Wednesday, September 28, 2022

အမှောင်ရောင်

 


မြို့ပြာလေးတွင် အတွေးအခေါ်ပညာရှင် (ဟု ကိုယ့်ကိုကိုယ် ခံယူထားသော)ဒေါက်တာဆင်နက်၊ သိပ္ပံပညာရှင် ပရော်ဖက်ဆာ ခူးကိုး၊ စီးပွားရေးလုပ်ငန်းရှင် ဦးပွား နှင့်နိုင်ငံရေးရာတက်ကြွလှုပ်ရှားသူ ကိုတိုက်မောင် တို့သည် တရပ်ကွက်ထဲသားများ ဖြစ်ကြသည့်အားလျှော်စွာမကြာခဏ လက်ဖက်ရည်ဆိုင်တွင် တွေ့ဆုံ၍ အလာဘ သလာဘ စကားများ ပြောလေ့ရှိကြသည်။

ပရော့ဖ် ခူးကိုးသည် သူများတကာတီထွင်ထားသော စက်ပစ္စည်းများကိုတစစီခွဲခြမ်းစိတ်ဖြာကာ ဆင်တူရိုးမှား ဖန်တီး၍ သံတူကြောင်းကွဲနာမည်များပေးကာ ပိုင်ခွင့်လျှောက်ထားပြီးပြန်လည်ရောင်းစားတတ်သောကြောင့် နာမည်ရနေသူတစ်ဦးဖြစ်လေသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီးဆိုက်ကိုဆင်နက်ဟု အချင်းချင်းခေါ်ဆိုသော ဒေါက်တာဆင်နက်နှင့် မကြာခဏ စကားနိုင်လုကြသည်။ ခင်ဗျားက သူများဟာကို ခိုးကူးထားတာကြီးပဲဗျ .. ။ ဘာဆိုင်လို့လဲ သူနဲ့ တူတယ်လို့ ဘယ်နေရာပြောနိုင်လဲ .. ။ ဆင်တော့ဆင်တာပဲ မဟုတ်ဘူးလား .. ။ ဆင်တာနဲ့ တူတာဟာ ကွဲပြားတယ်ဆိုတာခင်ဗျားသာ အတွေးအခေါ်ပညာရှင် ပီသမယ်ဆိုရင် သိသင့်ပါတယ်လေ .. ။ ခင်ဗျားမှာသာ အားအားရှိတွေးခေါ်စာတိုလေးတွေလျှောက်ရေး အွန်လိုင်းပေါ်တင် ပြီးရင် သူများပေးတဲ့ like လေးတွေ share တွေ ကြည့်ပြီးသာယာနေတာ ဘာမှလည်း အကောင်အထည်ဖေါ်တာ မတွေ့ပါလားဗျ .. ။ စသည်ဖြင့် အချင်းချင်း ကြုံရင်ကြုံသလိုနှိပ်ကွပ်နေကြ။

နိုင်ငံရေးကိုတိုက်မောင်မှာမူ မည်သည့်ဘက်သို့ပါသည် ရေရေရာရာမပြောလိုသေးပဲနှစ်ဘက်စလုံးအား ခင်ဗျားဘက်ကကြည့်ရင် ဒါမျိုးက လက်ခံနိုင်ပါတယ်လေ။ သူ့ဘက်ကကြည့်တော့လဲပြောစရာပဲ။ ကျွန်တော်ကတော့ အမှန်တရားဘက်တော်သားဆိုတော့ကာ အခြေအနေကိုစောင့်ကြည့်ပြီးဘေးကနေ ထိန်းကွပ်ပေးရုံပါပဲ။ အစွန်းတဖက်ဖက်လွန်ကဲနေရင်တော့ တဖက်ဖက်ကို ဖိအားပေးရမှာပေါ့။စသည်ဖြင့် ဟိုလိုလို ဒီလိုလို စကားလုံးများသာ ပြောတက်လေသည်။

စီးပွားရေးသမား ဦးပွားမှာ မည်သည့်နည်းဖြင့် ခူးကိုးထံမှနည်းပညာပစ္စည်းလေးများ အချိုအချောင်ရမည်နည်းဟု စောင့်ကြည့်အကဲခတ်နေသူဖြစ်သောကြောင့်ခူးကိုးဘက်သို့ အလေးအနည်းငယ်သာသည့် စကားလုံးများသာ ခပ်ဖေါ့ဖေါ့ပြောလေ့ရှိသည်။ တဆင့်ကူးယူပြီးပိုမိုတိုးတက်အောင်လုပ်ဆောင်တာ ခိုးချတာလို့ယတိပြတ် ပြောလိုလဲမရသေးဘူးနော .. ။ လူတကာသိအောင်ဖွင့်ချထားတာမဟုတ်တဲ့ နည်းပညာကို အရင်ဆုံး နားလည်အောင်လုပ်ရတယ် .. ။ ပြီးရင် ဘယ်လိုမတူအောင်အဲလေ ပိုကောင်းအောင် လုပ်မလဲဆိုတာ စဉ်းစားပြီး ဆင့်ကဲပုံစံပြောင်း အဲ တီထွင်မှုထပ်လုပ်ရသေးတာဆိုတော့ကာခိုးကူး အဲဆောဒီး ခူးကိုး ရဲ့ အရည်အချင်းကလဲ လေးစားစရာပဲ .. ဟု မသိမသာ ထက်နဲနဲပိုကာကပ်မြှောက်လေ့ရှိပါသည်။

အိုမသိဘူးဗျာ ခင်ဗျားတို့ ဘယ်ဘက်ကမှန်သလဲသာပြော မှန်တဲ့ဘက်ကကျုပ် တိုက်ပွဲဝင်ပေးမယ် .. ။ တခါတလေ ကိုတိုက်မောင်မူးလာလျှင် စိတ်မရှည်။ တိုက်ပွဲဝင်မယ်ဆိုတာချည်းအပ်ကြောင်းထပ်။ လွတ်လပ်သော တရားမျှတသော အရည်အချည်းပြည့်ဝသော စည်းကမ်းညီညွတ်သော .. ဘာတွေမှန်းမသိအောင်စာအုပ်ကြီးရွတ်ပြသောအခါမှာတော့ ကျန်လူများမှာ အင်းအဲနှင့်သာ အလိုက်သင့် ထောက်ခံနေရရှာ၏ မည်သို့ဆိုစေ ခူးကိုး၏ စိတ်အတွင်းပိုင်းတွင်မူသူ့အား နှိမ်သူများကို တချိန်ချိန်တွင်တော့ သူ၏မူရင်းကိုယ်ပိုင် ဖန်တီးမှုအား အံ့သြမင်သက်သွားအောင်ဖန်တီးပြမည်ဟု ကြိတ်၍ ကြုံးဝါးထားလေသည်။ လက်ရှိမှာမူ သူ၏ စားဝတ်နေရေးအတွက် ထိပ်တန်းနာမည်ကြီးနည်းပညာများကိုသာ ဈေးသက်သက်သာသာနှင့် လူတိုင်းသုံးစွဲနိုင်ရေးဟူသော လူကြားကောင်းလှသည့်နာမ တပ်ပြီး ကလုန်းပစ္စည်းများကြားတွင် နစ်မြုပ်လျှက်ရှိရှာ၏

မြိုပြာလေးမှာ အရင်အတိုင်းပင် လည်ပတ်လျှက်ရှိပါသည်။ လူသစ်တချို့ပြောင်းလာသည်မှလွဲ၍ သိပ်ကြီးအပြောင်းအလဲမရှိလှ။ ခူးကိုးတို့ အဖွဲ့သည်ပင် ရံဖန်ရံခါလမ်းထိပ် “အများကြီးစပ်”ပေါက်စီနှင့်လက်ဖက်ရည်ဆိုင်တွင် မျက်နှာဆုံညီတွေ့ဖြစ်ဖိုသိပ်မလွယ်ဖြစ်သည်အထိ ကိုယ့်လုပ်ငန်းဆောင်တာများထဲတွင် လုံးချာလည်လျက်ရှိကြသည်။

တနေ့တွင် … ခူးကိုး၏ လမ်းတွင်းမှ လူများစုစုဝေးဝေးဖြစ်ရာမှအုတ်အော်သောင်းနင်းဖြစ်သည်အထိ စည်ကားလာရာ ဘာမှန်းညာမှန်းသိလိုသဖြင့် ဦးပွားတိုတစ်သိုက်လုံးတိုင်ပင်ထားသကဲ့သို ထိုနေရာသို့ သုတ်ခြေတင်ကာ သွားကြည့်ကြတော့သည်။ ဖြစ်ပုံမှာ … ထိုနေ့နံနက်ခင်းမိုးသောက်ချိန်လွန်၍ နေထန်းတဖျားပင်ရှိနေစေကာမူ ခူးကိုး၏ သိပ္ပံရပ်ဝန်း အိမ်ခြံလေးသည်မုန်မုန်ကုပ်ကုပ်ဖြစ်ကာ မီးခိုးမှိုင်းလိုလို အရိပ်ကျနေသလိုလို မှောင်မဲမဲဖြစ်နေခြင်းပင်။

မီးလောင်ခြင်းလဲမဟုတ်ပဲ ထိုနေရာလေးပဲ ကွက်၍ နေရီဖျိုးဖျ ညီအကိုမသိတသိအချိန်ကဲ့သိုမှောင်ပြပြဖြစ်နေခြင်းကြောင့် အထူးအဆန်းဖြစ်ကာ လူအများစုအုံလာခြင်းဖြစ်သည်။ ထိုစဉ်မည်သူက ဖုန်းဆက်လိုက်သည်မသိ ပိုက်ဆံတောင်းရန် အဲ မီးအန္တရာယ်ကာကွယ်ရန် မီးသတ်ကားတစ်စီးပင်ဝင်းယောင်ဝင်းယောင် အော်မြည်ကာ လမ်းထိပ်သို့ ရောက်နေပြီဖြစ်ပြီး ရပ်ကွက်လူကြီး လမ်းလူကြီးလွှတ်တော်ကိုယ်စားလှယ် ကော်မတီအဖွဲ့ဝင် စည်ပင် လဝက ဌာနမှူး စသည့် မျက်နှာဖုံးလူအများပင်အတော်စုံလင်လျှက် ရှိလှပြီး ကွမ်းယာဆေးလိပ်သည်များပင် အခြားသော လူစည်ကားရာနေရာများမှချက်ခြင်းရွှေ့ပြောင်းလာကြပြီး ခူးကိုးလူစုလူဝေးတွင် ရောင်းဝယ်ဖေါက်ကားလျှက် လက်မလည်နိုင်ပင်ဖြစ်လျှက်ရှိလေပြီ။

အခြေအနေအရပ်ရပ်ကို သုံးသပ်ကြည့်ရရင် ဟိုလူခူးကိုး တခုခုဖြစ်နေတာသေချာသလောက်ရှိတယ်ဗျ .. ဟု ဆိုက်ကိုဆင်နက်က လေးနက်စွာသုံးသပ်သည်။ ခင်ဗျားပြောမှပဲ သေချာတော့တာဗျာဟု ဦးပွားက အငေါ်တူးလိုက်ပြီး မြန်မာပြည်ဖြစ် စီးကရက် ၂၀၀ ဖိုး ဝယ်သောက်ရင်း ခြေဖျားလေးထောက်ကာတိုးဝင်ဖို့မလွယ်သော လူအုပ်ကြီးကို ကျော်ကြည့်ကာ စပ်စုလျှက်ရှိသည်။ ဘုရင်မနှပ်ဆေး ၁၀၀ဖိုးလုပ်ကွာ … ဘေးနားရောက်လာသော ကွမ်းယာသည်ကိုလှမ်းပြောလိုက်ရင်း ကိုတိုက်မောင်တစ်ယောက်စိတ်အားတက်ကြွနေသည်။ သူသည် လူစုလူဝေးများကိုမြင်လျှင် ဘာကိုမရိုးမရွဖြစ်လေသည်မသိ။ အကြောင်းရင်းကိုမသိသေးလို့သာ.. သိများသိလိုကတော့ လက်သီးလက်မောင်းတန်း၍ နံဘေးမှလူများအားလုံးကို ပြန်လည်အော်ဟစ်ဖေါက်သည်ချလိုစိတ်များ တဖွားဖွား .. သူမှာလည်း လူစုရှိမှသာ စင်ပေါ်တက်ရာမှာကိုး …။ ထိုစဉ် …….

ဟား ဟား ဟား ဟား …..

