တိမ်တောင်ကမ်းပါးစွန်းက
ငါ့အဖီလေး
နေခလို့ ကြွေကျသွားပြီကွယ်….
ကောင်းကင်ထက်
အလွှာလိုက်စီးဆင်းမှုတွေထဲ
နွေနွေမိုးမိုးဆောင်းဆောင်း
အပြောင်းကြီးပြောင်းပေးနေရတာ
ဟိုတိမ်မှီခို ဒီတိမ်မှီခို
မျက်နှာမွဲမှာ
ပူနွေးတဲ့မိုးစက်တွေစို....
မရွာချလိုက်ပါနဲ့ဦးကွယ်
ကြိုတင်ပြင်ဆင်ထားခြင်းမရှိတဲ့
မသိခြင်းတရားတွေက
၀င်ရိုးစွန်းတစ်ခုလုံး
အုံကျင်းဖွဲ့လို့
ရောင်စုံညနေမိုးသားထဲ
မျက်ရည်ဝဲလို့....
ထပ်ဖန်တလဲလဲ
မငိုပါရစေနဲ့တော့လေ
ဘဝမှာ
တကြိမ်တခါ
အသည်းအသန်
ရှိုက်ကြီးတငင်
ပြီးရင်
တော်ပါပြီ....
စနစ်တကျခေါက်သိမ်းခွင့်မရလိုက်တဲ့
နေအဝင်မျက်လွှာအချ
ပိပိရိရိလှည့်မထွက်လိုက်ရတဲ့
မှောင်ရိဖြိုးဖျ
ဘာတဲ့လဲ
ဟန်ဆောင်ဖုံးကွယ်လို့ မမှီလိုက်တဲ့ဘဝ....
တိမ်ကမ်းမှာ အိမ်အလွမ်းတွေငွေရောင်တောက်ပြီကွယ်
သူမရဲ့လက်တစ်စုံနဲ့
ယက်ဖွဲ့ထားတဲ့ကောင်းကင်
ဘယ်မှာလဲ
ကျေးဇူးပြုပြီး တိမ်ငှားခတွေ
စျေးမတက်လိုက်ပါနဲ့
မအိုမနာမသေခင်လေး
သူမပေးတဲ့ တိမ်တစင်းနဲ့
ရွက်လွှင့်ခွင့်မရခင်လေး
ကျေးဇူးပြုလို့ပါ....။
ဂယက်
No comments:
Post a Comment