Thursday, June 14, 2012

ကျွန်တော့်နာရီ ဓါတ်ခဲကုန်တော့မလားမသိ


အချိန်မရွေး ထိုးရပ်သွားနိုင်တဲ့
လက်ပတ်နာရီတွေလိုပါပဲ
အချိန်ဇယားနဲ့ တိကျပါတယ်ဆိုတဲ့လူတွေတောင်
စာရင်းမဲ့အင်းမဲ့ အသက်ပျောက်သွားနိုင်တယ်။
ဘယ်အချိန်မှာ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ
ဘာလုပ်ဖို့ကို ဘယ်နေ့ချိန်းထားလဲ
အချိန်မှန်နေထိုင်ရင်း ရှင်သန်ကြည့်လေ
မဟုတ်လဲ
ဖြစ်သလိုရှင်သန်ရင်း နေထိုင်ကြည့်လေ
ဘာဖြစ်ဖြစ်
ကွယ်လွန်ခြင်းကတော့ သူ့အချိန်အခါနဲ့သူပါပဲ၊
အမှည့်တဝင်းဝင်း အကင်းတဖြိုက်ဖြိုက်လား
မီးစာကုန်ဆီခမ်းမှာလား
လက်ထဲက နာရီကိုကြည့်
စောနေလား
နောက်ကျနေလား
ပုံမှန်ပဲလား
ခင်ဗျားကြည့်နေကျမှန်ထဲက
ခင်ဗျားမျက်နှာနဲ့ လူရဲ့ဘဝသက်တမ်းရော
တိုမှာလား
ရှည်မှာလား
သာမန်ပဲလား၊
ငွေကြယ်ပွင့်ကြွေတယ်ဆိုဆို
ရွှေတောင်ကြီးပြိုတယ်ပြောပြော
မြေကြီးပေါ့သွားတယ်ဆဲဆဲ
ဆန့်သောလက်ကွေးကွေး
ကွေးသောလက်ဆန့်ဆန့်
အနိစ္စဆိုတာ သူ့သဘောသူဆောင်မှာပါပဲ၊
မထင်ပါနဲ့ ကျုပ်တရားရနေတယ်လို့
ယောင်လို့တောင် မထင်လိုက်ပါလေနဲ့
ကျုပ်သိတဲ့မမြဲခြင်းတရားဆိုတာ
နောက်တစ်ခွက်မထည့်ရသေးခင်
အမြည်းပန်းကန်ထဲမှာ ဘာမှမရှိတော့သလိုမျိုးထက်
အနည်းငယ်မျှလောက်ပဲ ပိုတာ…။

(ဂယက်)