မြန်မာဗွီဒီယိုကားများထဲမှ လူဆိုးများရယ်မောသကဲ့သို အသံမျိုးဖြင့်ခူးကိုးသည် လူမြင်ကွင်းသို့ထွက်လာခဲ့ပြီးလျှင် သူ့နေအိမ်မှာလဲ အမှောင်ထုများချက်ချင်းပျောက်ကွယ်သွားလေ၏

ဟင် .. ဟာ .. အို .. ဟယ် .. ဟိုက် .. အသံပေါင်းစုံ လူအုပ်ထဲမှထွက်လာပြီးသကာလဖိုတိုဂျာနယ်လစ်များ၏ ပြောင်းတိုပြောင်းရှည်များမှ ခလုပ်နှိပ်သံများ တဖြောက်ဖြောက်မီးတဖြတ်ဖြတ် လင်းလာကုန်၏

မင်းဂလားဘား …. အဆင်ပြေရင် လက်ခုပ်သံလေး … အဲ ခဏလေး နားထောင်ပေးကြပါ .. ဒီနေ့ဟာ ကမ္ဘာ့ သိပ္ပံလောကကို ကိုင်လှုပ်မယ့် အဖြစ်အပျက်တခုကိုခင်ဗျားတို အားလုံး မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ခူးကိုးက အလွန်တရာစိတ်လှုပ်ရှားပျော်ရွှင်နေသော မျက်နှာထားဖြင့် အသံများပင်တုန်ရင် မေးစိလေးပင် လှုပ်နေသကဲ့သို့မျက်စိများကလည်း ဂဏာမငြိမ်ဖြစ်နေကာ သူ၏ တီထွင်ဖန်တီးမှုအတွက် ဂုဏ်ဖေါ်လိုစိတ် လွန်ကဲနေလျှက်ရှိလေသည်။ အမျိုးသမီးငယ်လေးများမှာလည်း လူအုပ်ရှေ့နားသိုသွား၍ မိမိကိုယ်နှင့် ခူးကိုး၏ပုံကိုပါအောင် လက်ကိုင်ဖုန်းများဖြင့်ရိုက်ကာ အွန်လိုင်းတင်ရန် အလုပ်များနေကြပြန်သည်… ဒီနေ့တို့လမ်းထဲမှာ ဘာဖြစ်ရဲမတိဝူးညော် .. like ပေးကြပါ .. စသဖြင့် ဖြစ်နိုင်ပေသည်။

သောမတ် အက်ဒီဆင် နဲ့ ငါဟာ .. ခေတ်ပြိုင် စင်ပြိုင် ဖြစ်ခဲ့ပြီ…. ဟားဟား .. ။ ခူးကိုး၏ အပြောကို ဆင်နက်က .. ခင်ဗျားက အက်ဒီဆင်နဲ့ ခေတ်ပြိုင်ဖြစ်ရအောင် သူနဲ့အတူတူ တခေတ်ထဲ သေသွားတာမို့လို့လား.. ဟု လူကြားထဲမှ အော်ပြောသည်။

ဒီမယ် .. သောမတ်စ် အက်ဒီဆင်ဟာ လျှပ်စစ်မီးသီးကို တီထွင်ခဲ့တာကြောင့်ကမ္ဘာကြီးရဲ့ သိပ္ပံလောကကို လှုပ်ကိုင်နိုင်ခဲ့တာမဟုတ်လား .. ။ အေးလေ အဲဒါကြောင့်ပဲ ခင်ဗျားအိမ်မီးလင်းနေတာမှတ်လား .. အဆန်းလုပ်လို့ … ။ ဟားဟားဟားဟား … နေအုံးလေ ဆက်ပြောမယ် .. သူဟာအလင်းမီးကိုတီထွင်ခဲ့သလိုပဲ .. ကျုပ်က ဘာရှာဖွေတွေ့ရှိခဲ့သလဲ သိလား …. ဟောဒီမှာကြည့်…

ဟာ… ဓါတ်မီးကြီးပဲ … ဘာမှလဲမဟုတ်ဘူး …

ဒါဟာ .. သာမန်ဓါတ်မီးမဟုတ်ဘူး … သေချာကြည့်ကြ (မျက်လှည့်ပြခါနီးလေပေါနေပုံနှင့် တူသည်)

ခူးကိုးက ဓါတ်မီး၏ ပါဝါခလုတ်ကို ဖွင့်ပြလိုက်သောအခါဝယ် …ဓါတ်မီးထိပ်မှ .. ရောင်စဉ်အနက်တခု ထိုးထွက်လာသည်။

ဟင် .. ဘာကြီးလဲ .. အို … ဘလိုဟာပါလိမ့် … အယ် … တမျိုးပါလား။

ဒါပဲလေ …. ဒါအမှန်ပဲ .. ကျုပ်ရဲ့ ကြိုးစားအားထုတ်မှုရဲ့ အသီးအပွင့်ကအဲဒါပဲ။ ဒီနည်းပညာဟာ မည်သူ့ဆီကမှ မှီငြမ်းကိုးကား ခိုးယူမူပွားထားတာမဟုတ်တဲ့ ကျုပ်ခူးကိုးရဲ့မူပိုင်တီထွင်ဖန်တီးမှု အစစ်အမှန်ပဲ … ခင်ဗျားတို့ လေးစားလိုက်ကြတော့ .. ဒီနည်းပညာကိုအမှောင်ဂုဏ်သတ္တိဓါတ်ရောင်ခြည် လို့ပေးထားတယ် … အမှောင်ရောင် လို့ခေါ်ကြပေါ့။ လူထူကြီးကား တိုးတီးသံများဖြင့် အုတ်အုတ်ကျက်ကျက်ဖြစ်ကာ ခူးကိုး၏အိမ်နားတဝိုက်တွင် ထိုနေ့ ညနေစောင်းသည်အထိ ကွက်ကြည့်ကွက်ကြည့်ဖြင့် ရှိနေကြသေးလေသည်။

ထိုနောက်တွင်ကား ခူးကိုးမှာ ဂျာနယ်လစ်များ ရုပ်သံလိုင်းများ၏မျက်စိအကျဆုံးနေရာအဖြစ်သို့ နေ့ချင်းညချင်းပင် ရောက်ခဲ့ပြီး အင်တာဗျူးပေါင်းများစွာ.. သူ၏ အမှောင်ရောင် သရုပ်ပြမှုများအတွက် အထူးသတင်းများ၏ ခေါင်းကြီးပိုင်းတွေ ရက်သတ္တပတ်များစွာနေရာယူလေတော့သည်။

 ဦးပွားတို့ ဆင်နက်တို့ ကိုတိုက်မောင်တို့ပင် ခူးကိုးနှင့်တွေ့ဆုံချင်လျှင် လက်ဖက်ရည်ဆိုင်မှ စောင့်နေ၍ မရတော့ပဲ သူ၏ နေအိမ်သို ဆိုက်ဆိုက်မြိုက်မြိုက်သွားရပြီးအင်တာဗျူးများ အစည်းအဝေးများမရှိချိန်မှသာ တွေ့ဆုံစကားပြောနိုင်လေသည်။

ဟား .. ခင်ဗျားတိုနဲ့တောင် မတွေ့ရတာကြာပြီပဲ .. လာကြဗျာ… ကျုပ်လဲ အောင်မြင်ပြီးတဲ့နောက်ပိုင်း အဲလိုပဲ လက်ဖက်ရည်ဆိုင်တောင် ထွက်ထိုင်ချိန်မရဘူးဟဲဟဲ ..

ဟု အကြွားတဝက်ကျော်ကျော်ဖြင့် နှုတ်ဆက်သည်။ ဆင်နက်က … ဟုတ်ပါပြီး ခူးကိုးရေ… ခင်ဗျားရဲ့ နည်းပညာကတော့ ဆန်းပါပေတယ်။ အံ့မခန်းပါပေပဲ … ။ ဒါပေမယ့် တခုလောက်တော့မေးစမ်းပါရစေ … ။

အင်း မေးလေ … ကျုပ်မလဲ ဒီတလော သူများမေးတာချည်း ထိုင်ဖြေနေရတာအတော်အာညောင်းသဗျာ ..။

ဟုတ်ပါပြီ … ခင်ဗျားရဲ့ ဒီအမှောင်ရောင် နည်းပညာကို တီထွင်ရတဲ့ရည်ရွယ်ချက်ရယ် .. ဘယ်နေရာအသုံးချမှာလဲ ဆိုတဲ့ အကြောင်းပြချက်ရယ်ကို ကျုပ်တိုကို ရှင်းပြပါအုံးဗျ… ။

ဒီလိုလေ … ခင်ဗျားလဲသိတဲ့အတိုင်းပဲ ကျုပ်လဲ မသိချင်ယောင်သာဟန်ဆောင်နေရာတာ ကျုပ်ကိုခင်ဗျားတို့က ကိုယ်ပိုင်တီထွင်ဖန်တီးနိုင်စွမ်းမရှိတဲ့လူလိုနောက်ကွယ်မှာ ပြောနေကြတာ ကျုပ်သိတာပေါ့ .. ။ အဲဒါကြောင့် တကမ္ဘာလုံး ဖိန့်ဖိန့်တုန်သွားအောင်ထူးခြားတဲ့ဖန်တီးမှုကြီးကို ကျုပ်လုပ်ပြချင်ခဲ့တာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီဗျ …ကြာနေခဲ့ပြီ ။ ဘယ်နေရာမှာ သုံးမှာလဲ ဟုတ်လား … ဒီနည်းပညာဟာ နေရောင်ခြည် ပြင်းထန်စွာခံစားနေရတဲ့နေရာတွေမှာ ဖွင့်ထားပေးလိုက်ရင် ဒီအမှောင်ရိပ်လေးထဲ ဝင်လိုက်တာနဲ့ အေးမြမှုကို ခံစားနိုင်စေမယ်လေ။မကောင်းပေဘူးလား။ ခရမ်းလွန်ရောင်ခြည်သင့်မှုကိုပါ ကာကွယ်နိုင်သေးသဗျာ။

အင်း … ဟုတ်တော့လဲဟုတ်ပါတယ်။ ဒါပေမယ့် အမှောင်နဲ့ အလင်းဆိုတာမူလကတည်းက ဆန့်ကျင်ဘက်ဖြစ်နေတာဆိုတော့ အကောင်းအဆိုးဆိုတာလဲ ဒွန်တွဲနေနိုင်တယ်နော် .. လောကနိယာမမှာ စကြဝဌာကြီးက အရာအားလုံးကို မျှချေဖြစ်နေအောင် ဖန်တီးပေးထားတာဗျ .. အဲသည်မျှချေပျက်ယွင်းအောင် လုပ်မိရင် သဘာဝတရားဟာ ဟန်ချက်ပျက်သွားနိုင်တာလဲ ဖြစ်နိုင်သေးတယ်မဟုတ်လား ..  ဟု ဆင်နက်က တွေးတွေးဆဆ ပုံစံနဲ့ပြောလိုက်သည်။ ခူးကိုးမှာကား ဆင်နက်၏ စကားကို အလေးအနက်မထားပဲမထူးဆန်းသလိုသာ နေ၏

ဦးပွားက .. ဒါနဲ့ ခင်ဗျားရဲ့ နည်းပညာသစ်ကို မှတ်ပုံတင်ပြီးပြီလား။သူနဲ့တွဲဖက်သုံးနိုင်မယ့် ပစ္စည်းတွေရော ဆင့်ကဲထုတ်လုပ်ဖို့ အစီအစဉ်ရှိရင်ပြောနော်.. ကျုပ် လိုအပ်တာအကုန်ပံ့ပိုးပေးမယ်။ စသဖြင့် အကျိုးအမြတ်ရပေါက်ကို ရှာကြံနေ၏ … အင်းဟုတ်ပါပြီ ကျုပ်လိုအပ်ခဲ့ရင် ပြောမယ်လေ ဟု အပေါ်စီးမှလေသံဖြင့် ပြောလေလျှင် … ကိုတိုက်မောင်ကခင်ဗျားရဲ့ တီထွင်မှုက ထူးခြားတာအပြင်ကို နောက်ထပ်တခုခု ဖြစ်လာနိုင်ခြေရှိတယ်လို ခံစားရသလိုပဲ… ။ အခုတလော ခင်ဗျားဆီကို လာတဲ့သူတွေထဲမှာ အဖွဲ့အစည်းပေါင်းစုံပါနေတာ ကျုပ်သတိထားမိတယ်ဗျ။ ဘာပဲဖြစ်ဖြစ် ပြောင်းလဲမှုတိုင်းကို မျက်ခြေမပြတ် စောင့်ကြည့်နေပေါ့ဗျာ … သတိမလွတ်စေနဲ့.. ဒါမှ ကိုယ်ကလက်ဦးမှုရမှာ .. စသဖြင့် ပြောဆိုပြီး စိတ်ထဲ မတင်မကျကြီးဖြင့် ပြန်လာခဲ့ကြလေသည်။ ဆင်နက်မှာလဲ ခူးကိုး၏ ရည်ရွယ်ချက် မရေရာမှုကို ဘဝင်မကျ၊ ဦးပွားကလဲ စပွန်ဆာ မသေချာသဖြင့်အီလည်လည်၊ ကိုတိုက်မောင်မှာလည်း သူ၏ နိုင်ငံရေး ယှဉ်ပြိုင်ဘက်များမှ ထိုနည်းပညာကိုခုတုံး တခုခုလုပ်သွားမည်ကို စိတ်ထဲမှ ထင့်နေမိလျှက် အချင်းချင်း စကားပင်မပြောမိကြပဲကိုယ်စီ အိမ်ပြန်လာခဲ့ကြလေသည်။

 ဗျို့ ... ကိုတိုက်မောင် .. ။ ဟာ ဦးပွား မနက်စောစောစီးစီး မလာစဖူးပါလားဗျ ဘယ်လိုလဲ မျက်နှာကလဲ မှိုရလာသလိုပါလား။ ဟုတ်ပါ့ဗျာ ခင်‌ဗျားလူ ခူးကိုးက ကျုပ်ကို သူ့နည်းပညာမူပိုင်ခွင့်ကို သဘောတူညီချက်နဲ့ လွှဲပေးလိုက်ပြီဗျ စျေးပိုပေးတဲ့ တခြားအဖွဲ့အစည်းတွေထက် ကျုပ်ကိုပိုယုံကြည်လို့ဆိုပြီး သဘောတွေကောင်းနေတာ မုတ်ဆိတ်ပျားစွဲတာပဲဗျို့။ ဟာ တယ်ဟုတ်ပါလား ခုလိုကျတော့လဲ .. ကောင်းတာပေါ့ဗျာ ကိုယ့်လူအချင်းချင်းပဲ ညှိညှိနှိုင်းနှိုင်းလုပ်ကိုင်ကြပေါ့ .. လိုအပ်တာရှိလဲပြောဗျာ ကူဖို့အသင့်ပဲ။ ဟိုလူ ဆင်နက်ကြီးကိုလဲ အသိပေးလိုက်ပါအုံး သူလဲသတင်းထူးဆိုတော့ ဝမ်းသာမှာပဲ။ ဟုတ်ပြီဗျာ .. ဒါပဲကိုတိုက်မောင်ရေ ကျုပ်‌တော့ လုပ်စရာကိစ္စတွေ ဆက်လှုပ်ရှားလိုက်အုံးမယ်ဗျို့ .. နောက်ဆို ခုထက်အလုပ်တွေများတော့မှာ .. ဟု ပြောဆိုပြီးလျှင် သွက်လက်ပေါ့ပါးစွာ ထွက်ခွာသွားတော့လေသည်။

