက်ပါက ဘုရားကျောင်း၏ ဂုဏ်ဒြပ်သည် လူ၏အပေါ်တွင် ဖိစီးကာ ပိနေမည်ဟု အယူရှိပြန်လေသည်။ သြော် .. စုံပါပေ့စီရုပ်တို့ရယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2K85BDmrWq7Md8q_Xko_7hyphenhypheny1FKZPtvKeFJSeFs6cMH1RuGXa9PQFC_ohWIocsc-EeWn_fFL8-kc39A_hWn3RHggb1aD-7QY1eq1ftLASxFqzbnGiC4bffD7haukb0eq2_KfMPENLEgID/s1600/24249_1371645604481_988368_n.jpg) |
ယခုကဲ့သို့ ကျော်ဖြတ်မှသာ သစ်သားတုံး ဆေးမပျက် အဲလေ အရာရာကို ကျော်ဖြတ်နိုင်မည်ဟု ဆိုပါသည်။ |
ဘုရားကျောင်းသို့ လည်ပတ်ပြီးသည့်နောက်တွင် အခြားသော ရိုးရာနေရာများဖြစ်သည့် ငွေထည်ပြုလုပ်ရာနေရာ၊ ကျောက်စိမ်းအရောင်းခန်းမ၊ စသည့်နေရာများကို ကြားပေါက် လည်ပတ်ကြည့်ရှုပြီးသည့် သကာလ .. ကျွန်ုပ်တို့၏ တရုတ်ပြည်ခရီးစဉ်သည်လည်း ပြီးဆုံးရန် နီးကပ်လာခဲ့ပြီဖြစ်လေသည်။ ကြုံတွေ့ရသော အတွေ့အကြံုသစ်များ ပျော်ရွှင်မှုများနှင့်တကွ အစားအသောက်အခက်အခဲများ ဘာသာစကားအဆင်မပြေမှုများ ကျန်းမာရေးကိစ္စကသိကအောက်ဖြစ်မှုများ စသည်တို့ နိဂုံးချုပ်ကာ အမိမြန်မာပြည်သို့ ပြန်ရန်အချိန်လည်း နီးကပ်လို့လာခဲ့ပါလေပြီ။
လာလမ်းခရီးအတိုင်း တရွေ့ရွေ့နှင့် ပြန်လည်ချီတက်လာခဲ့ရင်း အမှတ်တရကိစ္စများကို ပြန်လည်ပြောဆိုနေကြရင်း၊ သူ့ကင်မရာ ကိုယ့်ကင်မရာ အပြန်အလှန်လဲလှယ်၍ ပုံများကြည့်ရှုကြရင်း မူဆည်သို့ ဆင့်ကာရွှေ့ကာဖြင့် ရောက်ခဲ့ပါလေပြီ။ ကျွန်တော်တို့ မြန်မာနိုင်ငံသို့ ၁ ပတ်ခန့်အကြာတွင် ပြန်လည်ရောက်ရှိလာခဲ့ပါလေပြီ။ ညနေပိုင်းတွင်စားရသော မြန်မာအစားအစာများသည်ကား ငတ်ပြတ်နေသည်မှာကြာပြီဖြစ်သည့်အတွက် စား၍ကောင်းလိုက်သည့်အရသာမှာ ပြောပြ၍ပင်ယုံနိုင်ဖွယ်မရှိပေ။ ညဦးပိုင်းတွင် မူဆယ်စျေးသို့သွားကာ အဝတ်အစားများ လက်ဆောင်ပစ္စည်းလေးများကို ၀ယ်ခြမ်းရင်း ဖေါင်းကားနေသော အထုပ်အပိုးများကို ဖိထောင်းထိုးသိပ်ထည့်ရင်းဖြင့် မနက်ဖြန် ရန်ကုန်ရောက်တော့မယ်ဟေ့ဟု ကြွေးကြော်ကာ ... အိပ်ယာဝင်ခဲ့ပါတော့သည်။
(လွန်ခဲ့သော ၂ နှစ်ကျော်က ရေးသားခဲ့ပြီး ယခု ၂၀၁၄ ခုနှစ် ၂ လပိုင်းတွင် လက်စသတ်ဖြစ်ခဲ့သော စာဖြစ်သည်)