 မဟုတ်သေးဘူးဗျ .. ကျနော်တခုခုဖြစ်လာတော့မယ် ထင်နေတယ် ကိုတိုက်မောင် ။ ဟာ ကိုဆင်နက်ကလဲဗျာ အများကြီးလဲ လျှောက်မတွေးပါနဲ့ ကောင်းအောင်အသုံးချရင် နည်းပညာဆိုတာ လူသားတွေတိုးတက်ကောင်းမွန်ဖို့ပဲ ဖြစ်လာမှာပါဗျ။ ဒါတော့ဟုတ်တာပေါ့ကိုတိုက်မောင် ဒါပေမယ့် လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့လဲ မတော်တလွဲအသုံးချပြီး ကိုယ်ကျိုးရှာမယ့်လူတွေလက်ထဲ ခုလိုမှောင်ကုပ်ကုပ်နည်းပညာကြီးက ဘာဖြစ်လာနိုင်မယ်မသိဘူးလေ။ ဒါတော့ ဦးပွား ကြည့်လုပ်တတ်မှာပါ .. သူကစီးပွားရေးသမားဆိုပေမယ့် မကောင်းတဲ့နည်းနဲ့တော့ ပိုက်ဆံရှာတဲ့လူမဟုတ်တာ ခင်ဗျားတို့ကျွန်တော်တို့ အသိပဲမဟုတ်လား။ ခုဆို ကျုပ်တို့မြို့က မျက်စိကုသရေးစင်တာမှာ အလင်းကိုမကြည့်နိုင်တဲ့သူတွေ Photophobia သမားတွေအတွက် နည်းပညာဆင့်ကဲတီထွင်မှုကို အကန့်အသတ်နဲ့လုပ်ပိုင်ခွင့်လွှဲပေးတာတို့ သူလုပ်ပေးနေတာ ခင်ဗျားအမြင်ပဲမဟုတ်လား။ အင်း .. ဒါတော့လဲ ဟုတ်ပါတယ်လေ။ ဘာမှမဖြစ်လာရင်တော့ ဘာမှမဖြစ်ဘူး‌ပေါ့ ဟု ဆင်နက်တယောက် ခပ်လေးလေးပြောရင်း ရေ‌နွေးကြမ်းတခွက်ကို သောက်ပြီး နုတ်ဆိတ်လျက်သာ ရှိလေသည်။

ဒေါက် .. ဒေါက် .. ဒေါက်။ ဘယ်သူလဲ .. ။ မေးခွန်းမေးလျက်နှင့် တံခါးတွန်းဖွင့်လိုက်တော့ ဘုန်းတော်ကြီးတပါး။ ခူးကိုး နဲနဲတော့ ကြောင်တောင်တောင်ဖြစ်သွားသည်။ မိမိမှာ ဤမြို့သို့ရောက်ချိန်မှစ၍ မည်သည့်ဘာသာရေးအဖွဲ့အစည်းနှင့်မှ ပက်သက်မှုမရှိခဲ့ပဲ ခုလိုမနက်စောစောစီးစီး ဘုန်းတော်ကြီးတပါး ‌ရောက်လာသည်ကို အံ့သြကာ .. ဘာကိစ္စရှိလို့လဲဗျာ မေးလေရာ .. ။ အိမ်ထဲဝင်ခွင့်ပြုပါဦး .. သြော်ဟုတ်ကဲ့ ဝင်ပါ အဲ ကြွပါ .. ထိုင်ပါအုံး ကျွန်တော်လဲ ခဏနေ အပြင်သွားတော့မှာမို့ လိုရင်းကိစ္စလေး ပြောစေလိုပါတယ်။ အင်း .. လူတွေများ တယ်လဲလောကြသကိုး .. ဒါကြောင့်လဲ တရားကိုမမြင်နိုင်အောင် ရုန်းကန်ပင်ပန်းနေကြပေါ့ ဟုဆိုလေရာ ဦးပွား အနည်းငယ်စိတ်တိုသွားကာ လိုရင်းပြောဗျာ မနက်စောစီး လာဆူနေသေးတယ် ကိုယ့်ဘာကိုယ် အေးဆေးနေနေတာကို။ ဟုတ်ပါပြီလေ .. ဒီလို .. မောင်ရင်က သိပ္ပံပညာရှင်ကြီးဖြစ်ပြီး မယုံကြည်သူဆိုတာ သဘောပေါက်ပါတယ် ဒါပေမယ့် ခုနောက်ဆုံး မောင်ရင့်ဖန်တီးမှုဟာ စာတန်နတ်ဆိုးကို ပံ့ပိုးမှုဖြစ်နေတာကိုတော့ အသိပေးရမယ့်တာဝန်ရှိလို့ လာခဲ့ရတာပဲ။ ဟာဗျာ .. ဘာတွေလဲ။ အမှောင်သားတွေရဲ့ ကြီးစိုးချယ်လှယ်ရာကို လောကတရားရဲ့ဆန္ဒနဲ့သွေဖယ်ပြီး ခုလိုမိစ္ဆာရောင်စဥ်တွေ ဖန်တီးမှုရဲ့ ရင်းမြစ်ကြီးဖြစ်စေမှုဟာ အပြစ်ကိုဖြစ်စေတယ် မောင်ရင် .. ခုဆိုရင် ဒီမြို့လေးရဲ့ နေ့ခင်းပိုင်းမှာတောင် ကောင်းကင်မှာ အမှောင်ထုတွေလျှံထွက်ပြီး မိစ္ဆာအငွေ့အသက်တွေ ကျုပ်တို့ခံစားသိမြင်နေရတယ်ကွယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် ... အသင်းတော်ကြီးရဲ့ကိုယ်စား မေတ္တာရပ်ခံ ..... ။ ကဲ ချိန်းထားတဲ့ကိစ္စနောက်ကျနေပြီမို့ ဘုန်းတော်ကြီး ပြန်ကြွလိုက်ပါအုံး .. မအားတော့ဘူး .. နောက်ဆိုခုလို ယုတ္တိမရှိတဲ့ ကိစ္စတွေပြောဖို့ဆို မလာပါနဲ့ခင်ဗျာ .. ခူးကိုးမှာ ပြောပြောဆိုဆိုနှင့် ဝင်ပေါက်တံခါးကို ဖွင့်ပေးထားလိုက်သောကြောင့် ဘုန်းတော်ကြီးလဲ ဆက်မပြောသာတော့ပဲ သက်ပြင်းတချက်ချကာ ထွက်ခွာသွားတော့လေသည်။

အဲလိုတွေပေါ့ ဦးပွားရာ .. ။ ခူးကိုးသည် သူ၏အဖြစ်အပျက်ကို ဦးပွားနှင့် ရှေ့ဆက်ထုတ်လုပ်မည့် ပစ္စည်းများအတွက် အစည်းအဝေးလုပ်ရင်း ပြောပြလေရာ ဦးပွားလဲ .. ဟားဟား ခင်ဗျားဆီကိုလာသွားသေးတာလား .. ကျုပ်ဆီလဲ ပြီးခဲ့တဲ့အပတ်က လူတယောက်လာသေးတယ် .. ထူးထူးဆန်းဆန်းပုံဝတ်ထားပြီး ရုပ်တည်ကြီးနဲ့ ပြောသွားသေးတယ် ဘာတဲ့ .. သွေးစုပ်ဖုတ်ကောင်တွေဆီ ဒီနည်းပညာမရခင် ဖျက်ဆီးလိုက်ပါ မဟုတ်ရင် ကျုပ်တို့အားလုံး သေကုန်လိမ့်မယ်တဲ့ ဟားဟားဟား။ တကယ့်လူတွေဗျာ အလုပ်ကိုကောင်းကောင်းမလုပ်ရဘူး အနှောင့်အယှက်တွေဗျ။ ခူးကိုးလည်း လိုက်ရယ်လိုက်သော်လည်း အသံမှာသိပ်မကျယ်လာတော့ပဲ မျက်လုံးများမှာ ဒွိဟဆန်ဆန်ဖြင့် နံရံကိုသာကြည့်ပြီး ငြိမ်နေမိလေသည်။

အလင်းကို Lux , Lumen စတဲ့ unit တွေနဲ့ တိုင်းတာကြသလို ကျုပ်ရဲ့ darkness spectrum နဲ့ intensity ကိုလဲတိုင်းတာတဲ့ ယူနစ်နဲ့ equation ကို မကြာခင်မှာ ကျောင်းသင်ခန်းစာတွေမှာ လေ့လာနိုင်ဖို့အထိ တဆင့်ခြင်း လုပ်ဆောင်နေပါတယ် .. ဒါ့အပြင် .... TV Channel မှာလွှင့်နေတဲ့ မိမိရဲ့ interview ကိုပြန်ကြည့်ရင်း ခူးကိုးကျေနပ်နေတယ်။ ခုဆို မိမိကို တိုင်းပြည်တင်မက ကမ္ဘာကပါ လေးစားနေခဲ့ကြရပြီ။ ငွေကြေးပိုင်းဆိုင်ရာမှာလည်း လိုလေသေးမရှိတော့။ ဦးပွားနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများအရ ပရောဂျက်များမှတခုဖြစ်သော ကားမီးကြီးစူးလျှင် အမည်းရောင်မီးပြန်ထိုးသောစနစ်အား မော်တော်ကားကုမ္ပဏီစာချုပ်ခြင်းတခုထဲနှင့်ပင် တသက်စာထိုင်စားလို့ရပြီဖြစ်သည်။ ထိုသို့သော စိတ်ချမ်းသာမှုများမှာ များမကြာမီတွင် ပျောက်ဆုံးရလေတော့သည်။

မြို့ပြလေး၏ ထိတ်ထိတ်ပြာပြာ မနက်ခင်းတခုပင်ဖြစ်လေသည်။ မြို့၏ အကြီးဆုံးသောဘဏ်ရှိရာ ဘလောက်တခုလုံး ပိန်းပိတ်အောင်ရုတ်တရက်မှောင်ကျသွားသည်။ လူများအုတ်အော်သောင်းနင်း အော်ဟစ်သံများကြားရပြီး ဘာမှမမြင်ရတော့။ လက်နှိပ်မီးများဖွင့်သော်လဲ အလင်းစက်မှုန်ပျပျလေးသာပေါ်လာပြီး တပေခန့်အထိပင် အလင်းရောင်မရောက်ရှိ။ အရေးပေါ်ဥသြဆွဲသံများပေါ်လာပြီး ရဲအဖွဲ့ဝင်များ မီးသတ်အဖွဲ့ ကယ်ဆယ်ရေးအဖွဲ့များမှ လင်းအားပြင်းသော ဆလိုက်မီးများဖြင့် ထိုးစေကာမူ ထိုအမှောင်ထုကြီးကို မည်သို့မျှ ဖေါက်ထွက်နိုင်စွမ်းမရှိပဲ ၁မိုင်ပတ်လည်ခန့်အမှောင်ထုကြီးနှင့် ထိုအထဲမှ အော်ဟစ်တိုးတိုက်မိသံများ ကားအက်စီးဒင့်ဖြစ်သံများသား ကြားနေရလေသည်။ ကိုတိုက်မောင်တို့တစုလဲ လက်ဖက်ရည်ဆိုင်မှ ပြေးလွှားကာ အခင်းဖြစ်ရာနေရာသို့ ရောက်ရှိလာပြီး စိတ်မချမ်းမြေ့ဖွယ် ထူးဆန်းမှုကိုမလှမ်းမကမ်းကကြည့်နေစဥ် ဦးပွား၏ကားနှင့်အတူ ခူးကိုးပါ နေရာသို့ရောက်ရှိလာကြသည်။ ခူးကိုး၏မျက်နှာတွင် မယုံကြည်နိုင်ခြင်း သွေးပျက်ဝမ်းနည်းခြင်းများ ပေါ်လွင်လျှက် .. ဘာတွေဖြစ်ကုန်တာလဲ ပြောပါအုံးဗျ ဟူသော ကိုတိုက်မောင်၏ မေးခွန်းကိုပင်မဖြေနိုင်ပဲ စိတ်ပျက်လက်ပျက်ဖြစ်နေစဥ် အာဏာပိုင်များ၏ မျက်စိမှာ ခူးကိုးတို့လူတသိုက်ထံသို့ ရောက်ရှိလာလေသည်။

အမှောင်ထုကြီး ပျယ်သွားပြီ ... ။ မိနစ် အတန်ငယ်အကြာတွင် မှောင်ပိတ်မှုကြီးကင်းစင်သွားသောအခါ မြင်ကွင်းမှာ ... ။ အခွံသာကျန်ခဲ့သောဘဏ်တိုက်၊ ထိခိုက်ပျက်စီးမှုများ၊ ဒါဏ်ရာရနေသော လူပေါင်းများစွာနှင့် သွေးပျက်‌ကြောက်လန့်ကာ ငိုယိုနေသော ကလေးများ ဆူညံလျက်ရှိကြလေသည်။ စာတန်နတ်ဆိုးနိုးထပြီ အကျိုးဆက်တွေ ခံစားရတော့မည်ဆိုပြီး ခေါင်းခါကာထွက်သွားသော ဘုန်းတော်ကြီး၏ စကားလဲ ခူးကိုး၏နားထဲမဝင်တော့။ သူတို့ လုယူသွားကြပြီ .. အေးလေ ပိုက်ဆံတွေခိုးသွားကြပြီကို .. မဟုတ်ဘူး ... ကျုပ်ရဲ့နည်းပညာကို တယောက်ယောက်ခိုးယူသွားပြီ ဟု ခူးကိုး ကြေကွဲစွာပြောလိုက်လေသည်။ ဒါတွေမပြောနဲ့ ခင်ဗျား စခန်းရောက်မှရှင်းဟုဆိုကာ အမှောင်နှင့်အနီးစပ်ဆုံးသော ခူးကိုးနှင့် ဦးပွားကို အင်တာဝု ရဲအဖွဲ့၏ ဖမ်းဆီးခံလိုက်ရသည်။

ခိုးယူယုံတင်မကဘူး ပိုပြီးပြင်းထန်အောင်လုပ်လိုက်ကြတာဗျ။ ကျုပ်ရဲ့နည်းပညာမှာ အလင်းအားပြင်းနဲ့ထိုးရင် အမှောင်ထုပျယ်နိင်တဲ့အထိပဲဖြစ်အောင် ကန့်သတ်ထားမှုကို သူတို့ဖေါက်ဖျက်ပြီး ဘယ်အလင်းရောင်မှ မဖေါက်နိုင်အောင်မှောင်တဲ့အထိဖြစ်အောင် လုပ်နိုင်သွားကြပြီ။ စခန်းမှုးဒေါသထွက်သွားပြီး ကိုင်းအခုတော့ ဘယ်လိုလုပ်ကြမတုန်း .. ဒီလိုမျိုး ရာဇဝတ်မှုတွေ ဘယ်အချိန် ဘယ်နေရာမှာ ပေါ်လာမလဲမပြောနိုင်ဘူး ခက်ကုန်ပြီ ဟုသာ အော်ဟစ်မောင်းမဲလျက် စိတ်ပျက်နေလေသည်။

နောက်လပိုင်းအတွင်း နေရာအနှံ့ အမှောင်အားကိုး ရာဇဝတ်မှုများ တစတစတိုးပွားလျက်သာရှိပြီး မျက်စိရှေ့တွင်မြင်နေရလျက် မိခါနီးမှ မျက်လုံးပိတ်ခံလိုက်ရသကဲ့သို့ဖြစ်ပြီး မည်သို့မှ လက်ဝယ်ဖမ်းဆီးရနိုင်ခြင်းမရှိချေ။ အနီအောက်ရောင်ခြည်ကဲ့သို့ နည်းပညာများလည်း ထိုအဆင့်မြှင့်တင်ထားသော အမှောင်တုအားမဖေါက်နိုင် အပူလှိုင်းစနစ်လည်း ကောင်းစွာအလုပ်မလုပ်သော‌ကြောင့် မြို့ပြာလေး၏အနာဂါတ်မှာ အကျည်းတန်လျက်သာရှိ၏ ခူးကိုး၏အိမ်ရှေ့တွင်လဲ ဆန္ဒပြမှုများဖြစ်လာသည် ... ခင်ဗျား xင်ယားလို့ခုလိုတွေဖြစ်လာတာ .. ခင်ဗျားကြောင့် .. တာဝန်ဘယ်လိုယူမှာလဲ .. တန်ပြန်နိုင်တဲ့ နည်းပညာ တီထွင်ပေး တီထွင်ပေး .. ပြည်သူ့အလင်းရောင် ပြည်သူ့ပြန်ပေး .. စသဖြင့် ဆူညံစွာထွက်ပေါ်လျက်ရှိလေရာ သူ၏မိတ်ဆွေများလဲ ခူးကိုးထံ တွေ့ဆုံရန်ပင် ခက်ခဲလျှက်ရှိလေသည်။

လပေါင်းများစွာ ကြာခဲ့လေပြီ .. ။ အခြားသောမြို့များမှ လုံခြုံရေးအင်အားများ ကူညီထောက်ပံ့မှုကြောင့် ရာဇဝတ်မှုများ အတန်ငြိမ်သက်သွားသော်လည်း အဆုံးသတ်တော့မဟုတ်သေးချေ။ ဆင်နက်နှင့်တိုက်မောင်လည်း မိမိတို့မိတ်ဆွေအား သွားရောက်ကြည့်ရှုဦးမှကောင်းမည်ဟု တိုင်ပင်ပြီး ခူးကိုးဆီ ထွက်လာခဲ့ကြသည်။ ဗျို့ ကိုခူးကိုး .. ဘာသံမှမကြားရ .. ။ တအိမ်လုံး တိတ်ဆိတ်လျှက်ရှိသည်။ ကျုပ်တို့ ဝင်လာခဲ့ပြီနော် .. ဘာတုန့်ပြန်မှုမှမရှိသည်နှင့် စိတ်ပူပြီး တံခါးကိုဖွင့်ကြည့်ရာ သော့မခတ်ထားသော‌ကြောင့် နှစ်ဦးသား အိမ်ထဲသို့ရောက်လာခဲ့သည်။ အိမ်တွင်းမှာ လူမနေတာကြာပုံပေါက်နေပြီး ဖုန်များပင်တက်လျက်ရှိသည်။ ဒီလူ ဘယ်သွားပါလိမ့် .. ဟိုဟာ သူ့စမ်းသပ်ခန်းမဟုတ်လား သွားကြည့်ရအောင်ဗျို့ .. နှစ်ဦးသား အခန်းထဲသို့ ဝင်လိုက်သော အခါ ........ ..... ...

ဟာ .. ဒါဘာကြီးလဲ .. ဒီဟာကြီးကို သူဘယ်တုန်းက လုပ်ထားပါလိမ့် .. ကိုတိုက်မောင်က ရေရွတ်လိုက်ပြီး အမျိုးအမည်မသိသည့် စက်ကြီးနားသွားလိုက်သည်။ ဒီမှာ စာတစောင်ဗျို့ .. ကိုဆင်နက်ရေ .. ဖတ်ကြည့်လေဗျာ ဘာတဲ့တုန်း .. ။

သည်စာကို ဖတ်နေတဲ့အချိန်မှာ ကျုပ် ခူးကိုးဟာ မရှိတော့ပါဘူး .. သေသွားတာလဲဖြစ်နိုင်သလို သေသွားတာမဟုတ်ဘူးလို့လဲ မှတ်နိုင်ပါတယ်။ ခင်ဗျားတို့မြင်နေရတဲ့စက်ဟာ မဖြစ်နိုင်ဘူးလို့ ထင်ထားခဲ့ကြတဲ့ အမှောင်ရောင်တီထွင်မှုနဲ့တပြိုင်ထဲ ကျုပ်ဖန်တီးထားတဲ့ Time Machine အချိန်ယန္တယားပဲ။ ကျုပ်မစမ်းသပ်ရဲလို့သာ အမှောင်ရောင်ဟာ အရင်ဆုံးအများရှေ့ကိုရောက်ခဲ့တာ။ ကျုပ်ဖန်တီးတဲ့ အမှောင်ရောင်ကြောင့် လူတွေဒုက္ခရောက်ကြရတာမြင်တော့ Time Machine ကို ကျုပ်အသက်နဲ့ရင်းပြီး ထပ်မံစမ်းသပ်ခဲ့တာ အောင်မြင်သွားပါပြီ။ အဲဒါနဲ့ ကျုပ် အတိတ်ကိုပြန်သွားပြီး ပြင်ဆင်မယ်လို့လုပ်ခဲ့တယ်။ တကယ်လဲ‌ရောက်သွားခဲ့တယ်။ ဒါပေမယ့် အချိန်ယန္တယားဆိုတာ ခင်ဗျားတို့ကြည့်ဖူးတဲ့ ရုပ်ရှင်တွေထဲကလိုမဟုတ်ဘူး။ လူကိုသာမက စိတ်ကိုပါ အတိတ်ကအတိုင်းရှိစေတာဖြစ်တဲ့အတွက် ကျုပ်အတိတ်ကိုရောက်သွားတာတောင် ကျုပ်ရဲ့အတ္တတွေကို မပြင်ဆင်နိုင်ဘူး လောဘတွေကိုမတားနိုင်ခဲ့ဘူး မူလလုပ်ဆောင်ချက်တွေကိုပဲ ဆက်လက်လုပ်ဆောင်မြဲလုပ်မိတယ်။ အဲဒီအချိန်ကအတိုင်းပဲ ဘာနောင်တမှလဲ မရနေခဲ့ဘူး။ ဒါနဲ့ အခုခင်ဗျားတို့ရှိနေတဲ့အချိန် ပစ္စုပ္ပန်ဆိုပါစို့ .. အဲဒီအချိန်ကို ပြန်ရောက်ခဲ့ပြန်တယ်။ အချိန်ယန္တယားဟာ တကယ်တမ်းတော့ ဘာကိုမှပြောင်းလဲနိုင်စွမ်းမရှိဘူးဗျ .. ဖြစ်ရပ်တွေတဖန်ပြန်လည်တာပဲရှိတယ်။ ခုတော့ ကျုပ်ဘာမှမပြင်ဆင်ပေးနိုင်တဲ့အတွက် အနာဂါတ်မှာ ကျုပ်ခံရမယ့်အပြစ်တွေဆီကို မစောင့်ဆိုင်းတော့ပဲ ထွက်သွားတွေ့လိုက်ပါပြီ။ ကျုပ်ဟာ နောက်နှစ်ပေါင်းများစွာအထိ ထွက်သွားပြီဖြစ်လို့ သေချင်လဲသေသွားလောက်ပြီ။ ပြီးတော့ ဒီစက်ကိုဖွင့်တဲ့ သော့ကိုပါ တခါထဲယူသွားတဲ့အတွက် ဘယ်သူမှ ဒါကို အသုံးပြုလို့ရတော့မှာမဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ မိတ်ဆွေ ခူးကိုး .. ။

ဟာ ... ဒီလူဗျာ ... တိုက်မောင်နဲ့ ဆင်နက်တို့ နှစ်ဦးသား အသံတိတ်လျက် ငြိမ်သက်နေကြပါတယ်။ သူတို့စိတ်ထဲမှာတော့ ခူးကိုးဟာ တကယ်သေသွားတာလား .. ထွက်ပြေးပြီး ပုန်းရှောင်သွားတာလား .. သူတို့ရှေ့ကဟာကြီးဟာ တကယ်အလုပ်ဖြစ်ခဲ့တဲ့စက်ကြီးလား .. သူတို့ကိုလှည့်စားသွားတာလား .. စသည်ဖြင့် မယုံကြည်နိုင်စွာ အတွေးနယ်ချဲ့တုန်း အဝေးက အရေးပေါ်ဥသြဆွဲသံတခုကို ခပ်တိုးတိုးကြားလိုက်သည့်အတွက် ပြီးခဲ့သည့်အပတ်က လူအချို့ ကိုယ်တွင်းမှသွေးခမ်းခြောက်လျှက် လမ်းပေါ်တွင်သေဆုံးနေမှုများကို ခေါင်းထဲဝင်လာကာ တယောက်မျက်နှာ တယောက်ကြည့်မိလိုက်လေသည် ... 

 

(ဂယက်)

2014 တွင်ရေးထားသောစာကို 2022 တွင် လက်စသတ်ပါသည် ...

 

Monday, April 18, 2016

ဒေါနတောင်တန်းများ၏ အစွန်းတဖက်သို့

အစကတော့ ဒီခရီးစဉ်အကြောင်းကို ရေးဖို့နဲနဲစဉ်းစားမိသေးတယ်၊ ဘာလို့လဲဆိုတော့ မငြိမ်းချမ်းသေးတဲ့ လက်နက်ကိုင်နယ်မြေတခုကို သွားတာဖြစ်ပြီး မဆိုင်ပဲနဲ့ ဟိုလိုဒီလိုတွေ လာပြောတာ မကြိုက်လို့ပါ။ နောက်မှ ကိုယ့်အကျင့်အတိုင်း သွားဖြစ်ခဲ့တဲ့ ခရီးတွေအကြောင်းကို စာလေးနဲ့ရေးပြီး မှတ်တမ်းတင်ထားလိုက်ရမှ နေသာထိုင်သာရှိတာမို့ ရေးသင့်တဲ့ ပြောပြလို့ရတဲ့ အနေအထားလောက် ရေးမယ်လို့ပဲ ဆုံးဖြတ်မိပါတယ်။ တောထဲသွားတဲ့အကြောင်းဆိုတော့လဲ နဲနဲတော့ ပျင်းစရာဖြစ်နေမလားပဲ။

သင်္ကြန်ပိတ်ရက်ရှည် မစခင် ၁ လလောက်အလိုကတည်းက ကျောင်းတုန်းက သူငယ်ချင်းတယောက်က သူတောထဲသွားမယ် လိုက်ချင်လိုက်လို့ရတယ်ဆိုတာနဲ့ ကိုယ့်ဘက်ကလဲ ရေပက်ချင်စိတ်ရော မဏ္ဍပ်ထိုင်ချင်စိတ်ရော လျှောက်လည်ချင်စိတ်ရော မရှိတာကြောင့် လိုက်မယ်လို့အကြောင်းပြန်လိုက်တယ်ပေါ့။ တောထဲသာပြောတာ wild life တွေ ခံစားရမယ်လို့ပဲ သိတယ်၊ တောထဲက စခန်းတွေဆီသွားမယ်လို့သိတယ် ဘယ်နေရာ ဘာစခန်းမှန်းတော့ သေချာမသိခဲ့ပါဘူး။

ဒီလိုနဲ့ သင်္ကြန်ပိတ်ပါပြီ .. ပိတ်ရက်စတဲ့နေ့ပဲ ရန်ကုန်ကနေဘားအံကို တန်းဆင်းဖြစ်တယ်။ ဖြစ်ချင်တော့ အဲဒီနေ့မတိုင်ခင်ညက ရုံးကဘောနပ်စ်ပေးတယ် သွားသောက်ကြမယ်ဆိုပြီး အတင်းခေါ်တာ .. နေသိပ်မကောင်းလို့ မလိုက်ဘူးဆိုတာလဲ မရ။ ဒီလိုနဲ့ နောက်နေ့ ၁ဝနာရီကျော်မှ hangover ဖြစ်ပြီး နိုးလာ၊ အဝေးပြေးလမ်းမပေါ်မှာ အူကြောင်ကြောင် ယောင်တောင်တောင်နဲ့ ကားသာမောင်းနေရတယ် trip mood က မတက်လာဘူး .. အစာလဲမဝင် ရေချည်းလှိမ့်သောက်ပြီး လှုပ်လီလှုပ်လဲ့နဲ့ ဘားအံရောက်သွားတယ်ပဲဆိုပါတော့ဗျာ။

ရန်ကုန်မြို့ပြကို ခေတ္တ နှုတ်ဆက်ခဲ့ပြီလေ

ရောက်သွားအတဲ့အချိန်က နဲနဲမှောင်တော့ တညအိပ်လိုက်ပြီး နောက်နေ့ မနက်ပိုင်း ဘားအံကနေ မြိုင်ကြီးငူတက်ကြတယ်။ ဘားအံမှာသာနေခဲ့ဖူးတာ မြိုင်ကြီးငူဆိုတာ တခါမှကိုမရောက်ဖူးဘူး။ တနာရီကျော်လောက် မောင်းပြီးရော အဲဒီနားက ရွာတရွာမှ ညဝင်အိပ်ကြတယ်ပေါ့။ ရွာခံကပြောတယ် ဒီညပွဲရှိတယ်တဲ့ .. ကွင်းပြင်ကြီးထဲမှာ တဲလေးတွေထိုးထားတာတွေ့တယ် .. ညနေစောင်းဆိုတော့ လူတယောက်မှမတွေ့ရ။ Phone လိုင်းကလဲ Telelor နဲ့ MPT ပဲမိတော့တယ် .. Ooredoo လုံးဝ မရတော့။ မြိုင်ကြီးငူနဲ့ နီးလာလို့များ တိုင်ပေးမထောင်တော့တာလားလို့ တွေးမိတယ်။ အဲသည်ဘက်မှာက ကုလားဆိုရင် ကုလားထိုင်တို့ ကုလားပဲတို့လောက်ပဲ လက်ခံကြတာကိုး။ 

ဘားအံမှ မြိုင်ကြီးငူသို့
  
ဒီနေ့တော့ မဲသဝေါကို သွားဖို့နောက်ကျသွားပြီ၊ လိုင်းကားမရှိတော့ဘူးတဲ့ .. ။ နားနဲနဲကြီးသွားတယ်၊ မဲသဝေါဆိုပဲ .. ကိုယ်သွားရမယ့်နေရာ ကိုယ်အခုမှကြားမိတော့ အရင်တုန်းက မြန်မာ့စစ်သမိုင်းမှာ အထင်ကရ စစ်ပွဲနာမည်ပဲ။ (တကယ်တမ်းက မဲသဝေါဆိုတာ ကိုယ်သွားမယ့် ခရီးရဲ့ အစပိုင်းလေးပဲရှိသေးတာ မသိခဲ့သေးဘူး) မထူးတော့ပါဘူးလေ ဖြစ်ကာမှဖြစ်ရော ရောက်တောင်ရောက်တော့မှာပဲဟာ။ နေ့ခင်းဘက်ဖြစ်နေတော့ အချိန်ရသေးတာနဲ့ မြိုင်ကြီးငူဘက်က ကျုံထော်ရေတံခွန်သွားကြမယ်ပေါ့။ တခါမှလဲမရောက်ဖူးသေးဘူးလေ။ 


ကျုံထော်ရေတံခွန် ရောက်ပါပြီ၊ ရန်ကုန်နဲ့ တခြားနယ်က ကားတွေရော လိုင်စင်မဲ့ကားတွေရော အစုံပဲ
ရေတံခွန်က လှတော့လှတယ်ဗျ။ ဒါပေမယ့် ထုံးစံအတိုင်း လူလာများတဲ့အခါ ဆိုင်ခန်းတွေများလာ အမှိုက်တွေများလာ လူတွေကလဲကြိတ်ကြိတ်တိုးနဲ့ သဘာဝ အလှအပဆိုတာ မှေးမှိန်သွားတာပါပဲ။ ကန်အောက်ခြေကလဲ မညီမညာဆိုတော့ ကျောက်ဆောင်တွေနဲ့ တိုက်မိမှာလဲ စိုးရသေးတယ်။ သင်္ကြန်တွင်းမလာမိတာ တော်တော်ကံကောင်းတယ်ပြောရမယ်။ ကျွန်တော်တို့ရောက်သွားတာ အကြိုနေ့မတိုင်ခင် တရက်လေ။ ဒါတောင် လူတွေဒီလောက်များနေတာ။ (အပြန်ကို အဲသည်ကနေလဲ ဖြတ်ပြန်ရော ကားတွေပိတ်နေလို့ စောင့်လိုက်ရတာ ၁ နာရီနီးပါးပဲ၊ ရန်ကုန်က ကားသမားတွေနဲ့ မတူတာက အဲသည်က ကားသမားတွေ လမ်းပိတ်ပြီဆိုတာနဲ့ ဘေးကိုထိုးချပြီ စက်သတ်ထားလိုုက်တာပဲ၊ ygn နံပါတ်နဲ့ကားတွေကတော့ ရသလောက် တိုးတိုးပြီး ထွက်သွားကြတာ)


လူတော်တော်များတယ်ဗျ၊ ရေထဲဆင်းဖို့ရာ အဆင်မပြေဘူး
ကျုံထော်ကနေ တည်းခိုတဲ့အိမ်ပြန်ရောက်လို့ ညဖက်ရောက်ရော ဆိုလာမီးနဲ့ ဘက်ထရီနဲ့ မီးဖွင့်ကြပြီ .. တချို့အိမ်က မီးစက်နှိုးကြပြီ တဖုန်းဖုန်းနဲ့ ရွာထဲမှာ။ လမ်းမီးလဲမရှိတော့ မှောင်မဲမဲလေးပေါ့လေ။ ကွင်းထဲက သီချင်းသံတွေကတော့ ကြားနေရတယ်။ ပွဲစပြီကိုး။ ဒီလိုနဲ့ လုပ်စရာမရှိ ပျင်းလာတာနဲ့ ပွဲထဲလမ်းလျှောက်ကြမယ်ပေါ့လေ။ ရောက်တုန်းလေး လျှောက်ရိုက်ရအောင် ကင်မရာလေး ကောက်ဆွဲခဲ့တယ်။ စမ်းတဝါးဝါးနဲ့ ရွာလမ်းထဲကနေလျှောက်လာပြီး ပွဲခင်းထဲရောက်တော့ အမယ် လောင်းကစားဝိုင်းတွေက ကွင်းထဲမှာ ၃ ပုံ ၂ ပုံမကဘူးပဲ။ အံစာတုန်းခေါက်တာကနေစလို့ .. အနီတောင်၊ ဂျံုးဂျံုးကျ၊ လေးကောင်ဂျင်၊ အံဂလုံ၊ နာမည်တောင်မခေါ်တတ်တော့တဲ့ ကစားနည်းပေါင်းစုံလို့ပဲ။ 

ဒါလဲ အဆော့များကြတယ်၊ ကျွန်တော်တော့ နားမလည်ဘူး
မီးတွေသွယ်တန်းထားတဲ့ပုံကလဲ သူ့ဟာနဲ့သူဟုတ်လို့။ မီးကြိုးရှည်ကြီးကို တဖက်နဲ့တဖက် တိုင်နဲ့ဆန့်ထုတ်ထားပြီး တဆိုင်ကို ၄ ပေပတ်လည်လောက် နေရာယူကြတော့ ဆိုင်တဆိုင်ရဲ့ မီးချောင်းထွန်းမယ့်နေရာတွေမှာ ဓါတ်ကြိုးကို အကီင်္ျချိတ်တဲ့ ဂျိတ်နဲ့ အဖိုတစ်ချောင်း အမတစ်ချောင်း ထိုးဖေါက်ပြီး အပြင်ကို တန်းလန်းထုတ်ထားတယ်။ အဲဒီနေရာမှာ ဆိုင်လာဖွင့်မယ်သူက ကိုယ့်မီးချောင်းနဲ့ကိုယ်လာပြီး အဖိုကြိုး အမကြိုး ကောက်ချိတ်လိုက်ရုံနဲ့ မီးလင်း ဆိုင်ဖွင့် လာဘ်ခေါ် အမွှေးတိုင်ထွန်း ဖေါက်သည်ခေါ် ဆွဲစားပေါ့လေ။ ကျွန်တော်လဲ ရောက်တုန်းလေးဓါတ်ပုံလျှောက်ရိုက်ပေါ့။


မျှော်လင့်ချက်ကိုယ်စီနဲ့ ရင်းနှီးမြှုပ်နှံကြရင်း ကိုယ့်အာရုံနဲ့ကိုယ်ပေါ့လေ

ညဖက်ရိုက်လို့ကောင်းအောင် f1.8 50mm တပ်ထားတာမို့ ကင်မရာရိုက်ရင် လိုချင်တဲ့မြင်ကွင်းရဖို့ ဟိုကြားတိုးလိုက် ဒီနားကပ်လိုက်လုပ်ရတာကြောင့် တချို့လူတွေ ကျွန်တော့်ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေတယ်။ ဒါက သိပ်ထူးဆန်းမနေတော့တာကြောင့် ကိုယ့်ဖာကိုယ် ရိုက်နေမိတာပါပဲ။ ခြုံကြားထဲရောက်လိုက် လူကြားထဲ မသိမသာတိုးလိုက်၊ တကယ်က သူတို့ကြားမှာ ကိုယ်က သိသိသာသာဖြစ်နေတာ သတိမထားမိလိုက်ဘူး။ ဒီလောင်းကစားတွေက နားလည်မှုနဲ့ ခွင့်ပြုထားတာဖြစ်ပြီး တရားမဝင်ပါဘူး။

အံစာခေါက်ဖို့ ကြေးပြင်နေကြတဲ့ မျိုးဆက်သစ်လေးတွေ

ကလေးတွေ ငယ်သာငယ်တာ လောင်းကစားနဲ့ အတော်အသားကျနေပြီဗျ။ ဒါကိုကြည့်ရုံနဲ့တော့ သူတို့အနာဂါတ် မကောင်းဘူး ဘာညာတော့ ပြောလို့ရမယ်မထင်ဘူး။ ကိုယ်တွေလဲ ငယ်ငယ်က ဒါမျိုးမဟုတ်ရင်သာနေမယ် လောင်းကစားဆိုတာကို နည်းအမျိုးမျိုးနဲ့ လက်တည့်စမ်းခဲ့တာပါပဲ။ ကလေးတွေရဲ့ ဆင်ခြင်တုံတရားကို လျှော့တွက်လို့မရတဲ့အပြင် အဲဒီနယ်ဘက်က လူတွေရဲ့ ပညာရေးကို အလေးထားပုံကို ခင်ဗျားတို့သိရင် အံ့သြသွားလိမ့်မယ်။ သူတို့တွေဟာ လမ်းပန်းဆက်သွယ်ရေးအရရော နယ်မြေအေးချမ်းမှုအရရော နောက်ကျကျန်နေတဲ့ဒေသကို တိုးတက်အောင်လုပ်ဖို့ဆိုရင် ပညာရေးကသာ လုပ်ပေးနိုင်မယ်ဆိုတာ ကောင်းကောင်းကြီး သဘောပေါက်ထားကြတယ်။ လူငယ်တော်တော်များများဟာလဲ စီးပွားရေးလုပ်သူမဟုတ်ရင် ယိုးဒယားဘက်မှာ ကျောင်းသွားတက်ပြီး အမြင်ကျယ်နေတဲ့သူတွေ အတော်များများရှိပါတယ်။

ရိုက်ကောင်းကောင်းနဲ့ လျှောက်ရိုက်နေတာ .. ခဏလဲနေရော လူတချို့အနားကိုလာဝိုင်းတယ်၊ ကရင်လိုတွေ ဝူးဝါးလာပြောတယ်၊ ကိုယ်မှနားမလည်တာ ဘာမှပြန်မပြောပဲ ပြန်ရှိုးနေရုံပဲပေါ့။ အဲဒီမှာ ကိုယ်တွေကို ခေါ်လာပေးတဲ့ညီလေးက ကရင်လိုရှင်းပြနေတယ် (နောက်မှသူပြန်ပြောတာ) ဒါဂျပန်နိုင်ငံက ဒီဇိုင်နာပါ .. ဒီဂျိုင်နာဆိုတာဘာတုန်း .. ပုံဆွဲတယ်ပေါ့ .. သူကဘာလို့ဓါတ်ပုံရိုက်တာလဲ .. သူ့နိုင်ငံမှာ ဒါမျိုးမရှိလို့ အမှတ်တရရိုက်တာပါ ပေါ့ .. အဲလိုပြောလိုက်တော့ လူကြီးပုံပေါက်တဲ့သူက လျှော်သွားပြီး မလှမ်းမကမ်းကနေ အကဲခတ်နေတယ်။ တခြားလူတွေကို ကိုယ့်ကို အုံနေပြီ .. အဲဒီညီလေးက english လိုပဲကိုယ့်ကို ပြန်ရှင်းပြတယ် အကိုမြန်မာလိုမပြောနဲ့ ဒီလိုပဲ မသိချင်ယောင်ဆောင်နေတဲ့ .. အခုရိုက်လို့ရလားဆိုတော့ ရတယ် ရိုက် တဲ့ .. ဒါပေမယ့် ဘယ်လိုမှ မလွတ်လပ်တော့ဘူး .. ဘေးနားက ချိန်တော့လဲ .. ဟာ ဒီလူဒီနားကဆို ဆိုင်တန်းတခုလုံးပါနေပြီ ဆိုပြီး မြန်မာလိုတွေ နောက်ကနေပွားနေတယ် .. တော်ပြီ ပြန်တော့မယ် .. အခြေအနေမဟန်ဘူး။

တည်းတဲ့အိမ်လဲပြန်ရောက်ရော ရွာလူကြီးကဆီးပြောတယ် ငါ့လူတွေ သွားရတာအဆင်ပြေရဲ့လားဟေ့ .. ဒီမှာတော့ သတင်းထူးတယ် ဆရာတို့ရောက်တဲ့ခုနလေးကပဲ ပွဲထဲမှာ ဂျပန်အဖွဲ့ ဓါတ်ပုံလာရိုက်လို့ဆိုပဲ အဟေး .. တဲ့ .. ။ အဲ .. အဲဒါကျွန်တော်တို့ပါပဲ ပြောတော့ ဟေ အဲလိုလားတဲ့ .. ဘာမှမဖြစ်စေရဘူး ရိုက်သာရိုက်ပါလေ လို့တော့ပြောတာပဲ။ သတင်းက တန်းပို့ပြီးသား ဒီလူတွေ။

ညဖက်အိပ်ကြပြီးတဲ့အခါ မနက်ရောက် ငှားထားတဲ့ကားနဲ့ မဲသဝေါကို ရွေ့ကြတာပေါ့။ 4x4 ကားတွေတောင် တချို့နေရာမှာ တလိမ့်ချင်းရုန်းကန်တက်ရတယ်၊ လမ်းတွေပျက်စီးနေပြီ။ ဂိတ်တွေကလဲ များတယ်၊ DKBA, BGF, အစိုးရတပ် .. အဆင့်ဆင့်ဖြတ်ကျော်ပြီး မဲသဝေါရောက်ပါပြီ။

ကျွန်တော်တို့ ဒါ ယိုးဒယားဘက်ခြမ်း ရောက်နေပြီ၊ ဟိုးဘက်က စေတီလေးက မဲသဝေါ မြန်မာပြည်ဘက်ခြမ်း

ယိုးဒယားဘက်ကမ်းပေမယ်လို့ ကရင်တွေချည်းပါပဲ။ အဲသည်မှာ သုံးစွဲဖို့ ဘတ်ငွေလဲတယ်။ ကရင်အဖွားကြီးဆိုင်မှာ ထမင်းစားတယ်။ ခဏနေတော့ ငှားထားတဲ့ စက်လှေနဲ့ သောင်ရင်းမြစ်ကို စုန်ဆင်းခဲ့ကြတယ်ပေါ့ဗျာ။ ရေစီးက အတော်ကြမ်းတယ်ဗျ။ အောက်က ကျောက်ခဲတွေတောင် ပွတ်တိုက်လိမ့်ဆင်းပါများလို့ လုံးချောလေးတွေဖြစ်နေတာမြင်ရတယ်။ တချို့ကျောင်ဆောင်တွေကတော့ ချွန်ထက်နေတာပဲ။ သောင်ရင်းမြစ်ထဲမှာ လှေနှစ်စီးဆုံရင် တစ်စီးကဘေးကပ်ရှောင်ပေးရတယ်။ မြစ်ကအတန်ကျယ်ပေမယ့် လှေသွားလို့ရတဲ့ ရေကြောက ကျဉ်းပါတယ်။ အထာမသိပဲမောင်းရင် ကျောက်ဆောင်နဲ့တိုက်မိပြီး လှေမှောက်နိုင်ပါတယ်။ 

စစ်အတွင်းက လေယာဉ်ပစ်သေနတ်တွေ တပ်ဆင်ထားပြီး ဗိုလ်မြ စခန်းထိုင်ခဲ့တဲ့ တောင်လို့လဲဆိုပါတယ်

လှေမောင်းတဲ့သူဟာ ရေပြင်ပေါ်က လှိုင်းတွေအနေအထားကိုကြည့်ပြီး အတိမ်အနက် ရေကြောင်းကို သိရပါတယ် (မသိလဲ ကျွန်တော်တို့ ပြန်တောင်ရောက်မှာမဟုတ်)။ လှေတစ်စင်းနဲ့တစင်း တွေ့ရင် တစ်စင်းက ဘေးနားကပ်ပေးရလောက်အောင် ရေကြောင်းကျဉ်းတဲ့နေရာတွေလဲရှိပါတယ်။ ကင်မရာဘက်ထရီကို ချွေတာနေရတာကြောင့် တချို့နေရာတွေရဲ့ ပုံကို ကောင်းကောင်းမရိုက်နိုင်ခဲ့ဘူးပေါ့ဗျာ



လှိုင်းတွေကြမ်းတယ်၊ ယောင်လို့မှ အဲဒီဘက် လှေမရောက်လိုက်လေနဲ့ အောက်က ကျောက်ဆောင်က လှေကိုထိုးခွဲသွားလိမ့်မယ်


ပုံထဲကလူတွေဟာ ငါးဖမ်းကြသူတွေပါ။ လှိုင်းကြမ်းတော့ ပိုက်ကွန်သုံးလို့မရဘူး။ လက်မှာ မှိန်းလိုမျိုး သံချွန်ကို မောင်းတင်ပြီး ရေထဲ ကျောက်ဆောင်တွေနားမှာ ငုပ်ပြီး ငါးကိုအနီးကပ်ထိုးရတာပါ။ လွယ်တော့မလွယ်ဘူး ရေငုပ်တက်ရတာပေါ့ဗျာ။ ခြေချော်လက်ချော် မျောလို့ကတော့ ကျောက်ဆောင်နဲ့ မိတ်ဆက်ပြီပဲ။ ဒေသခံတွေကတော့ ကျွမ်းကျင်နေတာပဲ။

သူးမွဲထ (ခ) သူးမွဲထာ ဒေသ

သောင်ရင်းမြစ်ဆုံးလို့ သံလွင်မြစ်ထဲရောက်တာနဲ့ ရေကမကြည်လင်တော့ဘူး၊ မြစ်လဲပိုကျယ်သွားတယ်။ အပေါ်ပုံကတော့ သူးမွဲထာ ဒေသဖြစ်ပါတယ်။ မြိုင်ကြီးငူဆရာတော်က KNU ကို မေတ္တာရပ်ခံပြီး တည်ထားတဲ့ဘုရားလို့လဲ သိရပါတယ်။ မေတ္တာရပ်ခံတယ်လို့ သုံးလိုက်ပေမယ့် အခြားသော အကြောင်းအရာတွေကို ဖတ်ချင်သေးရင်တော့ ဒီမှာရှိပါတယ်။
http://parsithan.blogspot.com/2012/06/blog-post_9906.html


သံလွင်မြစ်ထဲရောက်တော့ ရေစီးပုံက တမျိုးပြန်ဖြစ်သွားပါတယ်။ အစုန်အဆန်ပြောင်းသွားတဲ့အပြင် မြစ်ပြင်ကလဲ ကျယ်တယ်။ တချို့နေရာမှာ လှိုင်းလုံးတွေကြီးတာကြောင့် life jacket ကိုပါ ဝတ်ထားရပါတယ်။ မော်တော်စက်သံလျှော့လိုက်တာနဲ့ ရေလှိုင်းသံတွေပါ ကြားနေရတဲ့ သံလွင်မြစ်ရဲ့ ရေစီးအကြမ်းဆုံးနေရာတွေပါ။ မြစ်ကွေ့တွေများတဲ့အတွက် ဝဲဂယက်တွေ မကြာခဏတွေ့ရပါတယ်။ သွားဖူးသမျှ မြစ်ကြောင်းခရီးတွေထဲမှာ လှေအမြန်ဆုံး ရေအသန်ဆုံး စီးရတဲ့ခရီးပါပဲ။

ကျွဲမှောင်ခို၊ ကျွဲတင်တဲ့လှေတွေ အကြီးကြီးပဲ

ဒေသခံတချို့ရဲ့ ကျွဲမှောင်ခိုလုပ်နေကြပုံဖြစ်ပါတယ်။ တစ်စီးကို ကျွဲ ၁ဝ ကောင်လောက် တင်နိုင်တဲ့လှေ ၂ စီးနဲ့ ကျွဲတွေကို ဆွဲတင်နေကြတာပါ။ ဟိုဘက်ကမ်းကို သွားရောင်းမယ်လို့သိရပါတယ်။ မှောင်ခိုလို့ဆိုပေမယ့် သူ့ဒေသ သူ့ပုံစံအရတော့ လုပ်ရိုးလုပ်စဉ်လိုပါပဲ။ ကိုယ်မွေးတဲ့ကျွဲကို ကိုယ်ရောင်းချင်တဲ့နေရာမှာ ရောင်းတာပေါ့လေ။ နိုင်ငံရပ်ခြားသွားရောင်းတာ တခုပဲ။

ဒီလိုနဲ့ နေ့တဝက်လောက် လှေစီးပြီးသကာလ ကျွန်တော်တို့ရဲ့ ဦးတည်ချက်သို့ ရောက်ချိန်မှာ ညနေ ၄ နာရီ ၅ နာရီလောက် ရှိပါပြီ။ လမ်းမှာ စစ်စခန်းပေါင်းများစွာ ဖြတ်သန်းလာပြီးမှ ရောက်လာတဲ့နေရာက KNDO တပ်မဟာ xx တဲ့ဗျာ။ အင်း ... ရောက်တော့မှလဲ ရောက်တယ်ပဲ သဘောထားပါတယ်ပေါ့လေ။ ခေါ်လာတဲ့သူတွေကပြောတယ် မြို့ပေါ်ကအကြောင်းတွေ မပြောနဲ့တော့တဲ့၊ ကရင်လူမျိုးဖြစ်တယ်၊ ဘားအံမှာပဲနေလို့ ကရင်လိုမတတ်ဘူး၊ ကျောင်းဆရာလုပ်တယ်ပဲပြောပါတဲ့။ အိုခေပါပေါ့။ မြန်မာလို့ပြောရင် ဘာရယ်မှမဟုတ်ပေမယ့် ပတ်ဝန်းကျင်စိတ်ချရမှုအပိုင်းမှာ လျော့ကျသွားနိုင်တယ်လေ။ တပ်ရင်းမှုးနဲ့ မိတ်ဆက်ပေးမယ် ခဏစောင့်ပါ ခုနက မှာထားတာ မမေ့နဲ့နော် သတိထပ်ပေးသွားသေးတယ်။ ရှိန်ပြီလေ .. ။ တွေ့သမျှ သေနတ်တွေနဲ့။

ခဏနေတော့ လာခေါ်တယ်၊ တပ်ရင်းမှုးစောင့်နေတယ်တဲ့။ သူ့ကို english လို သိပ်မပြောနဲ့နော် သူနားမလည်ဘူးတဲ့။ ကိုယ်တွေကလဲ ပြောရင်စကားမှားမှာစိုးလို့ သွားပဲဖြဲပြ ခေါင်းညိတ်ပဲလုပ်ရတာပဲ။ ကရင်လိုမှ မတတ်တာကိုး။ နောက်တော့မှ သူလဲ သူတတ်သလောက် မြန်မာလိုပြောပါတယ်။ ခင်ဗျားတို့အနေနဲ့ ဘယ်လိုမှ ထင်ထားမိမှာမဟုတ်တဲ့ ဘုရားစူးတပ်ရင်းမှုး။ စကားပြောတာ သိပ်ပွင့်လင်းတယ်။



နေပူစပ်ခါး တနေကုန်လျှောက်သွားနေလို့ ကျွန်တော်တို့ရောက်ပြီး နောက်တရက်မှာ မျက်စိနာနေလေရဲ့။ သူ့အိမ်က ဟိုးအနောက်က ခုံအနီလေးနားမှာ၊ တံခါးမပြောနဲ့ အကာတောင်မရှိဘူူးရယ်။ ရေချိုးတော့လဲ သူ့အဝတ်သူလျှော်တယ်၊ ထမင်းစားတော့လဲ ကိုယ့်ပန်းကန်ကိုယ်ဆေးတယ်၊ တချိန်လုံး သူ့ရဲဘော်တွေကို တတွတ်တွတ်နဲ့ မှာနေတာပဲ ဘာတွေပြောလဲတော့ မသိ။ တခါတလေ အပြင်က နယ်မြေတာဝန်ခံတွေလာရင် တိုးတီးဆွေးနွေးကြတယ်။ ဂြိုလ်တုဖုန်းတလုံးနဲ့ တခါတခါ ပြောနေတာတွေ့တာပဲ။ 
သူ့အိမ်နဲ့ကပ်လျက်က တန်းလျား .. စစ်တပ်မှာဆိုရင်တော့ အဘအိမ်ဘေးနားက အရာရှိအိမ်ယာပေါ့လေ၊ အဲသည်မှာပေးအိပ်တယ်။ ထမင်းစားတဲ့နေရာနဲ့လဲ နီးတော့ အဆင်ပြေတယ်လေ။

တောကောင်သားတွေတော့ ရဲဘော်တွေလက်စွမ်းပြကောင်းတာကြောင့် တောကြောင်သား၊ မျောက်သား၊ ဆတ်သား အပြင်ကို ဝက်သားပါကျွေးလိုက်သေးတယ်။ ရှိတော့လဲရှိသလိုစား မရှိတော့လဲ အဆင်ပြေသလို စားကြရတာပေါ့ဗျာ။ နောက်ဆုံးညကဆို ထမင်းစားပြီး လက်ဆေးတော့ ဆပ်ပြာမတွေ့ဘူး . ဒီလိုပဲ ရေနဲ့ဆေးရသေးတယ် လက်က စင်နေပြီ .. တမျိုးပဲ ဆပ်ပြာမလိုပါလား ထင်နေတုန်း ပြန်စဉ်းစားကြည့်တော့ ကိုယ်စားတဲ့ဟင်းတွေမှာ ဆီမှ မပါတာ။ ကြက်ဥပြုတ်ရယ် ဟင်းရွက်ပြုတ်ရည် ကင်မွန်းရွက်တာလပေါ့လိုထင်တာပဲ အဲဒါနဲ့စားတာကိုး ဆပ်ပြာဘယ်လိုမလဲ .. မီးကလဲ မီးစက်ဆီကုန်လို့ ပျက်နေတာကြောင့် တန်းလျားပေါ်ပဲ ပြန်တက်အိပ်ပေါ့။

ကျွန်တော်တို့ရောက်ရောက်ချင်းညအိပ်လို့ နောက်နေ့မနက်လင်း ဘရိတ်ဖတ်စ်က ထမင်း .. နောက် ညစာလဲ ထမင်း ၊ နှစ်နပ်ပဲ ဒါပဲရမယ်။ ကိုယ်တွေက အစားအသောက်လဲ မက်စက်လှတယ်မဟုတ်တော့ သိပ်ပြဿနာမရှိခဲ့ပေမယ့် အဆာပြောစားချင်တဲ့အခါတော့ ဒုက္ခနဲနဲများတယ်။ ခဏနေတော့ ဆရာတို့ သေနတ်ပစ်မလားတဲ့ .. ပစ်မှာပေါ့ အဲဒါပစ်ချင်လို့ လိုက်လာတာပဲဟာ။ စစ်သားတစ်ယောက် သေနတ်လွယ်ပြီးရောက်လာတယ်။ လိုက်ခဲ့တဲ့ .. မောင်းတင် ကျည်ထိုး လုံခြုံရေးခလုတ်ဖြုတ် ချိန် .. ပစ် .. ထောင်း ... လွဲတယ် .. ။ သေနတ်ဆိုတာ ဂိမ်းထဲမှာသာ ပစ်ဖူးတာမို့လို့ ပေ အစိတ်လောက်က ခြံစည်းရိုးမှာ တန်းစီစွပ်ထားတဲ့ နို့ဆီခွက်တွေ တလုံးမှကိုမထိတာ။ အဲဒါနဲ့ အဲသည်နေ့ လက်တည့်စမ်းပြီး နောက် ညကျရင် အမဲလိုက်ထွက်မယ် လိုက်ခဲ့တဲ့။ အသွားချည်း ၅ နာရီလောက် လမ်းလျှောက်ရမယ်၊ တောင်တွေတက်ရမယ်၊ အမဲမရရင် မိုးလင်းမှ ပြန်ရောက်မယ်တဲ့။ နဲနဲတော့ ကျွတ်ကျဲသွားပေမယ့် ဒီလိုအတွေ့အကြံုရချင်လို့ လိုက်ခဲ့တာမို့ သွားမယ်လို့ ပြောလိုက်တယ်။

ချိန်တာတော့ အတည့်ပဲ ၊ ကျည်ဆံကပဲ စောင်းပြီးထွက်သွားသလား မပြောတက် 

နေ့ခင်းလောက်လဲရောက်ရော သတင်းတခုကြားရော .. မြစ်ထဲလူတယောက်မျောသွားတယ် .. တပ်ထိပ်ကင်းသမားတွေ့လို့ စက်လှေနဲ့ချက်ချင်းလိုက်တာ မမှီတော့ဘူး၊ လူပျောက်စစ်ကြပါ ဘယ်တပ်ကပျောက်သလဲပေါ့။ စခန်းထဲမှာ နဲနဲလှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ အဲသည်မှာ တခြား စစ်သင်တန်းလာတက်နေတဲ့ တပ်တွေ (နာမည်တော့မပြောတော့ဘူး) လဲ ရှိတာကိုး။ လူစာရင်း စာရွက်တွေကိုင်ပြီး ဟိုဒီပြေးနေကြ .. နောက်ဆုံးတော့ ဟုတ်တယ်။ နယ်ခံတပ်ကမဟုတ်ပဲ တခြားတပ်ကရဲဘော် ခွင့်ပြုချက်မယူပဲ တယောက်ထဲ ရေဆင်းချိုးတာ မြစ်လယ်ကိုရောက်သွားတာလား မြစ်ကို အထင်သေးပြီး ဟိုဘက်ကမ်းကူးကြည့်တာလား မသဲကွဲဘူး .. မြုပ်တော့မှ လှမ်းအော်တော့ မမှီတော့ဘူးလေ။ ကျွန်တော်တို့ ပြန်လာတဲ့နေ့အထိ ပြန်ပေါ်လာတဲ့သတင်း မကြားတော့။

ခဏနေတော့ အသားညိုညို ထောင်ထောင်မောင်းမောင်းနဲ့ လူသုံးယောက် ကျွန်တော်တို့နဲ့ စကားပြောနေတဲ့ တပ်ရင်းမှုးဆီလာတယ် .. အလေးပြုပြီး ကျွန်တော်တို့ သင်္ကြန်ပွဲဖိတ်ချင်ပါတယ် .. အေး ကောင်းပြီလေကွယ် .. အဲဒါနဲ့ မိုးဗြဲဒယ်လေးငှားချင်လို့ပါ .. မိုးပြဲတယ် .. ဘာလယ် မရှိဘူးရော် .. မိုးဗြဲဒယ်အိုးပါ .. မိုးပြဲဒယ်အိုးတော့မရှိဘူး ဒယ်အိုးအကြီးကြီးပဲရှိတယ် အထဲမှာသွားကြည့် နင်တို့လိုချင်တာဟုတ်လား .. ဟုတ်ကဲ့ ဒါမိုးဗြဲဒယ်ပါခင်ဗျ ကျေးဖူးတင်ပါတယ်။

နောက် အဲသည်လူတွေလဲပြန်သွားရော တပ်ရင်းမှုး သူ့ဘာသူလေ့ကျင့်နေတယ် .. မိုးပြဲ .. မိုးဗြဲ .. အင်း .. ဒယ်အိုးအပြဲကို ခေါ်တာပဲ .. မိုးဗြဲ .. ။ စကားတွေ မတူဘူးနော့ .. ။

ကျွန်တော်တို့ရောက်နေတဲ့နေရာက အတွင်းကျနေတာမို့ ကင်မရာထုတ်ကိုင်ဖို့ကို အရမ်းဝန်လေးမိတယ်။ ပြီးတော့ ကိုယ့်ကိုခေါ်လာတဲ့ တပ်တခုထဲမကဘူး တခြားသော မြန်မာဆို မကြည်တဲ့ တပ်တွေပါရှိနေလေတော့ ပိုဆိုးတယ်။ သူတို့အချင်းချင်းတောင် ၂ ဖွဲ့ကွဲနေတဲ့ တပ်ဆိုတော့ ကင်မရာထက် သေနတ်ကိုင်ထားရင်တောင်မှ သံသယအကြည့်ကနေ လွတ်သေးတယ်။ အဲသည်တော့ ဓါတ်ပုံတွေ ကောင်းကောင်းမရိုက်ဖြစ်ခဲ့ရဘူး ဆိုပါတော့ဗျာ။

အဲသည်မှာ ဒုက္ခအရောက်ဆုံးအချိန်က နေထွက်လာတာနဲ့ စတာပဲ .. အပူချိန် ၄ဝဒီဂရီမှာ လေငြိမ်သွားပြီဆို ငုတ်တုတ်ထိုင်ရင်းကို ချွေးတွေစီးကျလာတာ။ သောက်စရာရေအေးကလဲမရှိ။ ရေကျက်အေး (အမြဲပူနွေးနေ) နဲ့ ရေနွေးကြမ်းပဲရှိတယ်။ ရေကျက်အေးကို ဂါလံပုံးနဲ့ထည့်ထားပြီး ဝါးဆစ်ခွက်နဲ့ ထည့်သောက်ရတယ်။ နောက် ပါးစပ်က ရိုးအီလာတော့ ရေနွေးကြမ်းတခွက်ထဲကို ပျားရည်တဇွန်းခပ်ပြီး ထိုင်သောက်။ မီးကမရှိတော့ လုပ်စရာမရှိ၊ နေ့ခင်းဘက်တွေဆို မြို့ပေါ်က ဘဝနဲ့ ဘာမှကိုမဆိုင် ဘာမှကိုလုပ်စရာမရှိ။ လေ့ကျင့်ကွင်းကို သွားကြည့်ဖို့ရာလဲ မနက် ၄ နာရီကစကျင့်ပြီး ကိုယ်တွေထ တဲ့ ၆ နာရီလောက်ဆို သူတို့က နားသွားပြီ။ နောက် ညနေစောင်းလောက်မှ ထပ်လေ့ကျင့်ကြတယ်။

ဟိုဟိုဒီဒီလဲ ကိုယ့်ဘာသာလျှောက်မကြည့်ရဲဘူး။ မိုင်းတွေထောင်ထားတယ် လျှောက်မသွားပါနဲ့တဲ့။ အဲသည်တော့ ဆေးလိပ်ထိုင်သောက်လိုက် ရေသောက်လိုက်နဲ့ နေ့ခင်းဖက်တွေကို ဖြတ်သန်းတာပေါ့။ ညနေစောင်းတော့မှ သေနတ်သွားပစ်ကြပြန်။ သွားတဲ့လမ်းမှာ ရှေ့ဆုံးက စစ်သားက သေနတ်ကိုလွယ် နောက်ကနေ ကိုယ်တွေအဖွဲ့လိုက်နေတုန်း တောထဲကနေ ချိုးချိုးချွတ်ချွတ်နဲ့ တောကောင်တောတိုးတဲ့အသံကြားလို့ အားလုံးရပ် .. ထပ်ဆုံးက စစ်သားက သေနတ်နဲ့ ထိုးချိန် .. ကျွန်တော့်ရှေ့ကတစ်ယောက်ကတော့ နောက်ပြန်လှည့်ပြေးပြီ .. ဘယ်သူလဲ သိမှာပေါ့ ။ နောက်ကျမှ တခြားတပ်က ငှက်ပျောလက် တက်ခွာနေတဲ့ စစ်သားဖြစ်နေတယ်။ ပစ်မယ့်နေရာရောက်တော့ ဓါတ်တိုင် ၁ တိုင်လောက်အကွာက သစ်ပင်မျာ သစ်ရွက်ကို ငုတ်နဲ့စိုက်၊ ကျည်ထိုး ချိန်တယ် လက်ကလှုပ်နေတယ် .. ပြောင်းက ရမ်းခါနေတာပဲ။ ထိန်း ... လျှိုထဲမှာဆိုတော့ ချေမှုန်းရေးရိုင်ဖယ်သံက ဟိန်းထွက်နေတာပဲ။ အမှန်က စစ်ကားတွေထဲမှာ တဖေါင်းဖေါင်းကျွေးနေတဲ့ ချေမှုန်းရေးရိုင်ဖယ် assault rifle - M16 ရဲ့ မျိုးဆက်တွေဖြစ်ပုံရတယ်။ ကံကောင်းတာက ပစ်သမျှထဲမှာ သစ်ရွက်ကို မမှန်ပေမယ့် သစ်ပင်ကိုတော့ တချက်ထိသွားလို့ တော်သေးတာ။ တပ်သားသစ်တွေ လက်ရည်ကိုတော့ မှီပါတယ်တဲ့။



ဒါကတော့ ဘာမှမဟုတ်၊ ကျွန်တော်တို့ ညနေတိုင်း ရေဆင်းချိုးတဲ့ သံလွင်မြစ်ကမ်းဘေး 


ကင်မရာ လွတ်လွတ်လပ်လပ်ရိုက်လို့ရတာ ဒီလိုနေရာလေးပဲရှိတယ်။ အိမ်ပြန်ရောက်လို့ google earth မှာ ပြန်ကြည့်ကြည့်တော့ အဲသည်တောင်တန်းတကြောမှာ စစ်စခန်းတွေ အများကြီးပဲ။ တောင်တန်းတွေဖြစ်လို့ မြေမညီတာကြောင့် လေ့ကျင့်ရေးကွင်းတွေဟာ မြေပြန့်တဲ့နေရာတွေမှာ ခွဲဖြန့်ပြီး နေရာချထားရတယ်လို့ ဆိုပါတယ်။

အပေါ်မှာပူသလောက် သံလွင်မြစ်ရေက စိမ့်နေအောင် အေးပါတယ်။ ဟိုစစ်သားမြောသွားတဲ့အချိန်က နေ့ခင်းဘက်ဆိုတော့ အပူနဲ့အအေးတွေ့ပြီး ရှော့ခ်ပဲဖြစ်သလား ကြွက်ပဲတက်တာလားတော့ မပြောနိုင် .. သွားရှာပြီ။ ညဖက်ရောက်တော့ အဲသည်ရဲဘော်ရဲ့ စခန်းဘက်ကနေ ဆုတောင်းသံ ဝတ်ပြုသံလိုအသံတွေကြားရတယ်။ သူတို့ဘာသာဓလေ့အရနဲ့တူပါတယ်။ အဲသည်လို့နဲ့ ကျွန်တော်တို့ ညဖက် အမဲလိုက်မယ့်အစီအစဉ်က မဖြစ်ခဲ့တော့ဘူးပေါ့ဗျာ။ ကံကောင်းတယ်ပဲပြောရမလား ကံဆိုးတာပဲခေါ်မလား။

သည်လိုမျိုး စနိုက်ပါနဲ့ ဆင်တွေ ကျားတွေပစ်မယ် မှန်းထားသော်ငြားလည်းပေါ့လေ

မနက်မိုးလင်းပြန်ပါပြီ နောက်တရက်၊ မြစ်ကမ်းနားဘက်မှာ ဆုတောင်းသံတွေကြားပြန်ပြီ၊ ရိုးရာဓလေ့တွေ ဓါတ်ပုံသွားရိုက်ချင်ပေမယ့်လည်း မြိုသိပ်ထားရပြန် ... အဲ ခဏနေရင် ဟိုဘက်တပ်က ဖိတ်ထားတဲ့ သင်္ကြန်အလှူ သွားရအုံးမှာပဲ။ တောလမ်းထဲ ၁ဝ မိနစ်လောက် လျှောက်ပြီးတဲ့အခါ ဧည့်သည်တပ်ရဲ့ ကန်တင်းခေါ်မလား အဲသည်ကိုရောက်တယ်။ လမ်းမှာ တောင်ကျရေကျခဲ့တဲ့ ချောင်းရာကိုဖြတ်တော့ အမြင့်က လူ ၂ ရပ်နီးပါးနက်တာကို ဝါးလုံးနှစ်လုံး ဖြတ်ထိုးထားတာ။ သွားနေကြလူတွေကတော့ ဘတ်ဘတ်နဲ့ ဟိုဘက်ရောက်သွားတာပဲ .. ။ ကိုယ်တွေကတော့ ၁ဝပေးလောက် ဝါးလုံးတန်းကို အကာအကွယ်မရှိတော့ ဂဏန်သွား လှုပ်လီလှုပ်လဲ့ပေါ့ ။ ဟိုဘက်ဧည့်သည်တပ်နဲ့မတူဘူး ဒီဘက်က ဧည့်သည်တပ်တွေက ဖော်ရွေတယ်။ ဟေး ယောက်ဖလာ ခဏထိုင်နော် .. ဖျော်ရည်သောက်ဦး။ ခဏနားတဲ့နေရာမှာ ကြံသကာခဲတွေ သင်္ဘောသီးတွေ ဆေးပေါ့လိပ် ဆေးရွက်ကြီး ကွမ်းယာနဲ့ ထုံး အစုံပဲ။ ဆရာသမားတွေကလဲ ဒီလောက်တောထဲမှာဖြစ်တာတောင် ရှူးဖိနပ် (စစ်ဖိနပ်မဟုတ်) တွေနဲ့ ဂျင်းဘောင်းဘီဖင်ကျပ်တွေနဲ့ တချို့ဆို မျက်နှာတွေတောင် ဖြူတာတွေဘာတွေလိမ်းလို့ ရှိုးအပြည့်။ handy cam နဲ့ ဗီဒီယိုလိုက်ရိုက်တဲ့သူတောင် ရှိသေး။ ဒီလူတွေနဲ့တော့ .. သူ့ camera အသိမ်းခံရင် ကိုယ့်ပုံတွေ ပါပြီးသားပဲ တတ်နိုင်ဘူး။

ကျွန်တော်တို့က မုန့်တီစားရမယ်ထင်နေတာဗျလို့ပြောတော့ ဟား မုန့်တီက နေ့တိုင်းစားနေရတာ ယောက်ဖရေ .. ဒါကြောင့်အပြောင်းအလဲပေါ့တဲ့။ အစပ်တော့လျှော့ထားပေးပါတယ်တဲ့။ (ဒါတောင် အတော်စပ်တုန်း)  ဝက်သားနဲ့ ငပိရည်နဲ့ တို့စရာနဲ့ တောအလှူပေါ့ဗျာ .. မနက်ပိုင်းကြီးဆိုတော့ သိပ်မစားနိုင်ဘူး။ စားပြီးတော့ စကားထိုင်ပြောကြ .. ကိုယ်ရောက်နေတာ ဒေါနတောင်တန်းပေမယ့် သူတို့ကြားရောက်နေတော့ တခြားဒေသရောက်သွား သလိုလို။ ကိုယ့်ရှိတာလေးနဲ့ ပျော်အောင်နေနေရတာပဲလေ သူတို့ခံယူထားတဲ့ သမိုင်းပေးတာဝန်အရ တောထဲစစ်ထဲရောက်နေပေမယ့်လည်း ဖေါ်ရွေမှုကတော့ သိသာပါတယ်။

သူတို့နဲ့မတည့်တဲ့ တခြားဧည့်တပ်ကတော့ မူရင်းနယ်ခံတပ်တွေဖယ်ထားပေးတဲ့ နေရာကောင်းရထားတယ်။ အဲသည်မှာ ဆောင်းဘောက်တွေ အသံချဲ့စက်တွေနဲ့ဆိုတော့ တရက်လုံး ဒစ်စကိုတွေ ရော့ခ်တွေနဲ့ သောင်းကျန်းနေကြတာပဲ။ သင်္ကြန်ဆိုတော့လဲ ဒီလိုပဲ လူကြီးတွေလဲ နားလည်မှုပေးထားရတာပါပဲ။ ညဖက်ကျတော့ ဖိတ်သေးတယ်။ ပုံမှန်အားဖြင့် အဲသည်ဒေသမှာ အရက်သေစာ လုံးဝသောက်စားခွင့်မရှိပါဘူး။ လက်နက်ကိုင်တပ်တွေ များတော့ စိတ်လွတ်ပြီး မထိန်းနိုင်ဖြစ်မှာစိုးလို့ အရက်ဘီယာ လုံးဝပိတ်ပင်ထားပါတယ်။ ဒါပေမယ့် သင်္ကြန်ကာလဖြစ်လို့ ညဘက်ခေါက်ရည်သောက်ဖို့ ခွင့်ပြုထားတာမို့ ဖိတ်တာပါ။ မသွားဖြစ်ပါဘူး ဒီလူတွေမူးပြီး သောင်းကျန်းနေမှဖြင့်။


ကျွန်တော်တို့ မန်မန်စားရာ စားပွဲ

နောက်ဆုံးတော့ ကိုယ့်နေရာကိုယ်ပြန်လာမှ သက်တောင့်သက်သာရှိသွားတယ်။ ဘာလုပ်မလဲ ဆေးလိပ်ထိုင်ဖွာ ရေထိုင်သောက်ပေါ့။ ရဲဘော်လေးတွေ ကိုယ့် စကားလာပြောရှာပါတယ်။ ဒါပေမယ့် သူတို့ပြောတာ ကိုယ်နားမလည်။ တချို့က မြန်မာလိုပြောတယ် .. အဲဒါကိုတောင် နားမလည်ဖြစ်နေတာ။ ဆေးလိပ်လာတောင်းသောက်ရင်း ရဲဘော်ကပြောတယ် ခြေလိုခမလာ .. ဟင် .. ခြေလိုခ မလာ .. အဲ နားမလည်ဘူး .. ဘာပြောတာလဲ .. ခြေလိုလေ ခြေလိုခ မလာ လို့ .. ဟျောင့် မင်းကို ခြင်းလုံးခတ်မလားမေးနေတာတဲ့ ပါလာတဲ့အဖေါ်ကပြောတော့မှ အော် သူဒါပြောပါလား နားလည်တော့တယ် ... ။ မခတ်တော့ဘူး ပူအိုက်လို့ .. တကယ်က မခတ်တတ်တာ ဟဲဟဲ။

ဟေ့ ဒီမှာ မိတ်ဆက်ပေးရဦးမယ် .. ဒါကော့ကရိတ်မြို့တာဝန်ခံ ဗိုလ်မှုးဘယ်သူလေ .. တာဝန်နဲ့လာတာ။ ဖထီးက မိတ်ဆက်ပေးတယ်။ ဗိုလ်မှုးသာဆိုတယ် ခဏနေတော့ ဗိုက်ဆာလို့ ပန်းကန်ဆွဲပြီး အပေါ်ပုံထဲကစားပွဲမှာ ဆောင့်ကြောင့်ထိုင် ထမင်းခဲနဲ့ ဟင်းရည်ဆမ်းပြီး ထမင်းထိုင်စား ပြီးတော့ တိုးတီးတိုင်ပင် ပြီး ပြန်သွားတာပဲ အေးရာအေးကြောင်း။

ပြန်ခါနီး တပ်ရင်းမှုးနဲ့ အမှတ်တရပေါ့ - နောက်ထပ်ဆုတ်ရင် ကတုပ်ကျင်းပဲ

တောထဲက တပ်မဟာဖြစ်လေတော့ ရိက္ခာလဲ မပြည့်စုံလှပါဘူး။ ထောက်ပံ့ရေးလဲ လောက်လောက်လားလား မတွေ့ရဘူး။ မြို့ပေါ်တာဝန်ခံတို့ တချို့သယံဇာတထွက်တဲ့ ဒေသတာဝန်ခံ ရာထူးအလယ်အလတ် အရာရှိတွေသာ ချမ်းသောနေသော်ငြားလည်း အခုတွေ့ခဲ့တဲ့ တပ်ရင်းမှုးလို တောထဲက စခန်းမှာထိုင်ပြီး ချို့ငဲ့နေတာတွေလဲ ရှိပါတယ်။ ကျွန်တော်လဲ သူတို့ကို အားပေးတဲ့အနေနဲ့ ကိုယ်တတ်နိုင်သလောက်ပေါ့လေ .. တပ်ရင်းမှုးတွေကိုပေးတဲ့ နာရီ KNDO တံဆိပ်နဲ့ limited ထုတ်ထားတဲ့ နာရီတလုံး အားပေးခဲ့လိုက်သေးတယ်။

နောက်ထပ်တောင်းဆိုတာက အသုံးပြုပြီး ဖတ်ပြီးသားဖြစ်တဲ့ ဗဟုသုတရဖွယ် စာအုပ်တွေ လူကြုံများရှိခဲ့ရင် ပို့ပေးဖို့မှာပါတယ်။ စာကြည့်စင်လေးရှိတယ် အားလုံးပေါင်းမှ စာအုပ် ၃ဝ မပြည့်လောက်ဘူူး။ လိုအပ်နေတာကြောင့် ဖြည့်ဆည်းပေးဖို့ မှာပါတယ်။ English လိုထက် မြန်မာလိုရေးထားတာမျိုး ပိုကောင်းကြောင်း ဒီကစစ်သားတွေက English လို တတ်တာ နည်းကြောင်း ပြောပြပါတယ်။ ရယ်စရာအနေနဲ့ ဟိုတချိန်က american စစ်သားတွေ သူတို့ကို စစ်သင်တန်းပေးတော့ တပ်ရင်းမှုးက ညစာစားချိန်မှာ သူ့စစ်သားတွေ အခြေအနေဘယ်လိုရှိလဲ ဘယ်လိုမြင်လဲ မေးမိသတဲ့။ သူမျှော်လင့်တာက ကရင်စစ်သားတွေ သနားဖို့ကောင်းတယ် ရိုးသားတယ်ပေါ့ အဲလိုပြောမလားထင်မိပါတယ်။ ဘယ်မဟုတ်မလဲ .. ဟာ မင်းတို့စစ်သားတွေကို ရိုက်ချင်တယ် .. အမိန့်နာခံမှုအားနည်းတယ် poor discipline တဲ့ ... အဲဒါတစ်လုံးတော့ သူမှတ်မိတယ်ဆိုပဲ .. ဖြစ်မှဖြစ်ရလေ ဖထီးရယ်။ ငါတို့ကရင်တွေ စစ်တိုက်ရင် အသေအကျေသာတိုက်တာ သင်တန်းပေးရင် အသေမောင်းရတယ်ကွယ် တဲ့။ 

သေချာတာကတော့ သူတို့တွေ စစ်မဖြစ်ချင်ကြတော့ပါဘူး။ စစ်ကြောင့် ဒေသတိုးတက်မှု နှောင့်နှေးရတယ်။ လမ်းပန်းဆက်သွယ်မှု ခက်ခဲရတယ်။ ကုန်သွယ်မှု မဖြစ်ထွန်းဘူး။ ဘာကြောင့်လက်နက်ကိုင် တော်လှန်ရသလဲဆိုတဲ့ သမိုင်းကြောင်းတွေကတော့ လေ့လာကြည့်ကြပါတော့ဗျာ။ သူတို့ဟာ ပြည်သူကိုဗဟိုပြုသူဖြစ်တယ်။ အခု ကြံစည်နေကြတဲ့ သံလွင်မြစ်ကို ဆည်ဆောက်ဖို့ကိစ္စကိုလဲ လုံးဝကန့်ကွက်ထားတယ်။ ပြည်သူတွေလက်မခံရင် သူတို့လဲလက်မခံကြောင်း ပြောပြပါတယ်။

ဒီလိုနဲ့ပဲပေါ့လေ .. ကျွန်တော်တို့ရဲ တောတွင်းခရီးစဉ်ကတော့ ၃ ရက်လောက်နဲ့ပဲ နိတ္ထိတံလိုက်ကြပါတယ်။ နို့မို့ဆို လူလဲ တောပုန်းရုပ်ပေါက် .. မြစ်ရေတွေဆင်းချိုးလို့ ယားလိုယား .. ညဖက် ဖြုတ်လား ဘာလား အကောင်တွေကိုက်လိုကိုက်နဲ့ မလွယ်ပါဘူး။ ပြန်ပြီလေ နောက်တနေ့။

လှေပေါ်တက်ခါနီးကျတော့ တခြားတပ်ကလူက ဗိုလ်ကြီးတက်တက် ဒီနားလာထိုင်တဲ့ ။ သူတို့မှာလဲ တပ်တွေကများ လူဝင်အထွက်များတော့ ဘယ်သူက ဘာကောင်မှန်းမသိတော့ ဒီလိုပဲ လူစိမ်းမြင်ရင် ဗိုလ်ကြီးခေါ်သလားမပြောတတ်။ တပ်လှေနဲ့ လမ်းခရီးတထောက်အထိ လမ်းကြံုလိုက်ရတာပေါ့ဗျာ။ အဲဒီကမှတဆင့် ငှားထားတဲ့စက်လှေနဲ့ ခရီးဆက်ပေါ့။

အပြန်လမ်းမှာ စက်လှေအရှိန်လျှော့သွားလို့ ကမ်းဘေးကိုကြည့်တော့ ကရင်အဝတ်အစားတွေနဲ့ မိသားစုတခုဖြစ်ပုံရတယ် ငုတ်တုတ်လေးတွေ ထိုင်လို့။ လှေသမားက ကမ်းကပ်ပေးလိုက်တော့ ကျွန်တော်ထင်တာက လှေကြုံလိုက်မယ်ပေါ့။ ဘယ်ထိလိုက်မလဲမသိ။ လူကများနေရင် လှေဝမ်းနဲ့ ကျောက်ခဲတိုက်ဦးမှာပဲ စဉ်းစားမိနေသေးတယ်။
နောက်ကျတော့ သူတို့တွေ လှေပေါ်တက်လာတယ်။ လှေသမားက ကမ်းကခွာလိုက်ပြီ .. ဘယ်လိုလဲ လှေက ဟိုဘက်ကမ်းကို ပြန်ကပ်တယ်။ အဲသည်တမိသားစုလုံး ဟိုဘက်ကမ်းကို ကူးမလို့ တရက်လုံးနေမှ ၁ စီး ၂ စီးလောက်သာ လာတတ်လေ့ရှိတဲ့ စက်လှေတွေကို စောင့်နေရတာကိုး။ မလွယ်ပါလားနော်။ 

သောင်ရင်းမြစ်ကို ဆန်တက်တာ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးဗျ။ သွားနေကြ ခရီးသည်ဦးလေး တစ်ယောက်ပါလို့တော်သေးတယ်။ လှေခါးထစ်ရေစီးသလို ဖြစ်နေတဲ့နေရာတွေမှာ သူက လှေဦးတက်ထိုင်ပြီး လှေကိုလှုပ်ရမ်းပေးမှ ရေစီးပေါ်ကို အရှိန်နဲ့ဆန်တက်နိုင်တာ။ အကယ်၍ သူသာမပါခဲ့ရင် ကျွန်တော်တို့ချည်းနဲ့ လှေသမားတစ်ယောက်ထဲနဲ့ဆို သက်သာမယ်မထင်။ တနေရာမှာ နောက်က လှေသမားစကားသံကြားလို့ လှည့်ကြည့်မိတော့ အမယ်လေး ဆင်ကြီးဟ .. ကြိုးခတ်ထားတာလဲမရှိ ဘလိုင်းကြီး လှေနဲ့ ပေ ၃ဝ လောက်အကွာမှာ ရေချိုးနေတာ .. ဆင်ရိုင်းလား ဘာလားမသိဘူး .. ခပ်တည်တည်ပဲ ကိုယ်တွေကိုရှိုးနေတာ .. တော်သေးတယ် လှေသာအဲသည်ဘက် မျောသွားရင် ပြားပြီလေ။

မနက်ပိုင်းကတည်းကစထွက်လာတော့ နေခင်းမွန်းလွဲချိန်မှာ မဲသဝေါပြန်ရောက်ပါပြီ။ သင်္ကြန်အတြတ်နေ့ဆိုတော့ လိုင်းကားကလဲ စျေးတင်ပါသည်။ ဆိုင်ဆိုင်မဆိုင်ဆိုင်.. ။ အဲ .. ဂိတ်ကနေအထွက် မဏ္ဍပ်က လမ်းပိတ်ပြီး ရေလောင်းမယ်လုပ်တယ်။ ကိုယ်တွေက ကားခေါင်းခန်းထဲမှာ မှန်ပိတ်ထားတော့ ကားသမားဘက်ကနေ မှန်ဖွင့်ခိုင်းတယ်။ ကားသမားမဖွင့်ပေးတော့ လမ်းပေါ်က ခဲလုံးနဲ့ ရွံ့နဲ့ကျုံးပြီး ကားမှန်ကိုပွတ်ပါရော .. အဲသည်တော့မှ ကားသမားလဲ ပြံုးပြံုးနဲ့ မှန်ချပေးရတယ် ..။ ဟုတ်နေတာပဲ သူ့အရပ်နဲ့သူ။ ကားကလဲ လိုင်စင်မဲ့ဆိုတော့ သည်းခံနိုင်မှာပေါ့လေနော .. ။

သည်လိုနဲ့ပဲ လမ်းတလျှောက်က ရွာတွေ မြို့တွေက မဏ္ဍပ်တွေမှာ အရိုင်းပန်းလေးတွေ ဒွန့်နေတာကြည့်ရင်းနဲ့ ဘားအံသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်ပေါ့ ခင်ဗျာ။ ထိုမှတဖန် ညအိပ်ပြီး ရန်ကုန်ရွှေမြို့တော်သို့ ဒုတိယအကြတ်နေ့ ညနေပိုင်းပြန်ရောက်ပါတယ်။ အတတ်နေ့တရက် ရန်ကုန်သင်္ကြန် ဘာလဲ ဘယ်လဲ လှည့်ပတ်ကြည့်ရင်းနဲ့ပဲ ဒီနှစ်အတွက် ခရီးစဉ်တခု တခန်းရပ်သွားခဲ့ပါတယ်။